အသက်မပြည့်မိန်းကလေးအား သားမယားပြုကျင့်သူနှင့် ကြံရာပါဆိုသူတို့အား အမှုဖွင့်

0
922
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့၊ ထားဝယ်စုရပ်ရှိ ဟိုတယ်တစ်ခုတွင် အသက်မပြည့်မိန်းကလေးအား သားမယားပြုကျင့်သူနှင့် ကြံရာပါ ဆိုသူတို့အား ဇန်နဝါရီလ ၁၁ ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း မြိတ်မြို့ မြိုမရဲစခန်းထံမှ သိရသည်။

ဟိုတယ်အခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က မိန်းကလေးအား ပုလောမြို့နေ အသက် ၂၇ နှစ်ရှိ ဓာတ်ပုံရိုက်ကူးရေးလုပ်ကိုင်သူနှင့် အသက်မပြည့်သော မိန်းကလေးငယ်တို့ သားမယားပြုကျင့်နေစဉ် တပည့်နှစ်ဦးတို့မှ ဗီဒီယိုရိုက်ကူး‌ထားသည့် ဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဓာတ်ပုံလုပ်ငန်းလုပ် ကိုင်သူနှင့် တပည့်နှစ်ဦးတို့မှာ မြိတ်မြို့နေ အသက်မပြည့်မိန်းကလေးအား ရိုက်ကူးခ ကျပ်ငါးသောင်းဖြင့် မော်ဒယ် ဓာတ်ပုံရိုက်မည်ဟုဆိုကာ မိခင်ဖြစ်သူထံ ခွင့်ပြုချက်ဖြင့် ‌အဖော်အမျိုးသမီးတစ်ဦးနှင့် အတူထည့်ပေးလိုက်ခဲ့ကြောင်း ရဲစခန်းထံမှ သိရသည်။

ရေကန်ဘောင်တွင် ဓာတ်ပုံရိုက်ကူးနေစဉ် မိုးရွာလာသဖြင့် ဟိုတယ်ရှိ အခန်းသို့ သွားရောက် အနားယူခဲ့ရာ အဖော်ပါလာသူအမျိုးသမီးနှင့် တပည့် နှစ်ဦးတို့ အပြင်သို့ထွက်ချိန် မိန်းကလေးအား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ယင်းကဲ့သို့ ပြုကျင့်နေစဉ် တပည့်ဖြစ်သူတို့ ပြန်ဝင်လာပြီး ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေခဲ့ကြောင်း မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓာတ်ပုံလုပ်ငန်း လုပ်ကိုင်သူနှင့် တပည့်နှစ်ဦးတို့အား ဖမ်းဆီးခဲ့ရာ အဖော်ပါလာသည့် ဆိုင်အလုပ်သမားအမျိုးသမီးမှာ မိန်းကလေးနှင့် တွေ့ဆုံနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သူ ဖြစ်ကြောင်းကို ထွက်ဆိုခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဟိုတယ်တွင် ဖြစ်ခဲ့သည် ဗီဒီယိုဖိုင်နှင့် ပတ်သက်ပြီး ဓာတ်ပုံလုပ်ငန်း လုပ်ကိုင်သူ၏ တပည့်တစ်ဦးက ထို မိန်း‌ကလေးထံ ငွေညှစ်ခဲ့ရာ မပေးသဖြင့် အများသိအောင်ဖွင့်ချခြင်းဖြစ်ကြောင်း ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်သူ၏ အစ်ကို ဖြစ်သူက ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသက် ၂၇ နှစ်ရှိ ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်သူနှင့် တပည့်နှစ်ဦး၊ ကူညီပေးသည့် အမျိုးသမီးတို့အား မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၃ / ၃၇၆ /၁၁၄ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)