လှလိုက်တာဗျ

လှလိုက်တာဗျ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဘာလိုလိုနဲ့ ကျွန်းစုမြို့နယ်မှာ ကျွန်တော် တာဝန်ကျနေတာ ဒီလတစ် ဆယ့်ငါးရက်‌နေ့ဆိုရင် တစ်ဆယ့်ငါးလ တိတိ ရှိသွားပါပြီ။ မြိတ်-ကျွန်းစု ပြေးဆွဲနေတဲ့ အမြန်ယာဉ်ကို စီးခဲ့ရတာကလည်း အကြိမ်ရေ မြောက်မြားစွာပေါ့။ ဒီလို အမြန်ယာဉ်စီးရင်းနဲ့ ရလာခဲ့တာတွေကလည်း မနည်းဘူးဗျ။ အတွေ့အကြုံသစ်တွေ၊ ဗဟုသုတတွေ၊ စက်ဆုပ်ရွံရှာဖွယ်တွေ၊ ချီးကျူးဖွယ်တွေ စသဖြင့်ပေါ့။

မြိတ်-ကျွန်းစု အမြန်ယာဉ်အကြောင်းပြောရင် ခရီးသည်တွေက မပါလို့ မဖြစ်သလို တစ်ဆယ့်နှစ်ရာသီ ပိတ်ရက်မဲ့ ပြေးလွှားလှုပ်ရှားနေတဲ့ ဈေးသည် တွေကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ သူတို့ဆီမှာ အလှကလေးတွေပါပါတယ်။

တိုင်းရင်းဆေးရောင်းတဲ့သူ၊ စာအုပ် ရောင်းတဲ့သူ၊ အသီးအနှံရောင်းတဲ့သူ၊ ထမင်းကြုတ် ဟင်းထုပ်ရောင်းတဲ့သူ၊ အအေးဘူးရောင်းတဲ့သူ အစရှိသဖြင့်ပေါ့။ ဝပ်ကျင်းသေးသေးလေးထဲမှာ အချင်းချင်း တိုးဝှေ့ကြရင်း ခေါက်တုံ့ခေါက်ပြန် အသံတစာစာနဲ့ ရုန်းကန်နေကြတဲ့ သူတို့ လေးတွေကို ကျွန်တော် မကြာမကြာ သတိထား ကြည့်မိပါတယ်။

ကျွန်တော့် အာရုံကို ဖမ်းစားနိုင်ဆုံးသူက အသက်ငါးဆယ်နီးပါးရှိပြီး အရပ်တိုတိုနဲ့ အင်္ကျီဖြူ လည်ကတုံးကို အမြဲဝတ်ထားတတ်တဲ့ ဦးလေးကြီးတစ်ယောက်။ အထူးသဖြင့် သူ့ရဲ့ အလှလေးတွေက ကျွန်တော်အာရုံကို ဖမ်းစားနိုင်တာပါ။

သူက စာအုပ်တွေရောင်းပါတယ်။ တစ်ခါတလေ တိုင်းရင်းဆေးတွေလည်း ရောင်းပါတယ်။ ယခု ကိုဗစ်ကာလမှာတော့ နှာခေါင်းစည်းတွေပါ ရောင်းနေတာ တွေ့ရပါတယ်။
ဦးလေးကြီးက နှုတ်သွက်တဲ့အပြင် အပြောလည်း အတော့်ကို ကောင်းပါတယ်။ သူရဲ့ ဒီအပြောကောင်းခြင်း လည်း ကျွန်တော့်ရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ အချက်တွေထဲက တစ်ခုပါ။ အမြန်ယာဉ်ထဲ နှာခေါင်းစည်းတွေ လိုက်ရောင်းနေရင်း သူပြောတဲ့ စကားကို ကျွန်တော် ဖောက်သည်ချပါရစေ။

