ကိုဗစ်အကြား ယာဉ်တိုက်မှု ပိုတက်

0
263
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် လပေါင်းများစွာ အသွားအလာကန့်သတ်ထားသော်လည်း ယာဉ်တိုက်မှု ဖြစ်ပွားမှု တိုးလာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် မွန်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၇၅၀ ခု ရှိခဲ့သော် ကိုဗစ်ကပ်ဘေးဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်မတော်တဆမှုပေါင်း ၈၅၈ မှု အထိ ဖြစ်ပွားခဲ့သည်။

ယာဉ်မတော်မဆမှုကြောင့် ၂၀၁၉ ခုနှစ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၀၄ ဦးနှင့် သေဆုံးသူ ၂၄၀ ဦး ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ထိခိုက်ဒဏ်ရာရသူ ၁၃၂၀ဦး၊ သေဆုံးသူ ၂၄၇ ဦး ရှိခဲ့ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) ရှိ စာရင်းအရ သိရသည်။

ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများသည် ဆိုင်ကယ်ကြောင့် ဖြစ်ပွားမှုက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးသည် မော်တော်ယာဉ်ကြောင့်ဖြစ်သည်ဟု အမှတ်(၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံး ရဲမှူး ဥာဏ်လင်းက ပြောသည်။

“ယာဉ်မတော်တဆမှုက ၂၀၂၀ မှာ ပိုပြီး‌တော့ လျော့ကျသင့်တာပေါ့။ ဘာ ကြောင့်လဲဆိုရင် ၂၀၂၀ မှာ မတ်လကုန် ဧပြီက စပြီး ကိုဗစ်ရောဂါ ကပ်ဘေးကျ ရောက်တဲ့အချိန်မှာ Stay At Home သတ်မှတ်တာ ရှိတယ်။ ညမထွက်ရ အမိန့်သတ်မှတ်တာ ရှိတယ်။ ဒါပေမယ့် လို့ ယာဉ်တိုက်မှုတွေက လျော့ကျမသွား ဘဲ ပိုပြီးတော့ ဖြစ်လာတာတွေ့ရတယ်။ ဆိုတော့ ယာဉ်မောင်းတွေက ပိုပြီးတော့ မဆင်မခြင်နဲ့ သွားလာနေတုန်းပဲဆိုတာ ကို သုံးသပ်လို့ရတာပေါ့နော်” ဟု ရဲမှူး ဥာဏ်လင်းက ပြောသည်။

ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် သထုံ၊ ကျိုက်ထို ပေါင်မြို့နယ်တို့တွင် ယာဉ်မတော်တဆဖြစ်မှု အများဆုံးဖြစ်ပွားသည့်မြို့နယ် ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။