ဆိုင်ကယ်ရောင်းအား ထက်ဝက် နီးပါးကျ

0
699
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေးကာလအတွင်း ဆိုင်ကယ်အသစ်ရောင်းအား ထက်ဝက် နီးပါးကျဆင်းသွားကြောင်း ထားဝယ်ဒေသရှိ ဆိုင်ကယ် အရောင်းဆိုင်အချို့ထံမှ သိရသည်။

ကပ်ဘေးကာလတွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်ရောင်းချရမှုမှာ ယခင်ကထက် လေးဆယ်ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ဈေးအသင့်အတင့်ရှိ ဆိုင်ကယ်များသာ ဝယ်သူရှိကြောင်း TZA မော်တော်ဆိုင်ကယ်အရောင်းဆိုင် ပိုင်ရှင်က ဆိုသည်။

ဆိုင်ကယ်တစ်စီး ငွေကျပ် ၁၅ သိန်းအောက် ပေါက်ဈေးရှိသည့် ဆိုင်ကယ်ကို ဝယ်ယူသူများကြောင်း ၎င်းက ပြောသည်။

“အရင်နှစ်နဲ့စာရင် ရောင်းဝယ် အေးတယ်။ လုံးဝ အေးတာပေါ့” ဟု အထက်ပါ ဆိုင်ပိုင်ရှင်က ဆိုသည်။

အချို့ဆိုင်များတွင် နယ်ဘက်မှ လာရောက်ဝယ်ယူသူများပြီး ကိုဗစ်ပိုးတွေ့သည့် သတင်းကြားရပါက လာဝယ်သူ မရှိတော့ကြောင်း ထားဝယ်မြို့ပေါ်တွင် ဆိုင်ကယ်အရောင်းဆိုင် ဖွင့်လှစ် ရောင်းချနေသည့် ကိုဝင်းထိုက်က ညည်းတွားသည်။

“ပိုးတွေ့လူနာ သတင်းတက်လာရင် တစ်ပတ်လောက်အထိ ဝယ်သမား မလာတော့ဘူးဗျ” ဟု ကိုဝင်းထိုက်က ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံထုတ် Click ဆိုင်ကယ်တစ်စီးလျှင် ၂၆ သိန်း ဝန်းကျင်၊ အိုင်ဖား(Wave-125 I) တစ်စီးလျှင် ၂၇ သိန်း ဝန်းကျင်နှင့် ရွှေလှိုင်းတစ်စီးလျှင် ၂၂ သိန်းဝန်းကျင် ပေါက်ဈေးရှိသည်။

ထားဝယ်ဒေသတွင် ဆိုင်ကယ် အသစ်ဈေးကွက်အပြင် တစ်ပတ်ရစ် ဆိုင်ကယ် ရောင်းချသည့် ဆိုင်များလည်း ရှိသည်။

ဟိဏ်းဇော်