မိုးများရေရှား တနင်္သာရီတိုင်းမှာ အဖြေမရှိသေးပါ

အဝီစိရေတွင်း
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကမ္ဘာကြီး ပူနွေးလာမှုရဲ့နောက်ထပ်ရိုက်ခတ်မှုကတော့ ရေအရင်းအမြစ်တွေ ရှားပါးလာပြီး ရေခန်းခြောက်မှုတွေ ပိုဖြစ်လာတဲ့ ပြဿနာပါပဲ။

ကမ္ဘာ့ အပူချိန် ၁.၅ ဒီဂရီ ပိုပူလာ တယ်ဆိုတာ ဂြိုလ်ကမ္ဘာဟာ တကယ့် မဖြတ်ရတဲ့ အန္တရာယ်စည်းကို ကျော်နေပြီဆိုတာကို ပြတာပါ။ အပူချိန်တွေ ထပ်တိုးလာနေတာဟာ ဆိုးလာတဲ့ အခြေအနေကနေ ကြောက်လန့်စရာကောင်းတဲ့ အနေအထားကို တဖြည်းဖြည်း ရွေ့လာနေတာပါ။

ကမ္ဘာ့ အပူချိန်မြင့်တက်မှုကြောင့် ရေခဲတောင်တွေ အရည်ပျော်ခြင်း၊ မြေအောက်ရေ ခန်းခြောက်ခြင်းတွေ အလျင်အမြန်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံလည်း ရေရှားပါးမှု အန္တရာယ်က တဖြည်းဖြည်း ဖြစ်ပေါ်လာနေပါပြီ။

ပြီးခဲ့တဲ့ နွေရာသီက မြန်မာနိုင်ငံ ဒေသအချို့မှာ အပူချိန် စံချိန်တင်မှုတွေ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ နွေရာသီရေရှားပါးမှုကြောင့် တောထဲမှာနေတဲ့ သမင်လေးတွေ၊ မျောက်တွေဟာ ရေပြတ်လပ်တဲ့ ပြဿနာတွေ ကြုံခဲ့ကြပါတယ်။

မိုးများရေရှား တနင်္သာရီတိုင်း
မြန်မာတစ်ပြည်လုံးမှာ တနင်္သာရီတိုင်းဟာ မုတ်သုံမိုး အများဆုံးရရှိတဲ့ ဒေသဖြစ်တယ်ဆိုပေမယ့် ရေရှားပါးမှု ပြဿနာက တခြားဒေသတွေလိုပဲ တဖြည်းဖြည်း ပိုဆိုးလာနေပါတယ်။

အထူးသဖြင့် နွေအခါ ရေပြတ်လပ်မှု ပြဿနာတွေကြုံနေရတာပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နွေရာသီမှာ ရေရှားပါးမှုကို ကျေးရွာတိုင်းနီးပါးလို ခံစားကြရပါတယ်။

တစ်ခါမှ မခန်းဖူးတဲ့ရေတွင်းတွေမှာလည်း ရေခန်းခြောက်သွားတဲ့အတွက် ရေရှိတဲ့အိမ်တွေရဲ့ ရေတွင်းတွေကနေ ပြန်လည် မျှသုံးကြရပါတယ်။

ကော့သောင်းမြို့က ဒေါ်သက်သက်ချို နေထိုင်တဲ့ ရွှေပြည်သာရပ်ကွက်မှာလည်း နွေအခါ ရေရှားပါးမှုတွေကြုံရတယ်လို ဆိုပါတယ်။

“အများပိုင်ရေတွင်းမှာက အိမ်ခြေ ၂၀ ကျော်လောက် ဝိုင်းသုံးနေတာဆိုတော့ သူခပ် ငါခပ်နဲ့ ခပ်တဲ့လူများတော့ ရေကနည်းသွားတယ်။ အိမ်တိုင်းလိုလို ရေလိုနေတာဆိုတော့ ညနက်သန်းခေါင်အထိ စစ်ထုတ်၊ ခပ်ထုတ်နေရတယ်ပေါ့” လို့ ဒေါ်သက်သက်ချိုက ပြောပါတယ်။

