ဇန်နဝါရီ ၁၈ နောက်ပိုင်း အအေးလျော့လာမည်ဟုဆို ယခုတစ်ပတ် မိုးရွာနိုင်

0
167
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းတွင် ဇန်နဝါရီ ၁၈ ရက်နေ့ နောက်ပိုင်း အအေးလျော့လာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ ပျမ်းမျှ အနိမ့်ဆုံး အပူချိန်ခန့်သာရှိနေပြီး ဇန်နဝါရီ ဒုတိယအပတ်မှ စတင်ကာ အနိမ့်ဆုံးအပူ ချိန်မှာ ၂ ဒီဂရီစင်တီဂရိတ်ခန့် ကျဆင်းသွားသဖြင့် ပိုအေးလာခြင်းဖြစ်သည်ဟု ဦးကျော်မိုးခိုင်က ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ စာရင်းအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လအတွင် ယခုဆောင်းအတွက် အနိမ့်ဆုံး အပူအချိန်အဖြစ် ထားဝယ်၌ ၁၄၊ မြိတ်တွင် ၁၆.၅၊ ကော့သောင်းတွင် ၁၇ နှင့် လောင်းလုံးတွင် ၁၂.၅ ဒီဂရီ စင်တီဂရိတ် အသီးသီး ရှိခဲ့သည်။

လာနီညာရာသီဥတု၏ အကျိုးသက်ရောက်မှုကြောင့်နှင့် မြောက်ဘက်မှ လေအေးများ ထိုင်းပင်လယ်ကွေ့အထိ တိုးဝင်လာခြင်းကြောင့် အအေးပိုလာခြင်း ဖြစ်သည်ဟု ဦးကျော်မိုးခိုင်က ပြောသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး လေဖိအား နည်းရပ်ဝန်းကြောင့် တိုက်ခတ်လာသည့် လေသည် မြောက်ဘက်မှ တိုးဝင်လာသည့် လေအေးများကို တွန်းလာမည်ဖြစ်သဖြင့် လေဖိအားနည်းရပ်ဝန်းအား ကောင်းလာသည်နှင့်အမျှ အအေးလျော့ သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးသက် ရောက်မှုကြောင့် လည်းကောင်း၊ လေဖိအား နည်းရပ်ဝန်းမှ တိုက်ခတ်လာသည့် ‌လေများကြောင့် ကြားခံတိမ်များဖြစ်ထွန်းလာသဖြင့်လည်းကောင်း အအေးလျော့ လာမည်ဖြစ်သည်ဟု ဦးကျော်မိုးခိုင်က ပြောသည်။

“တွက်ထားတာက(ဇန်နဝါရီ) ၁၈ ရက်လောက်အထိတော့ အေးဦးမယ် အလွန်ဆုံးပေါ့၊ အဲနောက်ပိုင်းကျရင်တော့ အအေးဓာတ်က ပြန်ပျောက် သွားမယ်” ဟု ဦးကျော်မိုးခိုင်က ဆိုသည်။

ထို့အပြင် မြောက်ဘက်မှ တိုက်ခတ်လာသည့် လေအေးနှင့် လေတိုက်နှုန်းများဖြစ်ပေါ်နိုင်ပြီး ဇန်နဝါရီ ၂၀ ရက်နေ့ မတိုင်မီအတွင်း မိုး နှစ်ရက်ခန့် ရွာနိုင်ကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

သို့သော် မိုးရေချိန် ၁ လက်မ မကျော်နိုင်ဟု ၎င်းက ခန့်မှန်းထားသည်။

မိုးရေချိန် တစ်လက်မခွဲ၊ နှစ်လက်မခန့် ရပါက ဆက်အေးနေမည်ဖြစ်ပြီး လေထုအတွင်း စိုထိုင်းဆနှင့် မြေအောင်း ရေများ ရလာနိုင်မည်ဟု ၎င်းက ခန့်မှန်းထားသည်။

မိုးမြင့်