မြိတ်တွင် မြေဆီလွှာဓာတ်ခွဲခန်း တည်ဆောက်မည်

0
417
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်တွင် မြေဆီလွှာဓာတ်ခွဲ ခန်းတည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ဓာတ်ခွဲခန်းတည်ဆောက်ရန် ကျပ်သိန်း ၃၆၀ လျာထားပြီး လက်ရှိတွင် တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောကြားသည်။

ထားဝယ်ခရိုင်တွင်ရှိသည့် မြေဆီ လွှာဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးနေရသဖြင့် မြိတ်နှင့်ကော့သောင်းရှိ တောင် သူများအတွက် ရည်ရွယ်ကာ မြေဆီလွှာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်းဖြစ်သည် ဟု ဦးသိန်းစိုးက ဆိုသည်။

“မနှစ်က ထားဝယ်ခရိုင်မှာ တစ်လုံး ရတယ်။ ကော့သောင်းဘက်က ဆီအုန်းခြံတွေ၊ ရော်ဘာခြံတွေက တောင်းဆိုတာ ပေါ့နော်။ မြေဆီလွှာဓာတ်ခွဲချင်ပါတယ် ဆိုပြီး။ ဒီဘက်မှာကျတော့ အလှမ်းဝေး တယ်ပေါ့။ အဓိကတော့ ရည်ရွယ်တာကတော့ လယ်ရယ်၊ ဥယျာဉ်ခြံတွေရယ်ကို ပေါ့နော်” ဟု ဦးသိန်းစိုးက ပြောသည်။

မြေဆီလွှာဓာတ်ခွဲခန်းတွင် အပင်တွေအတွက် အဓိကလိုအပ်သည့် အပင်ကြီးထွားမှုအတွက် လိုအပ်သည့်ဓာတ်၊ အသီးပွင့်မှု၊ အမြစ်စွမ်းအားကောင်းမှု စသဖြင့် မြေဆီလွှာအတွင်းရှိသည့် ဓာတ်များ ပိုနေခြင်း၊ လိုနေခြင်းများကို စစ်ဆေး နိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် မြေချဉ်ငန်ဓာတ်၊ မြေ ကြီးအတွင်းရှိသည့် အဆိပ်နှင့် PH အဆင့်များ စသဖြင့် မြေနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် ရန်ကုန်၊ မော်လမြိုင် ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးပေးသည်ဟု ဦးသိန်းစိုးက ပြောသည်။

ယင်းသို့ စစ်ဆေးပြီးပါက မြေဆီလွှာအခြေအနေကို သိရှိလာမည်ဖြစ်ပြီး မြေဆီလွှာတွင် အမှန်တကယ် လိုအပ်သည့် ဓာတ်ကို သေသေချာချာ သိရှိကာ လိုအပ်သည့် မြေသြဇာနှင့် သွင်းအား စုများ ထည့်သွင်းလာနိုင်မည်ဖြစ်သည်ဟု ၎င်းက‌ ပြောသည်။

မြေဆီလွှာဓာတ်ခွဲခန်းကို မြိတ်မြို့နယ် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်) ရုံးဝင်းအတွင်းတွင် တည်ဆောက်မည်ဖြစ်ပြီး အလျား ၄၀ ပေ အနံ ၃၀ အမြင့်က ၁၁ ပေ (RC) တစ်ထပ် အဆောက်အအုံဖြစ်ကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးဝင်းဇော်က ရှင်းပြသည်။

မိုးမြင့်