တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်း အွန်လိုင်းမှ ထုတ်ပြန်မည်

0
334
Dawei Watch, Dawei News, Dawei News Media

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အမှတ်စာရင်းများကို အွန်လိုင်းမှ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ https://mmexam score.org တွင် ဝင်ရောက်ပြီး မိမိ၏ ခုံနံပါတ်၊ မွေးသက္ကရာဇ်ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ကာ မိမိ၏ အမှတ်စာရင်းကို ရှာဖွေ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ကြေညာ ထားသည်။

ရုံးများသို့ လာရောက် လျှောက်ထားခြင်းမပြုရန်‌ မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်း ထုတ်ပေးမည်မဟုတ်ပါကြောင်း အသိပေးကြေညာထားသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပြန်ပေးမည့် အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အပြင် အမှတ်စာရင်းကြည့်ရှုရန် နည်းလမ်း လမ်းညွှန်ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန အင်တာနက် စာမျက်နှာနှင့် ဖေ့ဘွတ် စာမျက်နှာတွင် ဇန်နဝါရီ ၁၄ ရက်နေ့မှ စတင် ကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာထားသည်။

အွန်လိုင်းမှ ကြည့်ရှုရန် အဆင်မပြေသည့် ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းမမိသည့်နေရာများအတွက် အမှတ်စာရင်းကြည့်ရှုနိုင်မည့် လမ်းညွှန်ချက်များ မရှိသေးကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(ပညာ) ဦးအောင်စိုးက ပြောသည်။

“ခါတိုင်းက မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက တစ်ခါတည်းဆင်းလာ ထုတ်ပေးတယ်။ သူတို့ တစ်နိုင်ငံလုံးကိုသွားတယ်။အဖွဲ့တွေခွဲပြီးတော့ သူတို့ကိုယ်တိုင် သွားတယ်” ဟု ဦးအောင်စိုးက ပြောသည်။

တနင်္သာရီတိုင်းတွင် ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ ၂၃၆၈၆ ဦးရှိပြီး စာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ၆၇၆၈ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။