“အမြန်ယာဉ် စီးတဲ့ သူတွေမှာ Mask သုံးမျိုးရှိတယ်။ မတပ်ဘဲ ဖြုတ်ထားတဲ့ ဖြုတ် Mask ရယ် မေးစေ့နားမှာ ချိန်ထားတဲ့ ချိတ် Mask ရယ် အင်္ကျီအိတ်ထဲ ထည့်ထားတဲ့ ထည့် Mask ရယ်။ ဖြုတ်ထားတဲ့သူတွေလည်း ပြန်တပ်။ ချိတ်ထားတဲ့သူတွေလည်း ပြန်တပ်။ ထည့်ထားတဲ့သူတွေလည်း ထုတ်တပ်။ တစ်ခုမှ မပါရင်တော့ ကျွန်တော့်ဆီမှာ ဝယ်ဗျာ။ တစ်ခုမှ တစ်ရာ”

ဦးလေးကြီးရဲ့ နှုတ်စွမ်းကိုကြားတော့ နှာခေါင်းစည်း Mask အောက်ကနေ ကျွန်တော်ပြုံးမိပါတယ်။ အသိဆရာတစ်ယောက်ကတော့ ဒီဦးလေးကြီးက ဘုန်းကြီးလူထွက်လို့ ပြောပါတယ်။

နောက်ထပ် ကျွန်တော့် အာရုံကို ဖမ်းစားလိုက်နိုင်တဲ့ ဦးလေးကြီးရဲ့ အလှတစ်ခုကတော့ စာအုပ်ရောင်းနည်း။ မြိတ်ကမ်းကနေ အမြန်ယာဉ်မခွာခင်အထိ ဦးလေးကြီးက စာအုပ်တွေရဲ့ နာမည်တွေ ကို တရစပ်အော်ပြီး အညွှန်းတွေနဲ့အတူ ဆွယ်ရောင်းလေ့ရှိပါတယ်။ ဒါပေမယ့် အမြန်ယာဉ် မြိတ်ကမ်းကခွာပြီး နာရီ ဝက်နီးပါးလောက်ရှိသွားတာနဲ့ ဦးလေးကြီးဟာ သူ့ရဲ့ စာအုပ်ရောင်းသမားပုံစံကို ပြောင်းပစ်လိုက်တယ်။

“ဘယ်သူမဆို ဖတ်လို့ရတယ်နော်။ ပိုက်ဆံ ပေးစရာမလိုဘူး။ အလကားငှား ပေးပါတယ်။ လူတိုင်း စိတ်ကြိုက်ငှားဖတ် လို့ရပါတယ်။ ကျွန်းစုကမ်းနားရောက်ရင်တော့ ပြန်ပေးရမယ်နော်။ တစ်အုပ်ဖတ်ပြီးရင်လည်း နောက်တစ်အုပ် ဆက်ငှားဖတ် လို့ရပါတယ်။ နှစ်အုပ်တစ်ခါတည်း ယူထားလို့လည်းရပါတယ်။ ပိုက်ဆံပေးစရာ မလိုဘူး။ အလကားနော် အလကား‌ ပေးဖတ်တာ”

ဒီလို စကားလုံးတွေကို ဆက်တိုက်အော်ပြီး စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ အမြန်ယာဉ် အလယ် လျှောက်လမ်းပေါ်မှာ ရှေ့ကနေ နောက်၊ နောက်ကနေ ရှေ့ သွားနေတတ်ပါတယ်။

ဦးလေးကြီးဆီကနေ ကျွန်တော်တစ်အုပ် ငှားဖတ်ခဲ့ဖူးပါတယ်။ သူ့စာအုပ်တွေထဲ ကျွန်တော်ကြိုက်တဲ့ အမျိုးအစား မပါတာကြောင့် နောက်ပိုင်း မငှားဖြစ်တော့ပါ။ ဒါပေမဲ့ ဦးလေးကြီးဆီက ဘယ်သူတွေများ စာအုပ်ငှားဖတ်ကြ သလဲဆိုတာကိုတော့ စောင့်‌ကြည့်ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျွန်းစုကို လစာထုတ်ဖို့ ဆင်းတော့ ဦးလေးကြီးက အမြန်ယာဉ်ထဲ အစာကြေဆေးတွေ ရောင်းနေတာ တွေ့ရပါတယ်။ အမြန်ယာဉ် မြိတ်ကမ်းကခွာတော့ သူ့ ပစ္စည်းတွေကို ခြင်းထဲ သိမ်းထည့်ပါတယ်။ ခဏအကြာမှာတော့ သူစပြီး ဆော်သြပါပြီ။

