အဖြူထည်ကူညီမှုတွေကို ဖြန့်ဝေကြပါစို့

အဖြူထည်ကူညီမှုတွေကို ဖြန့်ဝေကြပါစို့
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လူဆိုတာ အသိုက်အဝန်းနဲ့ နေထိုင်ကြတဲ့ သတ္တဝါတွေမို့ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် ဖေးမကူညီမှု တွေတော့ အစဉ်အမြဲရှိနေကြမှာပါပဲ။ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီမှုတွေ ပြုလုပ်ကြရင်း မျှော်လင့်ချက်တွေ အပြန်အလှန်ထားမိတဲ့ အခါများစွာလည်း ရှိမှာပါပဲ။ ကိုယ်ပေးသလောက် ပြန်ရရမယ်ဆိုတဲ့စိတ်ဟာ ရင်းနှီးချစ်ခင်သူတွေ ကြားမှာ အမြစ်တွယ်လာတာနဲ့အမျှ ချစ်ခင်ရင်းနှီးမှု လျှောကျပျက်စီးတဲ့ လမ်းကြောင်းကို ဦးတည်လာပါတော့တယ်။

မိသားစုဝင်အချင်းချင်းပဲဖြစ်ဖြစ်၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း ကြားမှာပဲဖြစ်ဖြစ် ကိုယ်နဲ့ ရင်းနှီးပတ်သက်သူတွေကို အကူအညီ ပေးလိုက်တဲ့အခါ တစ်ချိန်ချိန်မှာ ကိုယ့်လိုအပ်ချက်ကို ပြန်လည်ဖြည့် ဆည်းပေးမှာပါပဲဆိုတဲ့ မျှော်လင့်ချက်ဟာ မသိမသာ ကပ်ပါလာတတ်ကြပါ တယ်။ တစ်ဦးအပေါ်တစ်ဦးထားတဲ့ မျှော်လင့်ချက်တွေ ကြီးမားလာတာနဲ့အမျှ နာကျင်စရာ၊ စိတ်ပင်ပန်းစရာတွေလည်း ပိုမိုကြီးထွားလာတတ်တာ သဘာဝ တရားပဲ ထင်ပါတယ်။

ဒါ့ကြောင့်လည်း အောက်စဖို့ဒ် ဆရာတော်ဘုရားက “ချစ်ခြင်းက စိတ်ဖိစီးမှုကို ဖြစ်စေတာ မဟုတ်ဘူး။ မျှော်လင့်ချက်က စိတ်ဖိစီးမှုကို ဖြစ်စေတာ၊ မျှော်လင့်ချက်ရှိတိုင်းရှိတိုင်း မျှော်လင့်ချက်ရှိတဲ့ နေရာတိုင်းမှာ အလိုမပြည့်ရင် စိတ်ပျက်တယ်ဆိုတာ ရှိကြပါတယ်” လို့ မိန့်တော်မူပါတယ်။

ဒါပေမဲ့ မျှော်လင့်ချက်တစ်စုံ တစ်ရာမထားဘဲ ကောင်းမြတ်မှန်ကန်တဲ့ အလုပ်တွေကို လုပ်ဆောင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီလူတွေကို သူတော်ကောင်းတွေအဖြစ် တစ်လောကလုံးက အသိအမှတ်ပြုကြပါတယ်။

မျှော်လင့်ချက်မထားဘဲ သူတစ်ပါးအတွက် အကူအညီတစ်စုံတစ်ရာ ပေးလိုက်တာမျိုးကို မေတ္တာလို့ သုံးနှုန်းကြ ပြန်ပါတယ်။ ဆရာတော်ဦးဇောတိကရဲ့ “မေတ္တသုတ်” အကြောင်း ရှင်းပြထားတဲ့ စာအုပ်ထဲမှာ မေတ္တာဆိုတာ “အကျိုးကို လိုလားခြင်း” လို့ ဖတ်မှတ်ရပါတယ်။ ဘယ်သူက ဘယ်သူ့အကျိုးကို လိုလားတာပါလဲ။ တစ်ပါးသူ ကောင်းကျိုးချမ်းသာဖြစ်ဖို့အတွက် ကူညီပေးတဲ့နေရာမှာ တစ်စုံတစ်ခုပြန်ရလိမ့်မယ်လို့ မျှော်လင့်ချက်မထားခြင်းလို့လည်း ထပ်မံမှတ်သားရပါတယ်။

