မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

0
587
မာလာရှမ်းကော

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Ye Zon Aung

“မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။

အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာ ပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။

မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုအလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလို အချိန်တိုအတွင်း ဘာကြောင့် လူကြိုက် များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။

မာလာရှမ်းကောဆိုတာ
မာလာဆိုတာက တရုတ်စကား လုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ အဓိပ္ပာယ် ရပါတယ်။ ပါးစပ်ထဲထည့်လိုက်ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို အစွဲပြုပြီး ခေါ်ဆိုကြတာပါ။ ဆီချွမ်ပြည်နယ် ယန်ဇီမြစ်တွင်းက ရေလုပ်သားတွေ လှေပေါ်မှာ ချက်ပြုတ်စားခဲ့တဲ့ အစားအစာ တစ်ခုဖြစ်ပြီး ခုချိန်မှာတော့ ကမ္ဘာကျော် အစားအစာတစ်ခုဖြစ်နေပါပြီ။ မာလာရှမ်းကောရဲ့ အဓိကပစ္စည်းဖြစ်တဲ့ မာလာအနှစ်မှာ အဓိကအားဖြင့် ပါဝင်တာတွေကတော့ ငရုတ်သီးခြောက်၊ ဒူဘန်းလို့ ခေါ်တဲ့ ပဲအစပ်နှစ်၊ ဆီချွမ် ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ လေးညှင်း၊ စမုန်စပါး၊ စမုန်နက်၊ ဖာလာနက်၊ ချင်း၊ စင်နာမွန်၊ ဆားနဲ့ သကြားတို့ပါပဲ။ ဒီအရာတွေကို အမဲဆီ (အမဲသားကရတဲ့ အဆီ) ဒါမှမဟုတ် ဟင်းရွက်ဆီတွေနဲ့ မီးအေးအေးမှာတင်ပြီး နာရီနဲ့ချီကြိုချက် ထားတာပါ။

မာလာအနှစ်ထဲက ပါဝင်ပစ္စည်း အများစုဟာ သဘာဝထုတ်ကုန်တွေ ချည်းဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီ ညွတ်တာတွေရော ကျန်းမာရေးနဲ့မညီ ညွတ်တာတွေပါ ရောနှောပါဝင်နေပြီး အဓိကအားဖြင့် အပူအစပ်စာတွေကိုချည်း စုစည်းထားတာမို့ အစာခြေစနစ် နဲ့ ဝမ်းဗိုက်ပြဿနာတွေကို ရင်ဆိုင်ရ စေနိုင်ပါတယ်။

မာလာရှမ်းကောဆိုတာက ဒီ မာလာအနှစ်ကို အသားတွေ၊ အသင့်စား အသားလုံးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ ဟင်းချက်ဆီတွေနဲ့ တွဲဖက်ချက်ပြုတ် ဖန်တီးရတာကြောင့် ကယ်လိုရီပါဝင်မှု မြင့်မားတဲ့ အစားအစာတစ်ခုလည်းဖြစ် ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အသား တစ်မျိုးမျိုးနဲ့ဖန်တီးထားတဲ့ မာလာရှမ်းကော ၂၀ဝ ဂရမ်မှာ ကယ်လိုရီ ၅၈၉၊ အဆီ ၃၈ ဂရမ်၊ ပရိုတန်း ၅၄ ဂရမ်၊ ဆား ၃၆၇ မီလီဂရမ်၊ ပိုတက်ဆီ ယမ် ၇၂၀ ဂရမ်၊ ကိုလက်စထေရာ ၁၅၁ မီလီဂရမ်၊ ဖိုင်ဘာ ၃ ဂရမ်၊ သကြား ၁ ရမ်နဲ့ ကာဘိုဟိုက်ဒြိတ် ၁ ဂရမ်ပါဝင်နေ တတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်သူတေအတွက်တော့ မဖြစ်မနေ ရှောင်ကြဉ်ရမယ့် အစားအစာလို့ ဆိုရ ပါလိမ့်မယ်။

မာလာရှမ်းကောက စွဲလမ်းစေသလား
ပြောရရင် ပိုင်မုန့်တွေလိုပါပဲ။ သာမန်အခြေအနေတွေကနေကွဲ ထွက်ပြီး ရိုးရိုးရှင်းရှင်းနဲ့ကို ထူးခြားနေ တာမျိုးပေါ့။ မာလာရှမ်းကောတွေကလည်း လူတွေစွဲမက်သွားစေတဲ့ အရသာ တစ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ စပ်တဲ့ ပူတဲ့အစားအစာတွေ အများကြီးရှိ ပေမဲ့ မာလာရှမ်းကောလောက်တော့ လူတွေကို ဆွဲဆောင်နိုင်စွမ်းမမြင့်မားလှပါဘူး။
ပူစပ်တဲ့ အနှစ်နဲ့ လတ်ဆတ်ပြီး အရသာပြည့်ဝတဲ့ အသီးအရွက်တွေ၊ အသားငါးတွေ၊ ပင်လယ်စာတွေ ရောနှော ချက်ပြုတ်ထားတာမို့ ပူပူနွေးနွေး စားမယ်ဆိုရင် အစားအသောက်ရဲ့ အရသာအပြင် ပူပူစပ်စပ်ဝေဒနာကြောင့် စိတ်လှုပ်ရှားစေတာကလည်း ဒီဟင်းအမယ်ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