အရင်က တန်ခူး၊ ကဆုန်လောက်မှ ရေတွင်း၊ ရေကန်နဲ့ ချောင်းငယ်၊ မြောင်းငယ်လေးတွေမှာ ရေခန်းသွားပေမယ့် အခုနောက်ပိုင်းမှာတော့ နွေမိုး မရွာတဲ့အခါနဲ့ ရာသီဥတုပိုပူတဲ့နှစ်တွေ မှာဆိုရင် တပေါင်းလကနေ ကဆုန်က အထိလောက်ကို ရေရှားတာတွေဖြစ်လာပါတယ်လို့ ဒေသခံတချို့က‌ ပြောပါတယ်။

သရက်ချောင်းမြို့နယ်၊ ဆီတော ကျေးရွာမှာတော့ တပေါင်း၊ တန်ခူးကနေ ကဆုန်လတွေအထိ ရေရှားပါးမှုကို ခံစားရပြီး ဒီလို ရေရှားပါးလာတာဟာ ဆယ်စုနှစ်တစ်ခု ရှိပြီလို့ အဲ့ဒီရွာမှာ နေတဲ့ ဦးလွဲဖေက ပြောပါတယ်။

အဝီစိရေတွင်း

“၁၀ နှစ်လောက်ခန့်က သစ်ပင်၊ ဝါးပင်လည်း ပေါတယ်။ အခုက သစ်ပင်၊ ဝါးပင်တွေ လှဲပစ်လိုက်တော့ အလိုလိုကို ရေရှားလာတယ်။ တစ်နှစ်ထက် တစ်နှစ်ကို ရေရှားလာတယ်” လို့ ဦးလွဲဖေက ပြောပြပါတယ်။

အစိုးရက လာတူးပေးထားတဲ့ အဝီစိရေတွင်းက ရေကို ရွာတစ်ဝက်လောက်သာ အသုံးပြုလို့ရပြီး အဲဒီ ရေတွင်းကရေနဲ့ ရွာထဲက ရေတွင်းရှိတဲ့ သူတွေဆီကရေကို ရွာသားတွေဟာ မျှသုံး၊ စစ်သုံးကြရတယ်လို့ ယင်းကျေးရွာမှ ဦးလွဲဖေက ပြောပါတယ်။

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျား ကျေးရွာမှာ နွေအခါ တချို့ ရေတွင်းတွေမှာ ရေခန်းသွားသလို ရွာအနီး အနားက ကျေးရွာတွေမှာလည်း ရေရှားပါးမှုတွေဖြစ်တယ်လို့ ကျေးရွာ ရာအိမ်မှူး ဦးမျိုးအောင်က ပြောပါတယ်။

“ရေအခက်အခဲဖြစ်လာရင် ရေတအားထွက်တဲ့ တွင်းတွေကနေ မီးသတ်ကားတွေနဲ့ ရေတင်ပြီး လိုက်လှူတယ်။ ရွာထဲမှာလည်း လှူသလို တခြားရွာတွေမှာလည်း လိုက်လှူ ပေးတယ်။ မီးသတ်ကားခေါ်တဲ့အခါ ဆီဖိုးတော့ ကျွန်တော်တို့ ပေးရတာပေါ့” ဦးမျိုးအောင်က ပြောပါတယ်။

သောက်သုံးရေအပြင် စိုက်ပျိုးရေပါ ရှားပါးလာတဲ့အတွက် နွေစပါးမစိုက်ပျိုး နိုင်တော့တာ ဆယ်စုနှစ်တစ်ခုကျော် လာပြီလို့ သရက်ချောင်း မြို့နယ်၊ ရငဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်လွင်ချိုခိုင် က ပြောပါတယ်။