ဆရာတော်ဟာ ဒီအတိုင်း ကျင့်သုံး နေထိုင်သူဖြစ်ကြောင်း ဆရာတော်ပြောပြတဲ့အကြောင်းအရာက သက်သေပြနေ ပါတယ်။ ဆရာတော် ရဟန်းမဝတ်ခင် လူငယ်ဘဝမှာကတည်းက လမ်းမှာတွေ့ ရတဲ့ နေမကောင်းသူ လူကြီးတစ်ယောက်ကို ကိုယ်တိုင်ဆေးရုံတင်ပေး၊ ဆေးရုံဆင်းတဲ့အထိ လူနာစောင့်အဖြစ် တစ်ပတ် ဆယ်ရက်မျှ ပြုစုစောင့်ရှောက်ပေးပါ သတဲ့။ ကိုယ့်ကို ဘာအကူအညီမှ ပြန်မပေးနိုင်တဲ့ နောင်လည်းဘယ်တော့မှ မတွေ့ရတော့တဲ့ လူတစ်ယောက်ကို တစ်ပတ်ဆယ်ရက်အချိန်ပေးပြီး ပြုစု စောင့်ရှောက်ပေးတယ်ဆိုတာကို ကြားရတော့ ကျွန်မအတော်လေး အံ့သြမိပါတယ်။

ဘာမျှော်လင့်ချက်မှမထားတဲ့ အဖြူထည်ကူညီမှုဆိုတာ ဒါမျိုးထင်ပါတယ်။ ကျွန်မဘဝမှာရော။ အဲဒီလို မျှော်လင့်ချက်မပါတဲ့ အဖြူထည်ကူညီမှုတွေကို လုပ်ဆောင်ခဲ့တာမျိုး ရှိသလားလို့ ပြန်တွေးနေမိပါတယ်။ မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားပေါ်လာတာက လုပ်ဆောင်ချက်တိုင်းဟာ သိသိသာသာရော၊ မသိမသာပါ မျှော်လင့်ချက်နဲ့တွဲလျက် ကပ်ပါလေ့ရှိနေတာကိုပါပဲ။

ရုပ်ဝတ္ထုပစ္စည်းနဲ့ ပတ်သက်ပြီး တစ်ခုခုကူညီလိုက်ရင် ပြန်ရရမယ်လို့ မမျှော်လင့်ပေမဲ့ ကိုယ့်ကို ဂရုစိုက်တာ၊ အလေးထားတာ၊ ချစ်ခင်တာ၊ တန်ဖိုးထားတာမျိုးကိုတော့ အချိန်တော်တော် များများ မျှော်လင့်မိပါတယ်။ ဒါ့ကြောင့် ဆရာတော့်လိုမျိုး ကိုယ့်ရဲ့အချိန်တွေ အများကြီး အကုန်ခံပြီး သူစိမ်းတစ်ရံဆံကို အကူအညီပေးတာမျိုးတော့ ဘဝမှာ မရှိသလောက်ပါပဲ။

ဆရာတော်ရဲ့ စိတ်ထားတွေကို ဆရာတော်ရေးတဲ့စာအုပ်မှာ တွေ့ရတော့ တစ်ပါးသူအပေါ် ထားမိတဲ့ မျှော်လင့်ချက်တွေဟာ သိပ်များတစ်ကိုယ်ကောင်း ဆန်ရာကျနေမလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေးဆဆင်ခြင်မိစေပါတယ်။

အဖြူထည်ကူညီမှုတွေအကြောင်း ပြန်ပြောင်းတွေးရင်း လွန်ခဲ့တဲ့ နှစ်နှစ်က အဖြစ်အပျက်တွေကို ပြန်လည်မြင် ယောင်မိပါတယ်။ ကျွန်မရန်ကုန်ရောက်တုန်း မနက်စောစော ညီမလေးနဲ့ကျွန်မ သွားစရာရှိလို့ အိမ်အောက်ဆင်းလာတော့ တိုက်ခန်းရှေ့ ပလက်ဖောင်းမှာ အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်။ ကတ္ထူစက္ကူအစုတ်တွေကို ခင်းထားပေမဲ့ စောင်မရှိ၊ ခေါင်းအုံး မရှိ။ ဘေးနားမှာ လူကြီးတစ်ယောက်မှ မရှိ။

