လယ်သမားတွေရဲ့ ဆောင်းခိုငှက် လွမ်းတေး

0
598
ဆောင်းခိုငှက်

မနှစ်ကဒီအချိန်ဆိုရင် တနင်္သာရီတိုင်း နေရာအနှံ့အပြားက လယ်ကွင်းတွေထဲမှာ ဆောင်းခိုခရုစုပ် ငှက်တွေ အုပ်စုလိုက် အစာရှာနေတဲ့အချိန်ပါ။

ဒီနှစ်လည်း သူတို့ပြန်လာလေမလားဆိုပြီး ဦးလွင်မိုးတစ်ယောက် မျှော်နေပါသေးတယ်။ ဒါပေမဲ့ ခရုစုပ်ငှက်တစ်ကောင်တလေကိုမျှ လယ်ကွင်းတွေထဲ မတွေ့ရတော့ပါဘူး။

ခြေတံရှည်ရှည်၊ နှုတ်သီးထိပ်ပြားပြား အဝေးကနေကြည့်ရင် ကြိုးကြာလိုလို၊ ဗျိုင်းလိုလိုထင်ရတဲ့ ခရုစုပ်ငှက်တွေဟာ လယ်သမားတွေရဲ့ မိတ်ဆွေပါ။ လယ်သမားတွေကို တိုက်ရိုက်အကျိုးပြုတဲ့ ငှက်တွေဖြစ်ပါတယ်။ လယ်ကွင်းတွေထဲမှာ စပါးအဖျက်ကြမ်းတဲ့ ရွှေခရုတွေကို ခရုစုပ်ငှက်တွေ က စားသောက်ပစ်ပါတယ်။

ရွှေခရုဆိုတာ တနင်္သာရီတိုင်းက လယ်သမား တွေအတွက် ရန်သူအသစ်ပါ။ စပါးပင် နုနုထွတ်ထွတ် တွေကို ကိုက်ဖြတ်စားသောက်ပါတယ်။ ရွှေခရုတွေဟာ တနင်္သာရီတိုင်းဘက်ကို ၂၀၁၇ ခုနှစ်လောက်မှာ စရောက်လာတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနက ပြောဆိုထားတာရှိပါတယ်။

ဆောင်းခိုငှက်

သူတို့တွေ လယ်ထဲရောက်လာရင် နှိမ်နင်းဖို့ ခက်ပါတယ်။ ဒါပေမယ့် ခရုစုပ်ငှက်တွေကတော့ သူတို့ကို ကောင်းကောင်း နိုင်ပါတယ်။ အုပ်စုလိုက် လယ်ကွင်းတွေထဲဆင်းပြီး သူတို့ရဲ့ နှုတ်သီးပြားပြားတွေနဲ့ ရွှေခရုတွေကို တစ်ကောင်ချင်းစားသောက် ပစ်ပြီး နှိမ်နင်းပေးပါတယ်။

ဒါကြောင့်လည်း ဒီနှစ်တနင်္သာရီတိုင်းမှာ ဆောင်းလာခိုမယ့် ကျေးဇူးရှင် ခရုစုပ်ငှက်တွေကို ဦးလွင်မိုး မျှော်နေခဲ့တာပါ။

“ဆောင်းခိုငှက်တွေကိုတော့ မျှော်နေတာပေါ့။ ဆောင်းခိုငှက်ရှိတော့ပိုကောင်းတာကိုး။ သဘာဝ အလျောက်သူ့ဘာသာသူ (ရွှေခရုတွေကို) နှိမ်နင်း သွားတာ” လို့ ထားဝယ်မြို့နယ် ဇဟာကျေးရွာက ဦးလွင်မိုးက ပြောပါတယ်။

မိုးစပါးစိုက်တဲ့ လယ်သမားတွေကတော့ ဒီအချိန်မှာ ဆောင်းခိုငှက်တွေ လာ၊ မလာကို သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဇဟာရွာက လယ်သမားတွေကတော့ သတိထားမိပါတယ်။ ဘာကြောင့်လဲဆိုရင် ဇဟာရွာမှာက ဒီအချိန် နွေ စပါးတွေစိုက်နေကြလို့ပါ။