ရေရှားပါးမှုတွေ ဘာကြောင့်ဖြစ်သလဲ
အခု ၂၀၂၀ ခုနှစ် မိုးရာသီမှာလည်း တနင်္သာရီတိုင်းမှာ မိုးရွာရက်တွေနည်းခဲ့သလို ရွာသွန်းခဲ့တဲ့ မိုးရေချိန် လျော့နည်းခဲ့တာကြောင့် အခုနွေအခါ ရေရှားပါးမှုတွေ ပိုဖြစ်မယ်လို့ တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင် က ခန့်မှန်းထားပါတယ်။

ကမ္ဘာ့အပူချိန်တွေတိုးလာမှုနဲ့ အတူ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုပုံစံတွေပြောင်းလာပြီး ရေရှားပါးမှုဖြစ်စဉ်တွေ ပိုဖြစ်လာတယ်လို့ ဦးကျော်မိုးခိုင်က ပြောပါတယ်။

“ကမ္ဘာ့မိုးလေဝသဌာနက ခန့်မှန်းထားသလိုပဲ တဖြည်းဖြည်းနဲ့ ရွာသွန်းမှုစနစ်တွေက ပြောင်းသွားတယ်။ အချိန် တိုတိုအတွင်းမှာ မိုးများများရွာလိုက်တယ်။ မြေကြီးထဲမှာ စုပ်ယူအားက နည်းသွားတယ်။ တစိမ့်စိမ့်ရွာနေတာက မြေကြီးထဲမှာ စုပ်ယူအားကောင်းတယ်။ အဲလို ရွာလိုက်တဲ့အတွက် မြေကြီးထဲမှာ စုပ်ယူနိုင်စွမ်းအားကလည်း လျော့နည်းသွားတယ်။ အဲဒီအတွက် မြေအောင်း ရေက ထင်သလောက် မရနိုင်တဲ့ အနေအထားမျိုးဖြစ်သွားတယ်” လို့ ဦးကျော် မိုးခိုင်က ဆိုပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းမှာ တစ်နိုင်တစ်ပိုင် ပြုလုပ်လုပ်ထားတဲ့ မိုးရေလှောင် ကန်များ၊ ဆည်များ၊ ရေလှောင်တမံများ

တည်ဆောက်ကာ ရေသိုလှောင်မှုစနစ် မရှိခြင်း၊ ရေချိုထိန်းသိမ်းသည့် စနစ် များမရှိခြင်း၊ သစ်တောများပြုန်းတီးလာခြင်း စတဲ့အကြောင်းတရားများကြောင့် လည်း ရေရှားပါးမှုတွေဖြစ်စေ သည်ဟု ၎င်းက ပြောပါတယ်။

အရိပ်ရတဲ့အပင်ကြီးတွေဟာ မြေဆီလွှာပေါ် နေရဲ့ အပူချိန်မကျရောက်အောင် ကာကွယ်ပေးထားတဲ့အပြင် မြေဆီလွှာတွင်းရှိ မြေအောင်းရေငွေ့ ပျံခြင်းကိုလည်း ကာကွယ်ပေးတယ် လို့ ဦးကျော်မိုးခိုင်က ပြောပါတယ်။

အပင်ကြီးတွေကို ခုတ်လှဲပစ်လိုက် တဲ့အတွက် အပူချိန်တွေမြင့်တက်လာ တာနဲ့အတူ မြေအောင်းရေအငွေ့ပျံမှုကလည်း ပိုဖြစ်လာပြီး မြေအောင်းရေသို လှောင်နိုင်မှုလျော့နည်းသွားတာနဲ့အတူ မြေအောက်ရေ ရှားပါးမှုတွေကို ဖြစ်ပေါ်စေတယ်လို့လည်း ဦးကျော်မိုးခိုင်က ဆိုပါတယ်။

