များတို့ဘဝ မလွယ်လှ

များတို့ဘဝ မလွယ်လှ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မီးထိန်ထိန်လင်းနေသည့် ထားဝယ်မြို့၊ လမ်းမကြီး အဝိုင်းတစ်နေရာတွင် အမျိုးသမီးဟု ထင်ရသည့် လူတစ်စု ထိုင်နေကြသည်။ သာမန်ကြည့်လိုက်လျှင် အမျိုးသမီးများဟု ထင်ကောင်းထင်နိုင်ပေသည်။

သို့သော် အနီးကပ်ကြည့်လိုက်ချိန်တွင်မူ အမျိုးသမီးကဲ့သို့ ဆင်ယင်ထားသည့် လိင်တူချစ်သူ ဂေးလ်များ ဖြစ်နေသည်။

သူတို့သည်ကား စကားစမြည် ပြောဆိုရင်း ထိုင်နေကြပြီး လမ်းသွားလမ်းလာ အမျိုးသားများကို စိတ်ဝင်တစား ငေးကြည့် နေတတ်သေးသည်။

ထိုနေရာသို့ အမျိုးသားအချို့လည်း စိတ်တူ ကိုယ်တူပျော်ပါးမည့် လိင်တူချစ်သူများကို လာရှာ လေ့ရှိသည်။

ထိုကြောင့် ယင်းနေရာလေးသည်ကား ချစ်သူအဝိုင်းဟု တင်စားခေါ်နိုင်လောက်ပေသည်။ လှည့်ကင်းရဲကား လာသည့်အချိန်တွင် ထပြေးရလေ့ရှိပြီး တစ်ခါတစ်ရံ အိမ်သို့စောစောပြန်ရန် ပြောဆိုလေ့ရှိဟု ဆိုသည်။

ယင်းနေရာတွင် လာထိုင်လေ့ရှိသူများအနက် လိင်တူချစ်သူဂေးလ်တစ်ဦးဖြစ်သည့် မခရေ (အမည်လွှဲ) လည်း တစ်ဦးအပါအဝင် ဖြစ်သည်။

ကိုဗစ်ကာလတွင် မိတ်ကပ်အလှပြုပြင်ရေး အလုပ်မရှိသည့်အတွက် ထိုအဝိုင်းတွင် စကားပြော ကြရင်း အုပ်စုလိုက်ထိုင်နေချိန်၌ ပျော်ပါးလိုသည့် အမျိုးသားအချို့ လာခေါ်လေ့ရှိသည်ဟု မခရေက ဆိုသည်။

“သွားရင်းလာရင်းနဲ့ စလိုက်လို့ တစ်ယောက်နဲ့ တစ်ယောက် အထာသိပြီးတော့ sex ကိစ္စလုပ်ချင်လည်း လုပ်တယ်” ဟု မခရေက ပြောသည်။

ထိုသို့ လိင်ကိစ္စပျော်ပါးချိန်တွင် အသက် ၂၀ နှစ်ဝန်းကျင် အမျိုးသားများက အများဆုံးလာလေ့ ရှိပြီး ပျော်ပါးပြီးပါက အဆိုပါလူငယ်များကို ငွေကြေးပေးရသည်။ သို့သော် လူငယ်အချို့မှာ ငွေမပေးလည်း သဘောတူလေ့ရှိကြောင်း ၎င်းက ဆိုသည်။

တစ်ခါတစ်ရံတွင် အသက်ကြီးအမျိုးသားအချို့ လာခေါ်တတ်ပြီး အဆိုပါ အမျိုးသားများမှ ငွေကြေး ပြန်ပေးမှသာ လိုက်သွားလေ့ရှိသည်ဟု မခရေက ဆိုသည်။

