တနင်္သာရီမြို့ဟောင်း နန်းတော်ရာနေရာကို ဖေဖော်ဝါရီလတွင် တူးဖော်မည်

0
434
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တနင်္သာရီမြို့ဟောင်းရှိ နန်းတော်ရာ နေရာကို ဖေဖော်ဝါရီလ နောက်ဆုံး အပတ်မှစပြီး တစ်လခွဲ့ခန့်အကြာ တူးဖော်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) ထံမှ သိရသည်။

တူးဖော်မည့် နန်းတော်ရာနေရာသည် တနင်္သာရီမြို့နယ်ဆေးရုံဝင်း အတွင်းတည်ရှိပြီး အလျား ၁၅၀ ပေ၊ အနံ ၈၀ ပေ ခန့် တူးဖော်ရန် သတ်မှတ်ထားကြောင်း အထက်ပါဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

“အဆင်ပြေချောမွေ့စွာလုပ်နိုင်ဖို့ အတွက်လည်း အားလုံးညှိနှိုင်းထား ပြီးပါပြီ။ လုပ်ငန်းလည်း အောင်မြင်မယ်လို့ ယူဆထားပါတယ်။ အဲဒီကနေပြီးတော့ စာပေအထောက်အထားပဲဖြစ်ဖြစ် အသုံးအဆောင်ပဲဖြစ်ဖြစ် အထောက် အထားတစ်ခုခုတော့ရမယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဦးခင်မောင်စိုးက ဆိုသည်။

အထောက်အထားများအရ တနင်္သာရီ မြို့ဟောင်းကို သမိုင်းမတိုင်မီခေတ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး စုစုပေါင်းမြို့တည်သည့် အကြိမ်ငါးကြိမ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ တနင်္သာရီမြို့နယ် ဒေသခံ ဦးသန်းစိုးဝင်းကဆိုသည်။

“ခရီးသွားလုပ်ငန်းအတွက်ရော၊ ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းဖို့အတွက်ရောပေါ့ အများပြည်သူ အကျိုးရှိတယ်လို့ပဲ မြင်ပါတယ်” ဟု ဦးသန်းစိုးဝင်းက ဆိုသည်။

တူးဖော်ရေးလုပ်ငန်းကို ဦးခင်မောင်စိုး က ဦးဆောင်ပြီး တူးဖော်ရေးကျွမ်းကျင် သူနှစ်ဦးအပါအဝင် အဖွဲ့ဝင်ရှစ်ဦးက ကြီးကြပ်ကာ ဒေသခံအလုပ်သမားများကို ခေါ်ယူတူးဖော်မည်ဖြစ်သည်။

တနင်္သာရီမြို့ဟောင်းအား ရှေးဟောင်းအမွေအနှစ် တည်ရှိရာဇုန်နှင့် ကာကွယ်ထိန်းသိမ်းရေးဇုန်အဖြစ် တိုင်းအစိုးရက ၂၀၁၈ ခုနှစ်တွင် အမိန့်ထုတ် ပြန်ခဲ့သည်။

ရန်နိုင်ထွန်း