“ပြီးတော့ ဒီဒေသက ရေငန်နဲ့စပ်နေတော့ မြေကြီးထဲရှိနေတဲ့ရေကလည်း စိမ့်အားလျော့သွားတဲ့အတွက် တစ်ဖက် က ရေငန်စိမ့်ဝင်လာမယ့်အနေအထားကိုလည်း ထည့်စဉ်းစားရမယ်။ သောက်သုံးရေအတွက် ရေငန်စိမ့်ဝင်မှုများလာရင် ရေချိုပျက်စီးမှာလည်း ရှိသေးတယ်” လို့ ဦးကျော်မိုးခိုင်က ဆိုပါတယ်။

ရေရှားပါးမှုတွေ တစ်နှစ်ထက် တစ်နှစ် ပိုဖြစ်လာတာဟာ ရာသီဥတု ပြောင်းလဲလာခြင်း၊ လူဦးရေများလာခြင်း၊ ရာသီဥတုပိုပူလာခြင်း၊ လူနေမှု အဆင့်မြင့်လာခြင်း စတဲ့အကြောင်းများ ကြောင့် တစ်ဦးချင်းအလိုက် ရေအသုံး များလာပြီး ကွန်ကရစ်၊ ကတ္တရာစတဲ့ ရေပိတ်လွှာများလာခြင်းကြောင့် မြေအောက် ရေအဝင်နည်းသွားတာ ဖြစ်တယ်လို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အချိန်ပိုင်းအကြံပေးအဖွဲ့ဝင် ဦးကျော်ဦးက တနင်္သာရီအပတ်စဉ်ကို ဖြေဆိုဖူးပါတယ်။

ရှေရှားပါးမှုဟာ လူတွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတွေကိုလည်း ထိခိုက်လာနိုင်တယ်လို့ ဦးကျော်ဦး က ဆိုပါတယ်။

ရေမရှိရင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လို့မရသလို မသန့်ရှင်းတဲ့ရေကြောင့်လည်း ကျန်းမာရေးထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ ရေရှားပါးတဲ့အတွက် ဝေးလံတဲ့အရပ်ကနေ ရေခပ်ရတဲ့အတွက် ပညာရေးမှာလည်း ထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့ ဦးကျော်ဦးရဲ့ ရေကြည်တစ်ပေါက်စာအုပ်မှာ ရေးသားထားပါတယ်။

လူဦးရေတိုးလာခြင်း၊ သစ်ပင်ဝါးပင်တွေကို ထိန်းသိမ်းသူမရှိဘဲ ဥယျာဉ်ခြံတွေ တိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် ရေရှားပါးမှုတွေ ပိုဖြစ်လာတယ်လို့ သရက်ချောင်းမြို့နယ် ဆီတော ကျေးရွာက ဦးလွဲဖေက ယူဆပါတယ်။

“ဆယ်နှစ်ခန့်တုန်းက တစ်နှစ်ပဲ ရေရှားဖူးတယ်။ အရင်က လူဦးရေလည်း နည်းတော့ သစ်ပင်၊ ဝါးပင်တွေ မခုတ်ကြဘူး၊ အခုက စိုက်ပျိုးရေးကလည်း လုပ်ကြတယ်။ ဥယျာဉ်တွေလည်း တည်လာကြတယ်။ သစ်ပင်ကြီး ဝါးပင်ကြီး တွေလှဲပြီးမှ ဥယျာဉ်စိုက်ရတာကိုး။ အဲဒါကြောင့် ဒီလိုမျိုး ရေရှားလာတာ” လို့ ဦးလွဲဖေက ဆိုပါတယ်။

ရေရှားတာနဲ့ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်
တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန စတဲ့ သက်ဆိုင်ရာဌာနတွေက သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိတယ်ဆိုပြီး မကြာခဏ ထုတ်ဖော်ပြောဆိုကြပါတယ်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ တိုင်းအတွင်းရှိ ကျေးရွာပေါင်း ၉၉ မှာ စိမ့်စမ်းရေသွယ်တန်းခြင်း၊ လက်ယက်တွင်း၊ တွင်းတိမ်၊ တွင်းနက်၊ အဝီစိတွင်း စတဲ့ ရေရရှိရေးလုပ်ငန်းပေါင်း ၁၀၄ ခုကို လုပ်ဆောင်ပေးမယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တိုင်းဦးစီးမှူး ဦးတင်နုက ပြောပါတယ်။