အနားကပ်ပြီး သေချာကြည့်လိုက်တော့ ဆယ်နှစ်အရွယ်လောက်ရှိမယ် ထင်ပါတယ်။ ကျွန်မအဲဒီကလေးကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ လှမ်းကြည့်နေတဲ့အချိန်မှာပဲ ညီမလေးက အနီးမှာရှိတဲ့ စတိုးဆိုင်မှာ နို့နဲ့ပေါင်မုန့်တွေဝယ်ပြီး အဲဒီကလေးအနား ချထားလိုက်ပါတယ်။ နိုးလာရင် သူစားရအောင်တဲ့။

ဒီလိုကလေးတစ်ယောက်လမ်းဘေးမှာ အိပ်နေတာကို အံ့သြသနား စိတ်ဖြစ်မိပေမယ့် ဘာလုပ်ပေးရမယ် ဆိုတာမျိုး တစ်ခါမှ မတွေးမိပါ။ ကျွန်မ တစ်ယောက်တည်းသာဆို အသာရှောင် ကွင်းပြီး ထွက်သွားမှာအမှန်ပင်။ ဒီနေ့အထိ အဲဒီအဖြစ်အပျက်ကို ကျွန်မက ခဏခဏ ပြန်သတိရတတ်ပေမဲ့ ညီမလေးကတော့ လုံးလုံးမေ့လိုက်တာလား မသိ။ ကျွန်မသာဆို အိပ်ပျော်နေတဲ့ ကလေးတစ်ယောက်ကို မုန့်ဝယ်ကျွေး လိုက်တယ်ဆိုတာမျိုး ပြန်ပြောမိလိမ့် မယ်ထင်ပါတယ်။ ညီမလေးကတော့ အဲဒီကိစ္စကို ဘယ်သူ့ကိုမှ ဒီနေ့အထိ တစ်ခွန်းမှ မဟရှာတော့။ ညီမလေးရဲ့ လုပ်ရပ်ကို အံ့သြချီးကျူးရင်း ကျွန်မ လည်း နောက်ဆိုရင် သူ့လိုမျိုး အဖြူထည်ကူညီမှုလေးတွေ လုပ်တတ်အောင် ကြိုးစားဦးမှလို့ ကိုယ့်ကိုယ်ကိုယ် သတိ ပေးမိပါတယ်။

တချို့သင်ယူစရာတွေက ဝေးဝေး လံလံမှာ တကူးတက ဖတ်မှတ်လေ့လာရတာမျိုး မဟုတ်ပဲ ကြုံဆုံလာရတာတွေကို သင်ခန်းစာအဖြစ် သတ်မှတ်ပြီး သင်ယူလိုက်ရတာမျိုးလည်း ဘဝမှာ အများကြီး ရှိမှာပါ။

သူတစ်ပါးကောင်းကျိုးကို လိုလားတဲ့စိတ်နဲ့ဆို ငွေကြေးပမာဏ၊ ရုပ်ဝတ္ထု ပစ္စည်းတွေနဲ့ အကူအညီပေးမှ မဟုတ်ပါဘူး။ ကိုယ်ချင်းစာစိတ်နဲ့ စကားလေးတစ်ခွန်း၊ အပြုအမူလေးတစ်ခုကလည်း တစ်ဖက်သားကို တစ်သက်တာ အမှတ်ရစေမယ့် ကြင်နာမှုတွေ ပြသ နိုင်ပါတယ်။

မျှော်လင့်ချက်မထားတဲ့ အဖြူထည် ကူညီမှုအကြောင်းတွေးရင်း ကျွန်မဘဝမှာ ကြည်ကြည်နူးနူးဖြစ်ခဲ့ရတဲ့ သူစိမ်းတွေဆီက ရရှိခဲ့တဲ့ မေတ္တာတွေ အကြောင်းကို တစ်ခုချင်းဆီ ပြန်လည် ပုံဖော်နေမိပါတယ်။ တချို့ကူညီမှုတွေက သာမန်ကြည့်လိုက်ရင် အသေးအဖွဲလို့ ထင်ရပေမယ့် ဘယ်အချိန်ချိန်တွေးတွေး တသသကြည်နူးစေတယ်။

အဲဒီလူတွေနဲ့ ဒီတစ်သက်ပြန်ဆုံဖို့ အကြောင်းမရှိတော့ ပေမဲ့ရရှိခဲ့ဖူးတဲ့ အကြင်နာတွေဟာ ပြန်တွေးတိုင်း စိတ်ထဲမှာ ငြိမ်းချမ်းတဲ့ ခံစားမှုကို ဖြစ်စေပါတယ်။

