ကော့သောင်းလေယာဉ်ကွင်း မြေယာလျော်ကြေး ငွေကျပ်သိန်းပေါင်း လေးသောင်းကျော် လျာထား

0
375
ကော့သောင်းလေယာဉ်ကွင်း

ကော့သောင်းလေယာဉ်ကွင်းတိုးချဲ့မည့် ဧရိယာအတွင်း ပါဝင်နေသည့် နေအိမ်အဆောက်အအုံ၊ သီးနှံနှင့် မြေယာ လျော်ကြေးအတွက် ငွေကျပ်သိန်းပေါင်း လေးသောင်းကျော် လျာထားကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် တိုးချဲ့ရာတွင် သိမ်းဆည်းရမည့် မြေယာ၊ အဆောက်အအုံ၊ သီးနှံများအပေါ် လျော်ကြေးပေးရန် ပြီးခဲ့သည့် နှစ်ကတည်းကပင် စာရင်းကောက်ယူထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ဆိုသည်။

မြေယာလျော်ကြေးအတွက် ဒေသန္တရပေါက်ဈေး သတ်မှတ်ချက်များဖြင့် တွက်ချက်ပေးလျော်မည်ဖြစ်ပြီး အဆောက်အအုံ လျော်ကြေးကို စည်ပင် သာယာရေးနှင့် လမ်းဦးစီးဌာနတို့က တွက်ချက်ထားကြောင်း ၎င်းက ပြောသည်။

သီးနှံလျော်ကြေးအတွက်ကိုမူ စိုက်ပျိုးရေးဦးစီးဌာန၏ သတ်မှတ်ချက်များဖြင့် ပေးလျော်ရန် တွက်ချက်ထားသည်ဟု ဆိုသည်။

“(စာရင်းတွေကို) ကောက်ထားတာက မနှစ်လောက်ကတည်းက လိုက်ကောက်ထားတာ” ဟု ဦးဇော်လင်းထွန်း က ပြောသည်။

ဒေသခံတွေ ပွင့်လင်းမြင်သာစွာ ပြောဆိုပြီး စာရင်းကောက်ယူထားပြီး ဖြစ်ကာ ထပ်တိုးလာသည့်အပေါ် လျော်ကြေးပေးမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိကော့သောင်းလေယာဉ်ကွင်း အကျယ်အဝန်းမှာ ဧက ၁၀ဝ ကျော်ရှိပြီး နိုင်ငံတကာအဆင့်မီကွင်းအဖြစ် အဆင့်မြှင့်မည်ဆိုပါက စုစုပေါင်း မြေနေရာ ဧက ၅၀ဝ ကျော်လိုအပ်မည် ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိသိမ်းဆည်းရမည့် အဆောက်အအုံ၊ မြေယာ၊ နေအိမ်အစရှိသည့် အရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

လျော်ကြေးငွေကိစ္စ အသေးစိတ်တွက်ချက်မှုကို တောင်းခံထားဆဲဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

လျော်ကြေးငွေတွက်ချက်မှုအသေး စိတ်ရရှိပါက တိုင်းအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြဆွေးနွေးရမည်ဖြစ်ပြီး အတည်ပြုပါက သက်ဆိုင်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံ ပေးပို့ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းဝန်ကြီးဌာနမှ အတည်ပြုမှသာ လျော်ကြေးပေးချေရေးကို စတင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

ကော့သောင်းလေဆိပ်အား အစိုးရ -ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့် စနစ် (PPP) ဖြင့် အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူရာ Yangon Aerodrome Co., Ltd နှင့် KT Group တို့မှ အဆိုပြုလွှာများ တင်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။