မနှစ်က ဆောင်းခိုငှက်တွေဟာ ဇဟာရွာကို ရောက်ပါတယ်။ လယ်ကွင်းတွေထဲက ခရုတွေကို ရှင်းပေးပြီးကတည်းက ခရုစုပ်ငှက်တွေဟာ သူတို့ကို အကျိုးပြုတဲ့ငှက်တွေ၊ တစ်နည်းအားဖြင့် ကျေးဇူးရှင် တွေဆိုတာကို လယ်သမားတွေ ကောင်းကောင်းသိ သွား ကြပါတယ်။

ဒီနှစ်တော့ ခရုစုပ်ငှက်တွေမလာတာကြောင့် လယ်ထဲမှာ ရွှေခရုတွေ နည်းနည်းပါးပါးပေါ်နေတာ တွေ့နေရတယ်လို့ ဦးလွင်မိုးက ပြောပါတယ်။

“သူတို့(ခရုစုပ်ငှက်တွေ) ရောက်မလာတော့ စိတ်မကောင်းဘူး။ လူကိုယ်တိုင်လယ်ထဲဆင်းပြီး ခရုလိုက်ကောက်နေရတယ်။ လူက လယ်ထဲဆင်းပြီး လိုက်ကောက်တာဆိုတော့ စပါးပင်တွေနာတယ်” လို့ ဦးလွင်မိုးက ဆိုပါတယ်။

တကယ်တော့ မနှစ်ကရောက်လာတဲ့ ခရုစုပ်ငှက်တွေဟာ ဧည့်သည်ငှက်တွေပါ။
သူတို့တွေရဲ့ ဇာတိက ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား လွင်ပြင်ဒေသပါ။ အဲဒီကနေ မိုင်ထောင်ပေါင်း များစွာပျံသန်းပြီးတော့ တနင်္သာရီတိုင်းဘက်ရောက် လာခဲ့တာဖြစ်တယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က ငှက်ထိန်းသိမ်းရေး ပညာရှင် ဦးသက်ဇော်နိုင်က ရှင်းပြပါတယ်။

ပုံမှန်ဆိုရင်တော့ အဲဒီငှက်တွေဟာ မြန်မာနိုင်ငံ အထက်ဘက်ဒေသတွေသာ သွားရောက် ဆောင်းခိုလေ့ရှိတာပါ။ မနှစ်ကတော့ မြန်မာ နိုင်ငံအထက်ဘက်ပိုင်းမှာ မိုးနည်းရေရှားဖြစ်ခဲ့တာကြောင့် တနင်္သာရီတိုင်းဘက်ရောက်လာခဲ့တာလို့ ဦးသက်ဇော်နိုင်က ပြောပါတယ်။

“မနှစ်က တနင်္သာရီတိုင်းဘက်ကို ခရုစုပ်ငှက် တွေရောက်လာတာက ဒီဘက်(မြန်မာနိုင်ငံအထက် ဘက်ပိုင်းမှာ) မိုးနည်းတာတို့၊ ရေနည်းတာတို့ရယ်၊ တခြား အနှောင့်အယှက်တွေကြောင့်ရယ်ဖြစ်ဖို့များတယ်” လို့ ဦးသက်ဇော်နိုင်က ဆိုပါတယ်။

ပုံမှန်ဆိုရင် တစ်နှစ်ရောက်ပြီးရင် နောက်နှစ်တွေလည်း လာလေ့ရှိတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ တနင်္သာရီတိုင်းသားအချို့က ဧည့်သည်ငှက်တွေကို လေးခွတွေ၊ အဆိပ်တွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ သတ်ဖြတ် စားသောက်တာတွေ ရှိခဲ့ပါတယ်။

တိုင်းသစ်တောဦးစီးဌာနကတောင် ဆောင်းခို ငှက်တွေကို မသတ်ကြဖို့ သတိပေးဆိုင်းဘုတ်တွေ နေရာတော်တော်များများမှာ လိုက်လံစိုက်ထူ သတိ ပေးခဲ့ရပါတယ်။

ဒါကြောင့် ဒီနှစ် ခရုစုပ်ငှက်တွေ တနင်္သာရီတိုင်းဘက် ဆောင်းလာမခိုကြတော့တာဟာ ဒေသခံ အချို့က သူတို့ကို သတ်ဖြတ်စားသောက်တာတွေ ကြောင့်လည်းပါနိုင်တယ်လို့ ငှက်ထိန်းသိမ်းရေးပညာရှင် ဦးသက်ဇော်နိုင်က ယူဆပါတယ်။

