ကိုဗစ်ထောင်မိသူများ

0
129
ကိုဗစ်ထောင်မိသူများ

တကယ်တော့ သူတို့ ပျော်နေရ သင့်သည်။ ယခုအချိန်ဆိုလျှင် မိသားစု နှင့်အတူ ပျော်ပျော်နေရသင့်ပြီ ဖြစ်သည်။

ထောင်ကလွတ်ပြီဆိုသော်လည်း ကပ်ဘေးအကြား နောက်ထပ် နံရံလေး ဘက်အကြားသို့ ထပ်ရောက်ရပြန်သည်။ သူတို့မှာ ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သည်။

ထိုင်းနိုင်ငံရှိ အချုပ်၊ အကျဉ်းထောင် တို့မှ အသီးသီး ပြန်လည်လွတ်မြောက် ခဲ့ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀ဝ နီးပါးမှာ ကော့သောင်းမြို့ တစ်ဖက်ကမ်းရှိ ရနောင်းမြို့တွင် ထိန်း သိမ်းခံထားရသည်။

ပြန်လည် လွတ်မြောက်သူတို့အား သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲအပ်ရာတွင် ကိုဗစ်ကပ်ဘေးအတွင်း အခက်အခဲ အတားအဆီး အချို့ကြောင့် မြန်မာ အလုပ်သမားများ ဆက်လက် ထိန်းသိမ်းခံနေရခြင်း ဖြစ်သည်။

အဆိုပါ အထိန်းသိမ်းခံ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနက် မြိတ်ခရိုင် တနင်္သာရီမြို့နယ်နေ အသက် ၃၀ နှစ်ကျော်ရှိ ဦးစိုးနိုင် (အမည်လွှဲ) တစ်ဦး ပါဝင်သည်။
ဦးစိုးနိုင်သည် ယာဉ်တိုက်မှုကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်း လန်စွမ်းခရိုင် လန်စွမ်းအကျဉ်းထောင်တွင် ခြောက်လခန့် ပြစ်ဒဏ်ခံရပြီး ပြန်လွတ်လာပြီ ဖြစ်သည်။

ထိန်းသိမ်းခံနေရသည့်အချိန်တွင် ထောင်မှ အစားအသောက်များ ကျွေးမွေးခဲ့သော်လည်း အဝတ်အစား၊ အသုံးအဆောင်နှင့် အခြားလိုအပ်သည်ကို ဝယ်ယူရသည်။ ယင်းအတွက် အသုံးစရိတ်ကို မြန်မာနိုင်ငံ ပြန်မှာခဲ့ရကြောင်း ဦးစိုးနိုင် က ပြောပြသည်။

လန်စွမ်းထောင်မှာ ထိန်းသိမ်းခံရစဉ် အခက်အခဲများစွာ မတွေ့ခဲ့ရ။ သို့သော် ရနောင်းသို့ လွှဲပြောင်းပေးပို့ သည့်အချိန်မှ စပြီး ထောင်ကျနေသည်နှင့် ထူးမခြားနား အခြေအနေနှင့် ရင်ဆိုင်နေ ရကြရသည်။

ထိန်းသိမ်းရေး စခန်းတွင် ရွှေ့ပြောင်း အလုပ်သမားဦးရေ များပြားသည့်အတွက် တစ်ခန်းလျှင် ခြောက်ဆယ်ဦး ခန့်အထိ နေထိုင်ရသည်ဟုဆိုသည်။

ထိန်းသိမ်းခံရသူတို့တွင် အများဆုံး ၇ နှစ်ကြာအထိ သူများလည်း ရှိကြသည်။ တနင်္သာရီတိုင်း အတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်း မြို့ပေါ် နေသူများ ပင်လယ်ကျေးရွာဘက် နေသူတို့လည်း ပါဝင်ကြသည်။

ထိန်းသိမ်းခံနေရသည့် အချိန်တွင် လက်ကိုင်ဖုန်းကိုင်ခွင့်မပြုခြင်း၊ ဖုန်း အသုံးပြုပါက သိမ်းဆည်းခြင်းနှင့် မိသားစုဝင်တို့ လာရောက်တွေ့ဆုံပါက ဘတ်ငွေတစ်ရာပေးရသော်လည်း အချိန် ငါးမိနစ်ခန့်သာ တွေ့ခွင့်ပေးခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