ထူးခြားချက်အနေဖြင့် အမျိုးသားအသွင်ရှိသူ အချို့လည်း ချိတ်ဆက်လေ့ရှိပြီး အဆိုပါ အမျိုးသားမှာ ဂေးလ်တစ်ဦး ဖြစ်နေတတ်သေးသည်။ အချို့သော သူတို့တွင် အိမ်ထောင်ရှိ နေတတ်သည်။

ထိုသို့သော အခြေအနေတွင် ဂေးလ်က အမျိုးသားအသွင်ဖြင့် လိင်စိတ်ဆန္ဒဖြည့်ဆည်း ပေးရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု ဆိုသည်။ မခရေကဲ့သို့ လမ်းပေါ်ထိုင်ပြီး ပျော်ပါးမည့်သူ ရှာနေသည့် လိင်တူချစ်သူများအပြင် အမျိုးသားတစ်ဦးနှင့် အတည်တွဲကာ တစ်အိုးတစ်အိမ်ထူထောင်ရန် စိတ်ကူးထားသူများလည်း ရှိနေသည်။

တစ်ဦးတည်းသော သားအဖြစ် မွေးဖွားလာခဲ့သည့် မစံပယ် (အမည်လွှဲ) မှာ မူလတန်းကျောင်းသား အရွယ်ကတည်းကပင် လိင်စိတ်ခံယူမှု ကွဲပြားနေသည်ကို ခံစားမိသည်ဟု ဆိုသည်။

၎င်း၏ မိဘများက မိန်းကလေးအဝတ်အစားများကို ဝတ်ဆင်ပေးလေ့ရှိပြီး စိတ်ထဲတွင်လည်း အမျိုးသမီးဘဝကို နှစ်ခြိုက်နေခဲ့သည်ဟု ပြောသည်။

ထိုနောက် အသက် ၁၄ နှစ်အရွယ်ခန့်တွင် လိင်တူများကိုသာကို စိတ်ဝင်စားလာပြီး ဘဝကို အမျိုးသမီးတစ်ဦးကဲ့သို့ ဖြတ်သန်းရန် ဆုံးဖြတ်လိုက်သည်။

ယင်းနောက် ပါတနာ အမျိုးသားတစ်ဦးနှင့် တွေ့ဆုံကာ ဆယ်စုနှစ်တစ်ခုခန့်အကြာ လက်တွဲပြီး အတည်အတံ့ယူရန်အထိ မျှော်လင့်ထားခဲ့သည်။

၎င်း၏ ပါတနာ အမျိုးသားက အသက်ကြီးသော်လည်း ဖေးမကူလောင်နိုင်ရေးအတွက် တစ်ဘဝစာ ဆုံးဖြတ်ထားခဲ့သည်ဟု ပြောသည်။

သို့သော် သူ၏ စိတ်ကူးအိပ်မက်ကား လေထဲမှ အရုပ်လို ပျောက်ပျက်သွားခဲ့သည်။ အကြောင်းမှာ အဆိုပါ အမျိုးသားက အမျိုးသမီးတစ်ဦးနှင့် လက်ထပ်လိုက်ခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူမှုဝန်းကျင်တွင် လိင်တူ ချစ်သူအပြင် ၎င်းနှင့် တွဲနေသည့် အမျိုးသားအပေါ် တွင်လည်း နားလည်လက်ခံနိုင်စွမ်း နည်းပါးနေသေးသည်။

ထိုအခင်းအကျင်းက လိင်တူချစ်သူစုံတွဲများအတွက် ချစ်ရသူနှင့် ဝေးကွာခြင်းလမ်းကြောင်းသို့ တွန်းပို့နေသည့် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်သည်။

ထားဝယ်ဒေအပါအဝင် နိုင်ငံအနှံ့တွင်လည်း ပတ်ဝန်းကျင်ဖိအား၊ ဒေသ၏ လူနေမှုစရိုက် အစရှိ သည့် အကြောင်းတရားများက လိင်တူချစ်သူများကို တန်းတူအနေအထားဖြင့် နေရာမပေးလိုကြသေးပေ။

