ကုန်ထုတ်လမ်းပြင်ရန် ရှင်မုတ္ထီးက လယ်သမားများအခက်တွေ့

0
154
Dawei Watch, Dawei News, Dawei News Media

ရှေးဟောင်းနေရာ ဖြစ်သဖြင့် ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာ အနောက်ဘက်မှ ပေါက်တိုင်းချောင်းဘက် သို့သွားသည့် ကုန်ထုတ်လမ်း တစ်မိုင်ခန့်အား အဆင့်မြှင့်တင်ရန်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံအချို့ ထံမှ သိရသည်။

ယင်းလမ်းသည် ထော်လာဂျီတစ်စီး စာသွားရန်ပင်မလောက်ဘဲ ကျဉ်းမြောင်းနေခြင်း၊ ယင်းလမ်းပေါ်ရှိ တံတား တစ်စင်းမှာ ပျက်စီးလာနေခြင်းတို့ကြောင့် လမ်းအဆင့်မြှင့်တင်ပြုပြင်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံ တောင်းဆိုထားကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းလမ်းသည် ရှေးဟောင်းလမ်း နေရာဟုဆိုကာ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ် ဌာနခွဲ) က လမ်းဖောက်ခွင့်မပေးဟု ဒေသခံတို့က ထင်မြင်ယူဆနေကြသည်။

ဇန်နဝါရီလ ၁၃ ရက်က ရှင်းမုတ္ထီး ကျေးရွာတွင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာ အချို့နှင့် ဒေသခံတို့ ရှင်မုတ္ထီးမြို့ဟောင်းကိစ္စ ဆွေးနွေးချိန်တွင် အဆိုပါကုန်ထုတ်လမ်း ကိစ္စ တစ်ဘက်နှင့်တစ်ဘက် စကားအချေအတင်ပြောဆိုသည်အထိ ဖြစ်ပွား ခဲ့သေးသည်။

“ရွာသားတွေက ကုန်ထုန်လမ်း ဖောက်ဖို့ တင်တောင်းတယ်။ သူတို့က တော့ ဒါကရှေးဟောင်း အမွေအနှစ်ဖြစ်တယ်၊ ထိန်းသိမ်းဖို့ဆိုပြီးပြောတယ်။ အဲဒါနဲ့ ရပ်သူ၊ ရွာသားနဲ့ ရှေးဟောင်း စောင့်ရှောက်ရေးနဲ့ နည်းနည်းပဋိပက္ခ ဖြစ်သလိုတော့ဖြစ်သေးတယ်” ဟု ရှင်မုတ္ထီး ရွာသူ ဒေါ်စန္ဒာဝင်းက ဆိုသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) မှ လက်ထောက်ညွန်ကြားရေးမှူးဖြစ်သူ ဦးခင်မောင်စိုးကမူ ဒေသခံများဆန္ဒ ရှိနေပါက ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းကို လုံးဝကန့်ကွက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ဒေသခံများက တံတားကြီးလမ်းဟု ခေါ်နေသည့် ရှင်မုတ္တီးရွာအနောက်ဘက်မှ လယ်မြေများကိုဖြတ်ပြီး ပေါက်တိုင်းချောင်းသို့ ဆက်သွယ်ထားသောလမ်းအုတ်ချပ်များရှိနေသဖြင့် ရှေးဟောင်း နေရာဖြစ်နိုင်သဖြင့် ထိန်းသိမ်းရန်ပြော ဆိုခဲ့ခြင်းသာဖြစ်ကြောင်း ဦးခင်မောင်စိုး က ဆိုသည်။

“ကုန်ထုတ်လမ်းလုပ်လုပ် ဘာပဲလုပ်လုပ် ကျွန်တော်ကတော့မတားဘူး။ နယ်မြေခံကကိုမှ (ထိန်းသိမ်းဖို့) စိတ်မဝင်စားဘူးဆိုတော့လေ”ဟု ၎င်းက ဆို သည်။

သို့သော်လည်း ယင်းလမ်းတွင်တွေ့ရသည့် အုတ်ချပ်အရွယ်အစားအရ ပုဂံခေတ်နှောင်းပိုင်းလက်ရာများ ဖြစ်နေသဖြင့် ဥပဒေအရ နှစ်တစ်ရာသက်တမ်း ကျော်နေသဖြင့် ရှေးဟောင်းနေရာတစ်ခု ဖြစ်နိုင်သည်ဟု ဆိုသည်။

ယင်းအတွက်ကြောင့် လမ်းဟောင်းအား မူလအတိုင်းထားပြီး လမ်းဟောင်းဘေးတစ်ဘက်တစ်ချက်စီတွင် ကုန်ထုတ်လမ်းဖောက်လုပ်သင့်ကြောင်း ဦးခင်မောင်စိုးက အကြံပြုခဲ့သည်ဟုဆိုသည်။ သို့သော် ဒေသခံတို့ကမူ လမ်းဟောင်းကိုသာ ကုန်ထုတ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးရန် လိုလားနေကြသည်။

ကျော်သူစိုး