“အိတ်တွေရမယ်။ အိတ်တွေရမယ်။ လိုရင်ယူကြပါ။ အမြန်ယာဉ်မူးလို့ ဆန်ပြုတ်ရောင်းမယ့် သူတွေရော အသီးခွံ တွေထည့်ချင်တဲ့ သူတွေရော တစ်သျှူးတွေထည့်မယ့်သူတွေရော ရပါမယ်။ ကွမ်းကြိုက်တဲ့သူတွေလည်း ကွမ်းကို စိတ်ကြိုက်စားပါ။ ကွမ်းတံတွေးထွေးဖို့ အိတ်တွေလိုရင် ဒီမှာယူပါ။ ပိုက်ဆံ ပေးစရာမလိုဘူး။ လိုရင်တောင်းပါ”

အဲဒီလို ပြောပြောဆိုဆိုနဲ့ တစ်ပြည်ဝင် အိတ်ကပ်လေးကိုင်ကာ အမြန်ယာဉ် အလယ်လျှောက်လမ်း တစ်လျှောက် အိတ်တွေ လိုက်ကမ်းပေးနေတာ တွေ့ရ ပါတယ်။
“ကျွန်းစု ရောက်ခါနီးနေပါပြီ။ စားထားတဲ့ အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်ပေးကြပါ”

ဦးလေးကြီးရဲ့ အသံ။ အမြန်ယာဉ်စီးလာခဲ့တာ အကြိမ်ရေပေါင်း မနည်းတော့ပါဘူး။ ဒီလို တိုက်တွန်းသံ တစ်ခါမှ မကြားခဲ့ရပါဘူး။ တကယ်တော့ ကြားစရာလည်း မလိုပါ။ တစ်ခါတလေ အလယ်လျှောက်လမ်းမှာ၊ တစ်ခါတလေ ခုံတန်းအောက်မှာ အမှိုက်ပုံးက အသင့်ထား ပေးထားတော့ နိုင်ငံကြီးသား ပီသသူတိုင်း ထည့်သွားကြမှာပဲ။ ဒါဆို ဦးလေးကြီးက အမှိုက်ပုံးကြီးကိုင်ပြီး ဘာလို့ အလယ်လျှောက်လမ်းမှာ ရှေ့နောက် သွားနေရတာလဲ။ အမြန်ယာဉ်ဝန်ထမ်းတွေတောင် ဒီလို လုပ်နေတာ မတွေ့ဖူးသေးဘူးလေ။

“အမှိုက်တွေ ထည့်ပေးကြပါ။ သစ်သီးခွံတွေ၊ မုန့်အိတ်တွေ ထည့်ပေးကြပါ။ ကွမ်းတံတွေးဘူးတွေလည်း ခုံပေါ်မှာ မချန်ခဲ့ပါနဲ့။ ဟောဒီမှာ အမှိုက်ပုံးလာပါ ပြီဗျ”
ဒီအသံဆုံးတာနဲ့ လူတစ်ယောက်က ဦးလေးကြီးရဲ့ အမှိုက်ပုံးထဲ ကွမ်းတံတွေး ဘူးတစ်ဘူး လှမ်းထည့်လိုက်တာတွေ့ရ ပါတယ်။ ချက်ချင်း ကျောကို ဆန့်ပြီး ကွမ်းတံတွေးဘူးထည့်လိုက်တဲ့ လူရဲ့ ခုံတန်းအောက်ခြေနားကို ကျွန်တော် ခေါင်းထောင်ကြည့်လိုက်ပါတယ်။ အဖုံးမဲ့နေတဲ့ အမည်းရောင် အမှိုက်ပုံးတစ်လုံး က ငုတ်တုတ်။