ယင်းအပြင် နွေအခါ ရေပြတ်လပ်ပါက ရေဘောက်ဆာကား၊ မီးသတ်ကားတို့နဲ့လည်း ရေဖြန့်ဝေရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနတွေက လုပ်ဆောင်ပေးလျှက်ရှိပါတယ်။

ရေရှားတဲ့နေရာတွေမှာ ရေလိုက်လှူတာတွေဟာ အဆိုးသံသရာလည်စေပြီး ရေတိုနည်းနဲ့ ဖြေရှင်းတာဟာ မှန်ကန်တဲ့အဖြေမဟုတ်ဘူး ရေပညာရှင် ဦးကျော်ဦးက ပြောပါတယ်။

တစ်စထက်တစ်စ ကြီးထွားလာနေတဲ့ ရေရှားပါးမှု ပြဿနာက လျော့နည်းမလာပါဘူး။ ရာသီဥတုပူပြင်းမှုကြောင့် အပူချိန်တွေလည်း တစ်နှစ်ထက် တစ်နှစ် တိုးလာနေပါတယ်။

ဒါပေမယ့် ရေရရှိရေးလုပ်ဆောင်နေတဲ့ ဌာနတွေမှာ ရေရှားနေတဲ့ ကျေးရွာ တွေစာရင်း အတိအကျမရှိသလို ဘယ်နှစ်ရွာလောက်အထိ ရေရှားပါးမှုကို ရင်ဆိုင်နေရပြီး လူဦးရေ ဘယ်လောက်ဟာ ရေအခက်အခဲဖြစ်နေတယ်ဆိုတဲ့ အချက်အလက်တွေ စစ်တမ်းတွေဟာ မရှိပါဘူး။

တနင်္သာရီတိုင်းမှာ ရေသုံးစွဲမှုအချက်အလက်
၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းမှာ လူဦးရေ ဆယ့်လေးသိန်းကျော် ရှိပြီး လူဦးရေရဲ့ ၆၃ ဒသမ ၆ ရာခိုင်နှုန်းဟာ ရေကောင်းရေသန့်ရရှိပြီး ရေကောင်းရေသန့် မရရှိမှုမှာ ၃၆ ဒသမ ၄ ရာခိုင်နှုန်းရှိတယ်ဟု သန်းခေါင်စာရင်းအရ သိရပါတယ်။

သောက်ရေနှင့် သုံးရေအတွက် ရေပိုက်လိုင်း အသုံးပြုသည့် လူဦးရေမှာ ၂၇ ဒသမ ၄ ရာခိုင်နှုန်း၊ အဝီစိတွင်းကို ၁၄ ဒသမ ၃ ရာခိုင်နှုန်း၊ အုတ်စီရေတွင်းနှင့် အကာအရံမဲ့ရေတွင်းမှရေကို ၁၄ ဒသမ ၄ ရာခိုင်နှုန်း၊ ရေကန်မှ ရေကို ၂ ဒသမ ၁ ရာခိုင်နှုန်း၊ မြစ်၊ ချောင်း၊ တူးမြောင်းမှရေကို ၁၁ ရာခိုင်နှုန်း၊ တောင်ကျရေနှင့် မိုးရေကို ၁၀ ဒသမ ၈ ရာခိုင်နှုန်း၊ ရေသန့်စက်/ ရေသန့်ဘူးမှရေကို ၁၁ ဒသမ ၂ ရာ ခိုင်နှုန်းက သုံးစွဲနေပြီး အခြား သုံးစွဲသူမှာ ၈ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ သန်းခေါင်စာရင်းက ဆိုပါတယ်။

