အယ်ဒီတာထံပေးစာ

0
1036
editorial

အဆိပ်တွေ ထုံမွှမ်းနေသည့် ထားဝယ်လမ်းမကြီး

အာဆီယံအဖွဲ့ရဲ့ အသန့်ရှင်းဆုံးဆုရထားတဲ့ ထားဝယ်မြို့ရှိ လမ်းမတွေပေါ်မှာ အဆိပ်များနှင့် ထုံမွှမ်းနေတယ်လို့ပြောရင် ရုတ်တရက်အံ့သြသွားနိုင်ပါတယ်။

အမှိုက်ကင်းစင်လို့ အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အာဆီယံအဖွဲ့ ကတောင် သန့်ရှင်းတဲ့ခရီးသွားမြို့တော်ဆုကို ပြီးခဲ့တဲ့နှစ်က ရရှိ ထားတာပါ။

ဒီလိုဆုကြီးရဖို့အတွက်ကလည်း ကိုက်ညီရမယ့် စံနှုန်း သတ်မှတ်ချက်တွေက ၁၀ဝ ကျော်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ အသန့်ရှင်းဆုံးဆိုတဲ့ ခရီးသွား မြို့တော်ကြီးရဲ့ လမ်းမကြီးတွေပေါ်မှာ ရော်ဘာအနံ့ဆိုးတွေ၊ ယာဉ်တွေက ထုတ်လွှတ်တဲ့ မီးခိုး (ကာဗွန်ဒိုင်အောက်ဆိုဒ်)တွေက အသက်ရှု မဝတဲ့အထိ။

ဒေသရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ရော်ဘာအစေးတုံးတွေကို သုံးဘီးတွေ၊ ကားတွေနဲ့ အတားအဆီးမရှိ သယ်ယူပို့ဆောင်နေကြတာ တွေ့ရပါတယ်။

ရော်ဘာအစေးတုံးသယ်တဲ့ ယာဉ်တွေက အလုံပိတ် မဟုတ်တဲ့အတွက် အရည်တွေက လမ်းမပေါ်မှာ ရွှဲရွှဲစိုတဲ့အထိ ကျန်နေခဲ့တာပါ။

ဒီအရည်ရဲ့ အနံ့အသက်ဆိုးက ခဏလေးအတွင်း ပျောက်ပျက်သွားတာမျိုးမဟုတ်ဘဲ တစ်နေ့လုံး နံစော်နေပြီး ကျန်းမာရေး ကောင်းတဲ့သူတွေကိုတောင် ခေါင်းကိုက်ပြီး မူးဝေစေတဲ့ အထိ ဆိုးရွားလွန်းနေတာပါ။

အသန့်ရှင်းဆုံးမြို့သူမြို့သားတွေကို ရော်ဘာအနံ့ဆိုးအပြင် ယာဉ်တွေကထွက်တဲ့ မီးခိုးကလည်း အပိုဆောင်းဒုက္ခပေး နေပြန်တယ်။

အဓိက မီးခိုးထုတ်လွှတ်တဲ့ယာဉ်တွေထဲမှာ ထားဝယ်မြို့က နာမည်ကြီးရေသန့်တွေ ဖြန့်ဖြူးနေတဲ့ ထော်လာဂျီကို ကားလို ပြုပြင်ထားတဲ့ ယာဉ်တွေလည်း ပါဝင်နေပြန်တယ်။

ဒီယာဉ်တွေထုတ်လွှတ်တဲ့မီးခိုးက ဘယ်လောက်အထိ များလဲဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းစေတဲ့အထိ များပြားလွန်းနေတာပါ။

မြို့နေလူထုတွေအဖို့ ရော်ဘာအနံ့ဆိုးအပြင် ကာဗွန်ဒိုင် အောက်ဆိုဒ်တွေကို အသက်ရှူကျပ်တဲ့ အထိတဝကြီးရှူရှိုက် နေရတာပါ။

ဒါတွေအပြင် ထော်လာဂျီ၊ မြေသယ်ကားတွေက ထွက်တဲ့ မီးခိုးတွေနဲ့ ဖုန်တွေကပါ အဆစ်ပါလိုက်သေးတာ။

တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေတွေမှာလည်း ပြည်သူလူထုကို အန္တရာယ်ဖြစ်စေတဲ့ မီးခိုး၊ အနံ့အသက်ထွက်တာတွေကို တားမြစ်ထားတာ တွေ့ရ ပါတယ်။

ဒီလို ဥပဒေတွေ ရှိနေပေမဲ့ အကောင်အထည်ဖော်တဲ့ပုဂ္ဂိုလ်တွေရဲ့ ကြပ်မတ်မှု၊ အရေးတယူဆောင်ရွက်မှု အားနည်းလွန်းနေတဲ့အတွက် ဒီလိုပရမ်းပတာတွေဖြစ်နေတယ်လို့ပဲ ထင်ပါတယ်။

ဒီလို အဆိပ်အတောက်ဖြစ်နေတဲ့မီးခိုးတွေကို ရှူရှိုက် နေရတဲ့ ပြည်သူတွေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါ တယ်။

တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း ဥပဒေအရ နေရာ၊ ရာထူးရ ယူထားပြီး တာဝန်ယူဖို့ မပျက်ကွက်သင့်ဘူးလို့ ယူဆပါတယ်။

ဒါကြောင့်မို့ ဥပဒေပြဋ္ဌာန်းချက် တားမြစ်ချက်တွေကို လိုက်နာမှုမရှိဘဲ ပျက်ယွင်းနေတာကို အမြန်ဆုံးတင်းကျပ်စေလိုတယ်လို့ အယ်ဒီတာထံ ပေးစာမှ တစ်ဆင့် ဟစ်ကြွေးလိုက်ပါတယ်။

ထားဝယ်သား