“အကြောင်းကြောင့် အကျိုးဖြစ်သည်” ဆိုသည့် စကားအတိုင်းပင် အချို့သော လိင်တူချစ်သူများက အနေအထိုင် အပြောအဆို လိုအပ်ချက်များကြောင့် လည်း ပတ်ဝန်းကျင်၏ မျက်စိစပါးမွေးစူးခြင်းကို ခံကြရသည်။

ထိုကဲ့သို့ အနေအထိုင် အပြောအဆို မဆင်ခြင်ကြသည့်အတွက် လိင်တူချစ်သူအားလုံးကို အထင် သေးခံနေရသည်ဟု မစံပယ်က ဖွင့်ဟသည်။

“တစ်ယောက်ယောက်က အနေအထိုင်မတတ်တော့ အကုန်လုံးဒီလိုပဲလို့ ထင်တာမျိုးတွေရှိတယ်” ဟု မစံပယ်က ပြောသည်။

လက်ရှိအနေအထားတွင် ပတ်ဝန်းကျင်၏ ငြူစူမှုများ မည်သို့ပင်ရှိနေစေကာမူ ထားဝယ်ခရိုင် အတွင်း ပွင့်ပွင့်လင်းလင်း နေထိုင်သော လိင်တူချစ်သူ ၁၀ဝ ဦး ကျော်ရှိသည်။ ယင်းတို့ကို အပွင့်ဟုလည်း ခေါ်ကြသည်။

လိင်တူချစ်သူဂေးလ် အပွင့်များမှာ အမျိုးသမီး တစ်ဦးကဲ့သို့ လှပေကြော့ရှင်းနေစေရန်အတွက် ဆေးဝါးအကူအညီကိုလည်း ရယူကြရသည်။

အမျိုးသမီးတစ်ဦးကဲ့သို့ ရင်သား၊ တင်သား ဖွံ့ဖြိုးနေစေရန်အတွက် ဟိုမုန်းဆေးများကို သောက် သုံးကြရသည်။

ထိုင်းနိုင်ငံမှ ထုတ်သည့် ဆေးတစ်မျိုးကို တရားဝင်/ မဝင် မသိရသော်လည်း လိင်တူချစ်သူ အားလုံးနီးပါး မှီဝဲနေကြသည်။ အဆိုပါဆေးကို သောက်ပြီးပါက တင်သား၊ ရင်သားဖွံ့ဖြိုးလာပြီး လက်မောင်းမှာ အမျိုးသမီးကဲ့သို့ သွယ်လျလာသည့်အတွက် သောက်နေခြင်းဖြစ်သည်။

Pherone အမှတ်တံဆိပ်ပါ ဆေးတစ်ကတ်လျှင် ၁၀ လုံးပါသည့် အမျိုးသမီးဟိုမုန်းဆေးတစ်မျိုးကို သောက်သုံးနေခြင်းဖြစ်ပြီး ဆေးအလုံး ၃၀ ပါ တစ်ဘူးလျှင် ငွေကျပ် ၄၆၀ဝ၀ ဝန်းကျင်ဖြင့် အွန်လိုင်းပေါ်တွင် ရောင်းချနေကြသည်။

အဆိုပါဆေးမပေါ်မီ ပြီးခဲ့သည့် ၁၀ နှစ်ခန့်က ဆေးအလုံးရေ ၁၂ လုံးပါသည့် ဆေးကတ်ကို သောက်သုံးကြပြီး အဆိုပါ ဆေးမှာ ဈေးကွက်အတွင်း တင်ရောင်းခြင်းမရှိတော့ကြောင်း မစံပယ် က ဆိုသည်။

ဆေးပြတ်သွားချိန်တွင် သောက်သုံးသည့် လိင်တူချစ်သူဂေးလ်များမှာ ယခင်ထက် ပိန်ချုံးသွား ကြသည်ဟု ပြောသည်။