“သူတို့လာတဲ့အချိန်မှာ တချို့တွေက မသိကြဘူးလေ။ ဖမ်းကြတယ်။ ခြောက်လှန့်မောင်း ထုတ်တာတို့၊ စားကြတာတို့ရှိတာကိုး၊ အဲဒါလေးတွေလည်း ရိုက်ခတ်မှုနည်းနည်းရှိမယ်ထင်တယ်” လို့ သူက ဆိုပါတယ်။

လူတွေအနေနဲ့ ဆောင်းခိုငှက်တွေကို သတ်တာတို့၊ ခြောက်လှန့်တာတို့ မလုပ်ဖို့ကိုလည်း သူ က တိုက်တွန်းခဲ့ပါတယ်။

တနင်္သာရီတိုင်းဘက်က လယ်သမား တချို့ကလည်း အဲဒီငှက်တွေကို မသတ်ကြဖို့ နီးစပ်ရာပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ကိန်းဂဏန်းတိတိ ကျကျ မသိပေမဲ့ ကောင်ရေတော်တော်များများ အသတ်ခံလိုက်ရပါတယ်။

ထားဝယ်၊ လောင်းလုံး၊ ပုလော၊ ကော့သောင်းတို့ဘက်မှာ ခရုစုပ်ငှက်ကို သတ်ဖြတ်ထားတဲ့ အထောက်အထားတွေ မနှစ်က တွေ့ရှိခဲ့ပါတယ်။ တချို့က ထန်းရည်ဆိုင်ကို အမြီးလုပ်ဖို့ရောင်းစား တာတွေရှိခဲ့တယ်လို့ ရောင်းတာကိုတွေ့ခဲ့တဲ့ ဒေသခံတွေက ပြောဆိုဖူးပါတယ်။

ငွေတစ်ထောင်၊ ဟင်းစားတစ်ခွက်အတွက် လူတွေကို အကျိုးပြုတဲ့ ဂေဟစနစ်၊ သဘာဝအရင်း အမြစ်တွေကို ဖျက်ဆီးပစ်လိုက်တာ မတန်ဘူးလို့ ပညာရှင်တွေက အစဉ်တစိုက် ပြောဆိုနေတာတွေ ရှိပါတယ်။

တနင်္သာရီတိုင်းကို ခရုပ်စုပ်ငှက်ဒီနှစ်မလာတော့ပေမဲ့ လူတွေသတိမထားမိတဲ့ တခြားဆောင်း ခိုငှက်တွေ တော်တော်များများ နှစ်တိုင်းလိုပဲ လာနေကြမြဲပါ။ အဲဒီငှက်တွေကိုလည်း လူတွေအနေနဲ့ အန္တရာယ်မပြုကြဖို့ လိုတယ်လို့ သားငှက် ပညာရှင်တွေက အစဉ်တစိုက် တိုက်တွန်းကြပါတယ်။

“အဓိကကတော့ လူတွေက သူတို့ကို အန္တရာယ် မပေးဖို့ပါပဲ။ သူတို့လည်း သူတို့ကို အသက်အန္တရာယ် ပေးတာတို့ရှိမယ်ဆိုရင် မလာတော့ဘဲနဲ့ ဒီ့ပြင် နေရာကို ပြောင်းသွားတာမျိုးရှိမယ်လေ” လို့ ဦးသက်ဇော်နိုင်က ဆိုပါတယ်။

တနင်္သာရီတိုင်းရဲ့ ဒီနှစ်ဆောင်းက မနှစ် ကထက်ပိုအေးပါတယ်။ လယ်သမားတွေကလည်း ဆောင်းခိုငှက်လေးတွေကို မျှော်နေကြပါတယ်။

“စောင့်ကြည့်နေဦးမယ်။ သူတို့နောက်ပိုင်းဆိုရင် ရောက်လာနိုင်တယ်။ အဲဒါကိုစောင့်နေမှာ။ ရောက်လာရင်တော့ သေသေချာချာ ထိန်းသိမ်းရတော့မှာ” လို့ ဦးလွင်မိုးက ဆိုလိုက်ပါတယ်။

ကျော်သူစိုး