ကိုဗစ်ကာလ ကဏန်းမဲဈေး ပြန်တက်

0
164
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလတွင် ကဏန်းမဲဈေး တစ်ပိဿာကျပ်တစ်ထောင့်ငါးရာခန့်ပြန် တက်လာသည်ဟု ထားဝယ်မြို့ အခြေစိုက် ရေထွက်ပစ္စည်းရောင်းချသူအချို့ထံမှ သိရသည်။

ကိုဗစ်ကပ်ဘေးမဖြစ်မီက ကဏန်းမဲ တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀ မှ ၁၀ဝ၀ဝ ဝန်းကျင်ခန့်ရှိသော်လည်း ကိုဗစ် ပထမ လှိုင်းဖြစ်သည့်အချိန်တွင် တစ်ပိဿာ ကျပ် ၆၀ဝ၀ အထိ ထိုးဆင်းသွားကြောင်း ထားဝယ် ကမ်းနားလမ်း၊ မြောင်းပုလဲ ရပ်ရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်မှ ဒေါ်မီးမီးက ဆိုသည်။

ယခု နှစ်ဆန်းပိုင်းမှ စတင်၍ ဝယ်လိုအား အနည်းငယ်ပြန်တက်လာသဖြင့် တစ်ပိဿာ ကျပ် ၇၅၀ဝ အထိ ဈေးပြန်ရလာသည်ဟု မမီးမီးက ပြောသည်။

“အခု ထားဝယ်မှာ ဝယ်နေသူတွေ က မြိတ်ကန် မွေးဆိုဒ်ကို ပို့တယ်။ ဆိုဒ်ကြီးတာတွေကိုလည်း ရန်ကုန်ပို့တယ်၊ ကဏန်းမွေးတဲ့ ကန်တွေကို ပြန်ပို့တယ်၊ အချိန်က ကဏန်းလည်း နည်းနည်း ပါးပါးရှားလာတယ်။ ကန်တွေကလည်း လိုတယ်ဆိုတော့ ဈေးနည်းနည်း ပြန် တက်လာတာပေါ့” ဟု ဒေါ်မီးမီးက ဆိုသည်။

ကိုဗစ်ကာလတွင် ရေလမ်း၊ ကုန်းလမ်းခရီးများသွားလာရခက်ခဲခြင်း၊ ဝယ်လိုအားနည်းသွားခြင်း၊ ဈေးကျလာခြင်း၊ နိုင်ငံခြားသို့ တင်ပို့ရန်ခက်ခဲခြင်း များဖြစ်ပေါ်နေသော်လည်း ပြည်တွင်း ဈေးကွက်ရှိ ကဏန်းမွေးကန်များမှ ဝယ်လို အားရှိနေသဖြင့် ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း ကဏန်းမဲ ရောင်းဝယ်နေသူ တို့ ထံမှ သိရသည်။

“အခု ဒုတိယလှိုင်းမှာက နွေလည်း နွေပေါက်လာတော့ ဈေးနည်းနည်းပြန် တက်လာတာပေါ့” ဟု ရေထွက်ပစ္စည်း ရောင်းချသူ ဦးခင်လှိုင်က ဆိုသည်။

မိုးရာသီတွင် ကဏန်းမဲ အရများပြီး နွေတွင် ကဏန်းမဲ အရနည်းသည်ဟု ဒေါ်မီးမီးက ဆိုသည်။

နွေကာလတွင် ကဏန်းမဲရရှိမှုနည်း လာခြင်း၊ မွေးကန်များတွင် လိုအပ်နေခြင်း၊ ဈေးကွက်ဝယ်လိုအား ရှိနေသဖြင့် ကဏန်းမဲဈေး တစ်ထောင့်ငါးရာခန့် တက်လာခြင်းဖြစ်သည်ဟု ဒေါ်မီးမီးက ဆိုသည်။

ကဏန်းမဲကို တနင်္သာရီတိုင်းအတွင်းတွင် မွေးမြူပြီး ရန်ကုန်ဈေးကွက်နှင့် ထိုင်းဈေးကွက်သို့လည်း တင်ပို့ရောင်းချသည်ဟု သိရသည်။

ကိုဗစ်ကာလတွင် ရေထွက်ပစ္စည်း အများစုမှာ သုံးပုံး တစ်ပုံခန့် ဈေးကျနေသည်ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးကျော်သက်က ပြောဆိုသည်။

မိုးမြင့်