၂၀၁၈ တုန်းကပေါ့။ ကင်ဆာရောဂါ ကုသဖို့အတွက် တစ်နှစ်လုံးနီးပါး ဆေးရုံမှာ အချိန်ဖြုန်းနေရတဲ့အချိန်။ ကျွန်မ ဆေးကုသမှု ခံယူရတဲ့ဆေးရုံက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာမို့ ဘာသာ စကားကအစ အားလုံး သူစိမ်းပြင်ပြင် ဖြစ်နေခဲ့တယ်။ နားမလည်တဲ့ ဘာသာ စကားတွေနဲ့ သူစိမ်းတစ်ရံဆံတွေကြား အားငယ်နေတဲ့အချိန်မှာ ရလိုက်တဲ့ အကြင်နာတွေဟာ အဖိုးတန်လွန်းလှတယ်။

ကျွန်မဆေးရုံတက်နေချိန် အခန်းတစ်ခန်းကို လူနာသုံးယောက် မျှနေရတာမို့ အဆင်မှပြေပါ့မလားလို့ တထိတ်ထိတ် ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဘေးနားကုတင်က လူနာအဖွားက သူတတ်ထားတဲ့ အင်္ဂလိပ်စကားသုံးလေးခွန်းနဲ့ ကျွန်မကိုလှမ်းပြီး အားပေးစကား ပြောနေတော့တာပါပဲ။ နောက်အဖွားတစ်ယောက်က ကျွန်မထက် ပိုပြီးနေ မကောင်းဖြစ်နေပေမယ့် ရေချိုးခန်းသုံးတဲ့ နေရာမှာတောင် ကျွန်မကို ဦးစားပေးနေသေးတယ်။ ဒီအပြုအမူတွေက သာမန်အချိန်ဆို ဘာမှမပြောပလောက်ပေမယ့် သူစိမ်းတွေကြား အားငယ်နေချိန်မှာ တကယ့်ကို ကြည်နူးပီတိဖြစ်စေ ပါတယ်။

ဆေးရုံကနေဆင်းပြီးတော့လည်း ဆေးကုသမှုက မပြီးသေးပါဘူး။ ဓာတ်ရောင်ခြည်ပြဖို့အတွက် ဆေးရုံကို တစ်လ ခွဲလောက် နေ့စဉ်ရက်ဆက် သွားရပါသေးတယ်။ ကင်ဆာဆေး (ကီမို) သွင်းထားလို့ ဆံပင်တွေအကုန်လုံးကျွတ်သွားပြီး ကတုံးဖြစ်သွားတဲ့ ကျွန်မက ဘာခေါင်းဆောင်းမှမပါပဲ ဆေးရုံကို နေ့တိုင်းသွား ပါတယ်။ တစ်နေ့တော့ ဆေးရုံမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့်နေချိန် အသက်ခြောက်ဆယ်ကျော် ထိုင်းအမျိုး သမီးတစ်ယောက်က ကျွန်မဘေးနားလာထိုင် မိတ်ဆက်စကားပြောပြီး ခေါင်းစွပ်လိုမျိုး အဝတ်ဦးထုပ်တစ်လုံး လက်ဆောင်ပေးပါတယ်။ အဲဒါ သူကိုယ်တိုင် ချုပ်ထားတာလို့ ပြောတဲ့အချိန်မှာ ကျွန်မကလေးတစ်ယောက်လို လှိုက်ခနဲဝမ်းသာသွားတဲ့ ခံစားချက်ကို မထိန်းနိုင်ခဲ့ဘူး။ ဦးထုပ်ကိုလက်ခံရင်း ကျေးဇူးတင်စကားတွေ အထပ်ထပ်ပြောနေမိ တော့တာပဲ။

သာမန်ကြည့်ရင် ဦးထုပ်တစ်လုံးပေမဲ့ ပေးသူရဲ့မေတ္တာကြောင့် ကျွန်မအတွက် အဖိုးထိုက်အဖိုးတန် ပစ္စည်း တစ်ခုဖြစ်သွားရှာတယ်။ တစ်ခါတလေမှာ အရာဝတ္ထုတွေဟာ သူ့ရဲ့ပင်ကိုယ် တန်ဖိုးထက် ပိုသာတဲ့အဓိပ္ပာယ်တွေနဲ့ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာတွေ ပုံဖော်ဖို့ အသုံးပြုခံလိုက်ရတဲ့အခါ အဖိုးမဖြတ်နိုင်တဲ့ မေတ္တာသင်္ကေတ ဖြစ်သွား တော့တယ်။