၂၀၂၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က မြိတ်မြို့မှာ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့မှာလည်း ကော့သောင်းမြို့မှာ စံချိန်ဟောင်းကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ပါတယ်။

အခု၂၀၂၁ ဟာ အအေးပိုတဲ့ လာနီညာနှစ်ဖြစ်ပေမယ့်လည်း နေ့ဘက်မှာ အပူချိန်တွေ မြင့်တက်နေဆဲပါပဲ။

ဒါကြောင့် လာမယ့်နွေမှာ အပူချိန်ပို တက်လာနိုင်ပါတယ်။ မနှစ်က မိုးနည်းခဲ့တဲ့အတွက် ရေပြဿနာကတော့ ဆက်ကြုံရဦးမှာပါ။

ကမ္ဘာ့အပူချိန်လည်း တဖြည်းဖြည်းတက်လာနေတယ်။ အပူချိန်ကလည်း တက်လာနေတယ်၊ အဲဒါနဲ့အတူ ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်လာမှာဖြစ်တဲ့အတွက် ပင်လယ်နဲ့ မြစ်ကမ်းနံဘေးနေရာတွေမှာရှိတဲ့ ရေချို အရင်းအမြစ်တွေကလည်း ရေငန်ဝင်ရောက်မယ့် အန္တရာယ်လည်း ကြုံလာနိုင်တဲ့ အလားအလာရှိနေပါတယ်။

ဒီအတွက် တနင်္သာရီတိုင်းဟာ ရေချိုအရင်းအမြစ်ရှားပါးမှုကို ဖြေရှင်းဖို့ ရေရှည်အစီအစဉ်တွေရှိ နေပြီလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။

မြို့ကြီးတွေမှာ သောက်သုံးရေအတွက် ဆည်တွေဆောက်ပြီး လုပ်ကိုင်ကြပေမဲ့ တနင်္သာရီတိုင်းမှာတော့ အဲဒီလို ကျယ်ကျယ် ပြန့်ပြန့်လုပ်တာ၊ အစီအစဉ်ဆွဲတာ မတွေ့ရသေးပါဘူး။ ရေတို ရေလှူစနစ်ကိုပဲ အဖြေလို့ ထင်နေကြတုန်းပါ။

နွေအခါ ရေရှားပါးမှု တစ်နှစ်ထက် တစ်နှစ် ပိုဖြစ်လာနေတာကို ဘယ်လိုလုပ်ပေးနေတာရှိလဲ၊ ရေအသုံး ချမှုနဲ့ ပတ်သက်ပြီး ဘယ်လိုစီမံခန့်ခွဲနေ တာရှိသလဲလို့ တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်ကို ဆက်သွယ်မေး မြန်းရာမှာတော့ အဲ့ဒီကိစ္စအတွက် အစည်းအဝေးမှာ တင်ပြဆွေးနွေးဖို့ လုပ်နေတယ်လို့ ဝန်ကြီးက ဖြေဆိုပါတယ်။

၂၀၁၆ ခုနှစ်ဟာ ကမ္ဘာ့ ပထမ အပူဆုံးနှစ်ဖြစ်ပြီး ၂၀၂၀ ကတော့ ဒုတိယကမ္ဘာ့ အပူဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် စားနပ်ရိက္ခာရှားပါးမှု၊ ရေရှားပါးမှုနဲ့ ကျန်းမာရေးဆိုင်ရာ ရောဂါတွေထူပြောလာမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောဆိုထားပါတယ်။

ရေမရှားအောင်
သောက်သုံးရေ လုံလုံလောက်လောက် ရရှိရေး တစ်တိုင်းလုံးခြုံလုပ်ဆောင်တဲ့ အစီအစဉ် အစိုးရဆီက မယ်မယ်ရရ မကြားရပါဘူး။ ဒါ့အပြင် ရေမရှားအောင် ကာကွယ်တဲ့ မူဝါဒတွေ (ဥပမာ အဝီစိတွင်း အလွယ်တူးတာကို ကန့်သတ်တာ၊ ကွန်ကရစ်တွေ ထင်သလို ခင်းနေတာကို တားမြစ်တာ၊ ရေထိန်းနေရာတွေကို မြေဖို့ချင်သလို ဖို့ပြီး ရောင်းနေတာတွေကို တားမြစ်တာ) လည်း မကြားရပါဘူး။

