မွန်ဒေသထွက်ငါးများ အထက်မြန်မာပြည် ပို့မည်

0
637
မွန်ဒေသထွက်ငါးများ

မွန်ပြည်နယ်ထွက် ငါးများကို ပြည်နယ်အတွင်းသာမက အထက်မြန်မာပြည် ဈေးကွက်တို့တွင်လည်း တင်ပို့ရောင်းချနိုင်ရေး ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန နှင့် သမဝါယမဦးစီးဌာနတို့က စီစဉ်နေကြောင်း သိရသည်။

ကိုဗစ်ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ထွက် ငါးများ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ခြင်းမရှိဘဲ ငါးဈေးကွက် ရပ်တန့်ပြီး ငါးလုပ်သားများ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

ငါးဈေးကွက်ပျက်နေသည့် အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ပြည်တွင်း ငါးဈေးကွက် ဖော်ဆောင်ရေး ငါးလုပ်ငန်း ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့က စီစဉ်ခြင်းဖြစ်ကြောင်း ပြည်နယ်သမ ဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှဟန်က ပြောသည်။

“သမဝါယမကနေ ငါးဖမ်းလုပ်သားတွေ အခက်အခဲဖြစ်နေတဲ့ ငါးဈေးကွက် ဖြန့်နိုင်ဖို့အတွက်ပါ” ဟု ဦးလှဟန်က ပြောသည်။

ပြည်နယ်အတွင်း ထွက်ရှိသည့် ငါးများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်းပြီး အရှုံးမရှိ အမြတ်မရှိဖြင့် စားသုံးသူပြည်သူ လက်ထဲ တိုက်ရိုက် ဖြန့်ဖြူးပေးသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်ထွက် ငါး ၉၀ ရာခိုင် နှုန်းခန့်သည် တရုတ်ပြည်ဈေးကွက်သို့ မှီခိုနေရသည်ဟု ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်ကြောင့် ငါးများ တရုတ်ဈေး ကွက်သို့ တင်ပို့ရန် အခက်အခဲ ရှိနေခြင်းကြောင့် ဖမ်းဆီးရမိသည့် ငါးများကို အအေးခန်းတို့တွင်သာ သိုလှောင်ထားရသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောသည်။

“လောလောဆယ် တရုတ်ပြည်ဈေးကွက်ကလည်း အားလုံးရပ်နေတယ်။ ဖမ်းတာကတော့ ဖမ်းနေတယ်။ လှောင်ထားတဲ့ငါးတွေကလည်း မပို့ရသေးတဲ့ အနေအထားနဲ့ အခက်အခဲတွေကြုံနေရတာပေါ့” ဟု ဦးဌေးဝင်းက ပြောသည်။

မွန်ပြည်နယ်မှ ငါးသလောက် အများဆုံးထွက်ရှိပြီး ပြည်တွင်း ဈေးကွက်အပြင် တရုတ်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချနေသည်ဟု ငါးလုပ်ငန်းရှင်တို့ထံမှ သိရသည်။