တားမြစ်ပိုက်ဖြင့် ထားဝယ်မြစ်အတွင်း ငါးဖမ်းဟုဆို

0
172
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြစ်အတွင်းတွင် ပင်လယ်ပြင်မှာကဲ့သို့ပင် ငါးမူးပိုက်အရွယ် ပိုက်ကွက်စိပ်များဖြင့် ငါးဖမ်းဆီးနေကြကြောင်း မြစ်အတွင်း ငါးဖမ်းဆီးနေသည့် လောင်းလုံးမြို့နယ်က ငါးဖမ်းသမားတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။

ထားဝယ်မြစ်ထဲတွင် ငါးဖမ်းဆီးရန်အတွက် ပိုက်ကွက်နှစ်လက်မခွဲအရွယ် အနုမြူပိုက်နှင့် လေးလက်မအရွယ်ရှိ ပုစွန်ဖမ်းသည့် သုံးထပ်ပိုက်တို့ဖြင့်သာ ခွင့်ပြုထားသည်။

ယင်းကဲ့သို့ ခွင့်မပြုထားသည့် ပိုက်ကွက်စိပ်ဖြင့် ငါးဖမ်းဆီးနေသည့် လှေအစီးငါးဆယ်ခန့်ရှိပြီး အားလုံးမှာ ထားဝယ်မြို့ဘက်မှ ငါးဖမ်းသမားများဖြစ်ကြောင်း အမည်မဖော်လိုသည့် အထက်ပါ ငါးဖမ်းသမားက ဆိုသည်။

ထားဝယ်မြစ်အတွင်း ဒီရေတက်ချိန်၊ ညနေမှောင်ရီသမ်းချိန်တွင် ပိုက်ကွက်စိပ်များကို မြစ်ကမ်းနား တစ်လျှောက် တန်းထားပြီး လှေတစ်စီးလျှင် အလျား အလံလေးရာခန့်ရှိသည့် ပိုက်ကွက် စိပ်များကို အသုံးပြုနေကြောင်း ၎င်းက ဆိုသည်။ ယင်းလှေများကို ကမ်းတား ပိုက်လှေဟု ရေလုပ်သားတို့က ခေါ်ဆိုကြသည်။

“အခုတားနေတဲ့ပိုက်တွေက လက်သန်းလေးတောင်ထိုးသွင်းလို့မဝင်ဘူး။ ကျွန်တော်တို့သုံးနေတဲ့ပိုက်နဲ့ဆိုရင် ခြောက်ဆလောက်တောင်ကွာတယ်။ ကမ်းဝင်တဲ့ငါးမှန်သမျှ အကုန်သေပဲ။ ဒီလိုပဲ ရေရှည်ဖမ်းနေရင် အကုန်လုံးကုန် သွားတော့မှာ။ အခုကာလကို ဘာမှ မရှိတော့ဘူး” ဟု ငါးဖမ်းသမား တစ်ဦးက ဆိုသည်။

ငါးလုပ်ငန်းဦးစီးဌာအနေဖြင့်လည်း ယင်းကဲ့သို့ ပိုက်ကွက်စိပ်များဖြင့် ဖမ်းဆီးနေနိုင်ကြောင်း သုံးသပ်သော်လည်း လိုက်လံဖမ်းဆီးအရေးယူရန် လှေမရှိဟုဆိုသည်။ လှေငှားပြီး လိုက်ဖမ်းရန် ငှားရမ်းစရိတ်လည်းမရှိဟုဆိုသည်။

လောင်းလုံးမြို့နယ်မှ အမည်မဖော်လိုသည့် ငါးဖမ်းသမားအဆိုရ ပိုက်ကွက်စိပ်ဖြင့် ငါးဖမ်းနေသည့် ကမ်းတားပိုက် လှေများကို မြစ်အတွင်း လိုက်လံဖမ်းဆီး ရန်မလိုပေ။

ဒီရေတက်နေ့ နံနက်ကိုးနာရီဝန်းကျင်တွင် ထားဝယ်ဘက်ခြမ်းရှိ ဘောတံတားတွင် စောင့်ကြည့်ရုံဖြင့် သိနိုင်သည်ဟု ဆိုသည်။

“သူတို့က နေ့ဘက်ဆို မဖမ်းကြဘူး။ ညနေလောက်မှ ပိုက်တန်းတာ။ မနက်ကိုးနာရီလောက်ဆို လူလေး ယောက်လောက်ပိုက်တွေ ထမ်းတင်လာ လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ကျော်သူစိုး