ဒီတော့ အချို့ရွာလေးတွေက သူ့အလိုက်သူ့အထိုက်နဲ့ ဖြေရှင်းကြတာတွေ ရှိပါတယ်။
ရငဲကျေးရွာမှာလည်း နွေအခါ ရေမရှားအောင် ကိုယ်ထူကိုယ်ထစနစ်နဲ့ ရွာမှာရှိတဲ့ ပေ ၃၀ အကျယ်ရေချိုချောင်းလေးကို ရေလှောင်တမံလေးပြန်လုပ်ထားတယ်လို့ ဒေါ်လွင်ချိုခိုင်က ဆိုပါတယ်။

“အခုက မြစ်၊ ချောင်းတွေ၊ အင်းတွေ အိုင်တွေလည်း တိမ်ကောလာတယ်။ မြစ်၊ ချောင်း၊ အင်းအိုင်တွေကိုလည်း ထိန်းသိမ်းသူမရှိတဲ့အပြင် အင်းတွေ၊ အိုင်တွေကို မြေဖို့ပြီး လူတွေနေထိုင်လာ ကြတာဆိုတော့ ရေရှားပါးတာတွေဖြစ် လာတာပေါ့” ဟု ရငဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်လွင်ချိုခိုင်က ပြောပါတယ်။

ထားဝယ်ခရိုင်မှာ မိုးကာလဆို တသွင်သွင် စီးဆင်းနေတဲ့ ရေတံခွန် တွေရှိပေမယ့် ဒီရေတံခွန်က စီးဆင်းလာတဲ့ရေနှင့် မိုးရေကို စနစ်တကျ သိုလှောင်ခြင်း၊ ထိန်းသိမ်းခြင်းမရှိလို့ ရေချိုများဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ တစ်ဆင့် ပင်လယ်ထဲကိုရောက် ရှိသွားပြီး ရေငန်ဖြစ်သွားတယ်လို့ ဦးကျော်မိုးခိုင်က ဆိုပါတယ်။

ရေရှားပါးမှုမဖြစ်အောင် လျော့နည်း သက်သာအောင် ရေတံခွန်ကနေလာတဲ့ ရေကို တစ်နိုင်တစ်ပိုင် ရေလှောင်တမံတွေ၊ ဆည်လေးတွေ တည်ဆောက်ထား မယ်ဆိုရင် မြေအောင်းရေကို ရရှိမှာဖြစ်တဲ့အတွက် ဒီရေတံခွန်ကရေကို အကျိုးရှိရှိ အသုံးချဖို့ လိုအပ်တယ်လို့ တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ဆိုပါတယ်။

လူအများစုဟာ ရေနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတ အားနည်းသလို ဦးဆောင်လုပ်ကိုင်တာတွေ မရှိဘူးလို့လည်း သူကဆိုပါတယ်။

ဦးမျိုးအောင်တို့ သရက်ချောင်း မြို့နယ်၊ စုံစင်ဖျားကျေးရွာမှာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လာတူးပေးထားတဲ့‌ရေတွင်း ရေမထွက်လို့ ဒီအတိုင်း ဒုံရင်း ဒုံရင်းပါပဲ။

“ရေမရှားအောင် အခု ရေချိုချောင်းလေးကို ကျွန်တော်တို့ကျေးရွာအုပ်စု လေးရွာပူးပေါင်းပြီးတော့ ရေလှောင် တမံလေးပြန်လုပ်ထားတယ်” လို့ ဦးမျိုးအောင်က ပြောပါတယ်။

မိုးမြင့်