မြန်မာဘက်သို့ မလွှဲပြောင်းမီ ထိန်းသိမ်းထားသည်ဟုဆိုသော်လည်း ထောင်ပြန်ကျအလား ခံစားနေရကြောင်း ဦးစိုးနိုင်က ရင်ဖွင့်သည်။

အချုပ်ကျ၊ အကျဉ်းကျသူကဲ့သို့ ဖြစ်နေသည့် အခြေအနေတွင် ခိုးကြောင် ခိုးဝှက်ဖြင့် လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ပြင်ပသို့ ဆက်သွယ်ပြောဆိုရ သည်။ ဖုန်းအသုံးပြုနေကြောင်း ထိုင်း တာဝန်ရှိသူများ သိရှိပါက ဖုန်းသိမ်းခံ ရမည်ဖြစ်သည်။

ထောင်မှ စလွတ်သည့်နေ့မှစ၍ လက်ရှိ ရနောင်းမြို့တွင် ထိန်းသိမ်းခံထားရသည့် အချိန်အထိ အသုံးစရိတ်အတွက် တနင်္သာရီမြို့နယ်ရှိ နေအိမ်မှ အကြိမ်အကြိမ် ငွေလွှဲပေးခဲ့ရာ ဘတ်ငွေ တစ်သောင်းကျော် (မြန်မာငွေ လေးသိန်းကျော်) အထိ ရှိနေခဲ့ပြီဖြစ်သည်။

“ငွေလိုလို့ မကြာမကြာ လွှဲပေးနေရတာ ခုချိန်ထိ ပြန်မရောက်လာသေးဘူး” ဟု ဦးစိုးနိုင်၏ အစ်မဖြစ်သူက ပြောသည်။

ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ် သမားများအား ကူညီဆောင်ရွက်ပေးသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) တစ်ခုရှိသည်။ ကိုဗစ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်သို့ အဆင်ပြေစွာပြန်လည် ရောက်ရှိနိုင်ရေးအတွက် နှစ်နိုင်ငံတာဝန် ရှိသူတို့အကြား ယင်းဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးနေသည်။

ထိုင်းဘက်မှ ပုံမှန်အတိုင်းပြန်လာ သူ ၅၀ ကျော်နှင့် အချုပ်၊ အကျဉ်းထောင်တို့မှ လွတ်မြောက်လာသူ ၁၄၉ ဦးတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လည်းကောင်း၊ ရနောင်းခရိုင်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၃၉ ဦး တို့အား ဒီဇင်ဘာလ ၂၃ ရက်နေ့က လည်းကောင်း မြန်မာ နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံမှ သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများအား မြန်မာဘက်သို့ ရောက်ရှိလာပါက စောင့်ကြည့်ရေးစခန်း ဝင်ကြရမည်ဖြစ်ပြီး စခန်းအသီးသီးရှိ ဝင်ဆံ့နိုင်သည့် လူဦးရေအလိုက် အကြိမ်ကြိမ်ခေါ်ယူ လွှဲပြောင်းနေကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံမှ သိရသည်။

ရနောင်းတွင် ထိန်းသိမ်းခံထားသည့် ကာလတစ်လျှောက် ထိုင်းတာဝန် ရှိသူတို့က အမည်စာရင်း အကြိမ်ကြိမ် လာ ရောက်ကောက်ယူသော်လည်း ဦးစိုးနိုင်ကား လွှဲပြောင်းစာရင်းတွင် မပါဝင်ခဲ့ပေ။

“မမျှော်လင့်တော့ဘူး။ လွှတ်ချင်တဲ့ အချိန်လွှတ်တော့ ထောင်မှာဆိုရင် လွတ်တဲ့ ရက်သိသေးတယ်။ ဒီမှာဘာမှမသိရဘူး” ဟု ဦးစိုးနိုင်က ပြောသည်။

မြင့်မိုရ်(မြိတ်)