“ဟောဒီမှာ အမှိုက်ပုံး လာနေပြီနော်။ စိတ်ကြိုက်သာထည့်”
ဦးလေးကြီးကတော့ တကြော်ကြော်နဲ့ အော်ရင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေပါတယ်။ အမှိုက်ထည့်သူ အတော်နည်းပါတယ်။ အဲဒီနည်းတဲ့ အထဲက လူတစ်ချို့ဆိုရင် အမှိုက်ကို အဝေးကနေ လှမ်းပစ်ပြီး ထည့်ကြတာပါ။ ဦးလေးကြီး လက်တစ်ချက်မှ တွန့်မသွားပါဘူး။

“ဟယ်- – -လှလိုက်တာ”
ကျွန်းစုကမ်းပေါ်တက်ဖို့ အမြန်ယာဉ်ထဲ တန်းစီနေကြတုန်း ကျွန်တော့် အရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက် က သူ့ဖုန်းကို ကြည့်ပြီး ပြောလိုက်တာပါ။ ကျွန်တော့်အရပ်က သူ့ထက်ရှည်တော့ တကူးတက ချောင်းကြည့်စရာ မလိုဘဲ သူကြည့်နေတာကို အဆင်သင့်မြင်နေရ ပါတယ်။ ဂါဝန် အင်္ကျီလေးတွေ။ အရောင်အသွေးစုံ ဂါဝန်လှလှလေးတွေကို တစ်ပုံပြီး တစ်ပုံသူ ရွေ့ကြည့်နေပါတယ်။ ကျွန်တော်လည်း အခြားသူမြင်ရင် မရိုးမသားထင်မှာ စိုးတာနဲ့ ခေါင်းကို ဒီဂရီပြောင်းပြီး မျက်လုံးကို အမြန်ရွှေ့လိုက်ရပါတယ်။

“လှလိုက်တာဗျ”
ကျွန်တော် ဒီလို ရေရွတ်မိတာက ကျွန်တော့်မျက်လုံး ဆိုက်ရောက်ရာ အရပ်မှာ အလှမျိုးစုံ စုနေတဲ့ အလှတစ်ခုကို တွေ့လိုက်ရလို့ပဲ။ တကယ်ပါ။

အလှထုပ်ကြီးက ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ ခါးကုန်းချရင်း တစ်စုံ တစ်ခုကောက်ပြီး အမှိုက်ပုံးထဲ ထည့်နေတာပါ။ အသက်ငါးဆယ်အရွယ်၊ အရပ်တိုတို လူကြီးက သူ့ခါးကို ပြန်အဆန့် ကျွန်တော်နဲ့ မျက်လုံးချင်းဆုံဖြစ်ပါတယ်။

လူတစ်ယောက်မှာ ကိုယ်အမူအယာ နှုတ်အမူအယာတွေက တစ်ဖက်လူကို လှည့်စားဖို့ လိမ်ညာဖို့အတွက် ကူညီဖို့ အမြဲရှိနေပါတယ်။ ဒါပေမဲ့ မျက်လုံးဆိုတာက လူ့စိတ်ကို ညွှန်းပြနေတဲ့ အမှန်တရားရဲ့ ဘက်တော်သားတွေပဲလို့ စာအုပ်တစ်အုပ်ထဲ ဖတ်ခဲ့ဖူးတော့ ဦးလေးကြီးကိုကြည့်ပြီး ကျွန်တော် စိတ်ထဲကနေ နောက်တစ်ကြိမ် ရေရွတ်လိုက် မိပြန်ပါတယ်။

“လှလိုက်တာဗျ”

ဆွေး(မြိတ်)