ယင်းနောက် လိင်တူချစ်သူများ ရင်သားဖွံ့ဖြိုး စေသည်ဆိုသည့် ဆေး ၅ လုံးပါ သောက်ဆေးတစ်မျိုး ပေါ်လာပြန်သည်။ ထိုဆေးသောက်ပြီးပါက အမျိုးသားလိင်အင်္ဂါမှာ သေးငယ်သွားကြောင်း မစံပယ်က ဆိုသည်။

ထို့အပြင် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဆေးကိုသောက်ပြီးပါက အသက်ရှူကြပ်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဆိုးရွားစွာခံစားကြရပြီး တင်သားနှင့် ရင်သားဖွံ့ဖြိုးလာခြင်းမရှိကြောင်း ၎င်းက ပြောသည်။

ယင်းနောက်တွင်မူ အထက်ပါ ထိုင်းနိုင်ငံထုတ် ဆေးပေါ်လာပြီး ယင်းဆေးကိုပင် သောက်သုံးကြတော့ကြောင်း မမျိုးက ဆိုသည်။ ဂေးလ်အချို့ကမူ အမျိုးသမီးများသုံးသည့် သန္ဓေတားဆေး ထိုးဆေး/ သောက်ဆေးနှင့် တွဲဖက် သောက်သုံးသူများလည်း ရှိသည်။

ရင်သားအတွင်း ဆီလီကွန်ထည့်ပါက ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျသည့်အတွက် ငွေကြေးမတတ် နိုင်ခြင်း၊ ခွဲစိတ်ရန် ကြောက်ခြင်း အစရှိသည့် အကြောင်းများကြောင့် သောက်ဆေးကိုပင် အားကိုးနေရသည် ဟု မမျိုးက ရင်ဖွင့်သည်။

ဂေးလ်အများစု သောက်သုံးနေသည့်ဆေးမှာ ဓာတုဓာတ်ပေါင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်းခွင့် ပေးထားခြင်းမရှိကြောင်း ထားဝယ်မြို့နေ ဝါရင့် ဆရာဝန်အမျိုးသားတစ်ဦးက ရှင်းပြသည်။

“တရားမဝင်သွင်းလာတဲ့ဆေးဖြစ်လို့ ဘာမှ အာမခံချက်မရှိသလို ဖြစ်လာရင် ဘယ်လိုက်ရမှန်း လဲ မသိဘူးပေါ့” ဟု အထက်ပါ ဆရာဝန်က ပြောသည်။

လိင်တူချစ်သူများမှာ အာမခံချက်မရှိသည့် ဆေးဝါးအန္တရာယ်နှင့် ရင်ဆိုင်နေရသကဲ့သို့ မြန်မာ နိုင်ငံ၏လက်ရှိတည်ဆဲ ဥပဒေကလည်း ၎င်းတို့ကို ခြိမ်းခြောက်နေပြန်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှပ်မှု) ကို ဖောက်ဖျက်ပါ က တစ်သက်တစ်ကျွန်း သို့မဟုတ် ၁၀ နှစ် ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သေးသည်။

လိင်စိတ်ခံယူမှုကွဲပြားမှုအပေါ် နိုင်ငံတကာက လက်ခံလာသည့် အခြေအနေတွင် မြန်မာနိုင်ငံတွင် လည်း ခေတ်နှင့် လိုက်လျောညီထွေပြီး ၎င်းတို့အပေါ် အကာအကွယ်ပေးနိုင်မည့် ဥပဒေတစ်ရပ် အမြန်ဆုံးပြဋ္ဌာန်းပေးစေချင်ကြောင်း မစံပယ်က ဆိုသည်။

“ကျွန်မတို့အတွက် အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ခု အမြန်ဆုံးလိုချင်နေပြီ။ လက်ရှိဥပဒေနဲ့ က ချုပ်ကိုင်ခံရတာ များနေပြီ”

ကိုဇော်