ကျွန်မဘဝမှာ မျှော်လင့်ချက်မပါတဲ့ အဖြူထည်ကူညီမှုတွေ အများကြီး ရထားတာပါလားလို့ ပြန်လည်စမြုံ့ပြန်ရင်း စာရေးဆရာ ကိုပီတိ ခံစားချရေးထားတဲ့ “ထာဝရပျော်ရွှင်နိုင်ဖို့ သင်ယူခြင်း” စာအုပ်အကြောင်းကို သတိရသွား မိပါတယ်။ အဲဒီစာအုပ်ထဲမှာ ဆရာတော်ကြီး ဒလိုင်လားမားနဲ့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး တို့နှစ်ယောက် တွေ့ ဆုံကြတဲ့အခါ ပြောဆိုဆွေးနွေးကြတာတွေကို အဓိက ရေးသားထားပါတယ်။

“ကမ္ဘာကြီးကို ဘယ်လိုမျက်လုံးနဲ့ ကြည့်နေသလဲ” ဆိုတဲ့အခန်းမှာ ဆရာတော် ဒလိုင်းလားမားက မေတ္တာဖြန့်ဝေခြင်းနဲ့ ပတ်သက်ပြီး ဘုန်းတော်ကြီး တူးတူးကို အခုလို ပြောပါတယ်။ “သတင်း မီဒီယာတွေက ဆိုးဝါးတဲ့ဖြစ်ရပ်တွေကို ပိုအလေးထားနေကြတယ်။ လူသတ် တာ၊ မုဒိမ်းကျင့်တာ၊ ငွေအလွဲသုံးစား လုပ်နေတာတွေကိုပဲ စိတ်ဝင်စားနေ ကြတယ်။ ဒီသတင်းတွေက ကျုပ်တို့ လူသားအနာဂတ်အတွက် မျှော်လင့်ခြင်းတွေ ဖြစ်ပေါ်မလာစေပါဘူး။ လူသားများအကျိုးအတွက် နှလုံးသားနဲ့ ထပ်တူခံစားပြီး စေတနာ့ဝန်ထမ်းနေသူတွေ အများကြီးရှိပါတယ်။ သတင်း မီဒီယာသမားတွေရော၊ သတင်းကို ကြည့်ရှုသူတွေရော ဘက်စုံထောင့်စုံ သုံးသပ်မြင်နိုင်အောင် ကြိုးစားဖို့ မျှော်လင့် မိပါတယ်” တဲ့။

ကျွန်မလည်း အရင်တုန်းကဆိုရင် ဘဝမှာကြုံရတဲ့ မကောင်းတဲ့ အဖြစ်အပျက်တွေကိုပဲ ထပ်ခါတလဲလဲ ပြန်လည်သတိရနေတတ်ပါတယ်။ အခွင့်ရရင် သတင်းဆိုးတွေကိုပဲ ဖြန့်ဝေနေမိတယ်။ စိတ်ဆင်းရဲစရာတွေကို ဖြန့်ဝေမိပေမယ့် စိတ်ချမ်းသာစရာတွေ တစ်ပါး သူဆီကရခဲ့ဖူးတဲ့ အကြင်နာတရားတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ လက်ဆင့် ကမ်းဖြန့်ဝေဖို့ မေ့နေတတ်တာ များပါတယ်။

ဒါ့ကြောင့် မျှော်လင့်ချက်မပါတဲ့ အဖြူထည်ကူညီမှုတွေ ပိုမိုလုပ်ဆောင် နိုင်စေဖို့အတွက် ကျွန်မဘဝမှာ ကြုံဆုံခဲ့ရတဲ့ အဖြူထည်ကူညီမှုတွေအကြောင်း၊ ရရှိလိုက်တဲ့ မေတ္တာတရားတွေနဲ့ ကောင်းမွန်တဲ့သင်ခန်းစာတွေအကြောင်း ဖြန့် ဝေရင်း နှစ်သစ်မှာ ကောင်းသောအမှုတွေ ပိုမိုလုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်။ ။

နီမာဦး(အံဒင်)