စိတ်ပညာသဘောအရဆိုရင်လည်း လူတွေဟာ အရသာကြောင့် အစားအစာကို နှစ်သက်ကြတာဖြစ်ပေမဲ့ အရသာထက်ပိုကဲပြီး စိတ်ခံစားချက်တစ်စုံတစ်ရာကိုပါ နှိုးဆော် နိုင်တဲ့ အစားအစာတွေကို ပိုနှစ်သက် တတ်ကြတယ်လို့ ဆိုပါတယ်။ ဥပမာ ကော်ဖီတို့ ချောကလက်တို့လိုမျိုးပေါ့။

မာလာရှမ်းကောကို ဆိုရင်လည်း ပူလိုက်တာ စပ်လိုက်တာဆိုတဲ့ စကား တွေနောက်မှာ လျှာကိုတဟူးဟူး မှုတ်ရင်း မကုန်မချင်းစားမိသွားတတ်ကြတာ လူတိုင်းနီးပါးပါ။ မာလာရှမ်းကောကို ဆွဲဆောင်မှုဖြစ်စေတဲ့ နောက်ထပ်တစ် ချက်ကတော့ ပါဝင်ပစ္စည်းထဲက ဆီချွမ် ဒေသထွက် ငရုတ်ကောင်းမှုန့်ဖြစ်ပြီးတော့ သူ့ရဲ့ အပူအစပ်အရသာက ဒီအစား အသောက်ရဲ့ အသက်လို့တောင်ဆိုကြပါတယ်။

မာလာရှမ်းကောကိုလည်းကြိုက်တယ် ဝိတ်လည်းမတက်ချင်ဘူး
မာလာရှမ်းကောမှာ အဓိက ကျန်းမာရေးနဲ့ မညီညွတ်စေတာက အဆီနဲ့ ဖြည့်စွက်အမယ်တွေပါပဲ။ ဆီတွေ၊ အသားတွေ၊ အဆီများတဲ့ ဝက်သားတွေ၊ အသင့်ပြုပြင်ထားတဲ့ အသားလုံးတွေ၊ အပိုဖြည့်စွက်ထားတဲ့ ဆားနဲ့ သကြားတွေက ကျန်းမာရေးကို အဓိက ထိခိုက် စေတာပါ။

ဒါပေမဲ့ ဒါတွေကို ဖယ်လိုက်ရင် ကျန်းမာရေးနဲ့ ညီညွတ်သွားမယ်လို့ မဆိုသာပါဘူး။ သူ့ရဲ့ အနှစ်မှာနဂို ပါဝင်နေတဲ့ ပစ္စည်းတွေက ဗိုက်မကောင်းသူတွေနဲ့ မသင့်လျော်ပါဘူး။ ဒါကြောင့် မာလာရှမ်းကောကို ကျန်းမာရေးနဲ့ ညီညွတ်စွာစားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

တစ်ခုရှိတာက အမြဲတမ်းမဟုတ်ဘဲ နှစ်ပတ် ၁ ခါ၊ ဒါမှမဟုတ် ၁ လ တစ်ခါ လောက်သာ စားမယ်ဆိုရင် ကုန်ကျစရိတ်လည်း နည်းပါးမှာဖြစ်သလို ဒီလို စားသောက်မှုကြောင့် ရလာမယ့် အဆီတွေ၊ ကယ်လိုရီတွေကိုလည်း ကျန်တဲ့ အချိန်တွေမှာ ကောင်းကောင်းခြေဖျက် နိုင်တာမို့ အဆင်ပြေနိုင်ပါတယ်။

ကိုယ်တိုင် အိမ်မှာလုပ်စားမယ်ဆိုရင်တော့ လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ သားငါးတွေကို အဓိက အသုံးပြုပြီး ဆီ၊ ဟင်းခတ်မှုန့်နဲ့ ဆားတွေကို ပမာဏ နည်းနည်းသာထည့်သွင်းပြီး ချက်ပြုတ် စားနိုင်ပါတယ်။

hellosayarwon.com ပါ ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။