ကြိုးဝိုင်းမြေရောင်းချမှုဖြင့် ဇာဒီအုပ်ချုပ်ရေးမှူးနှင့် လူနှစ်ဆယ်နီးပါးကို တိုင်သော်လည်း အကြောင်းမထူးဟုဆို

0
282
ကျောက်မဲတောင်မြေ

ဘဝါသစ်တောကြိုးဝိုင်းမြေ ရောင်း ချသည်ဟုဆိုကာ ရေဖြူမြို့နယ် ဇာဒီ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၁၈ ဦးအား တိုင်ကြားထားသော်လည်း တစ်နှစ်နီးပါးကြာသည်အထိ အကြောင်းမထူးသေးကြောင်း တိုင်ကြားရာတွင် ပါဝင်သူ အချို့က ဆိုသည်။

ဘဝါသစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသော ဇာဒီကျေးရွာအုပ်စု ခရင်းချောင်းကျေးရွာအနီးရှိ ဒေသအခေါ် ကျောက်မဲတောင်မြေကို တရုတ်ကုမ္ပဏီ တစ်ခုထံ ကျပ်သိန်းတစ်ထောင်ကျော်ဖြင့် ရောင်းချသည်ဟုဆိုကာ ၂၀၁၉ ခုနှစ် မေလတွင် စတင်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင်ပါဝင်သည့် ဦးကျော်ဦးက ပြောသည်။

သစ်တောကြိုးဝိုင်းမြေအား ရောင်းချသူများတွင် ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူး၊ ဇာဒီရွာ ရပ်/ကျေး စာရေးတစ်ဦးနှင့် ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ဒိုက်တကော် ကျေးရွာသားအချို့ အပါအဝင် စုစုပေါင်း ၁၈ ဦးရှိကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ပထမအကြိမ်အဖြစ် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံလိပ်မူတိုင်ကြားခြင်း ဖြစ်ပြီး အကြောင်းမထူးသဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ထံ ထပ်မံ တိုင်ကြားခဲ့ကြောင်း ဦးကျော်ဦးက ပြောသည်။

ပထမအကြိမ်တိုင်ကြားစဉ်က တိုင်ကြားသူများအား ရေဖြူမြို့နယ် သစ်တောရုံးက တစ်ကြိမ်ခေါ်ယူစစ်ဆေးသည်မှ လွဲပြီး တစ်နှစ်နီးပါးကြာသည့် လက်ရှိ အချိန်အထိ နောက်ထပ်ခေါ်ယူစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းလည်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

“ပြည်သူပိုင်သစ်တောကြီးကို ဒီလို ရောင်းစားတော့ နောင်လာနောင်သား တွေလည်း ဒီလိုပဲရောင်းစားနေရင် ပြည်သူတွေပဲ ခံနေကြရဦးမယ်။ အဲဒါကြောင့် အမှန်တရားကိုလိုချင်တယ်။ တိုင်ကြားထားတာကို မှန်မှန်ကန်ကန်ပေါ်ထွက် လာပြီးတော့ တရားဥပဒေစိုးမိုးအောင် လုပ်စေချင်တဲ့ဆန္ဒရှိတယ်” ဟု ဦးကျော်ဦး က ဆိုသည်။

တိုင်ကြားခံခဲ့ရသူများအနက်တစ်ဦး အပါအဝင်ဖြစ်သူ ဇာဒီကျေးရွာ အုပ်ချုပ်ရေးမှူးဦးဘဌေး ကမူ သစ်တောကြိုးဝိုင်း မြေကို ရောင်းချထားသည်ဆိုသည့်ကိစ္စ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

“အဲဒီကိစ္စက တိုင်းတွေဘာတွေကို တင်ပြထားတာ ကျွန်တော်တို့ရှင်းလင်း ထားပြီးပါပြီ။ ကျွန်တော်တို့မလုပ်ထား ဘူးဆိုတာ ကော်မတီက အသိဆုံးပဲ” ဟု ဦးဘဌေးက ဆိုသည်။

တိုင်ကြားသူတို့ဘက်ကမူ မည်သူက မြေဧက မည်မျှကို ရောင်းချထားသည် ဆိုသည့် အချက်အလက်များနှင့်တကွ တိုင်ကြားထားခြင်းဖြစ်သည်။

ရောင်းချထားသည်ဆိုသော ကျောက်မဲတောင်မှာ ကျောက်တောင် အမျိုးအစားဖြစ်သည်။

မြေဝယ်ခဲ့သည့် တရုတ်ကုမ္ပဏီသည် ကျောက်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် ဝယ်ယူခဲ့ဟန်တူကြောင်း ဒေသခံအချို့ကယူဆကြသည်။

ကျော်သူစိုး