လောင်းလုံးမြို့နယ် မွေးမြူရေးနှင့် ကုသရေးရုံး အသစ်ပြန်ဆောက်မည်

0
154
မွေးမြူရေးနှင့် ကုသရေးရုံး

လောင်းလုံးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးရုံးကို အသစ်ပြန်ဆောက်မည် ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိ ရှိနေသည့် ရုံးဟောင်းမှာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိနေပြီဖြစ်ပြီး သစ်သားဖြင့် ဆောက်လုပ်ထားသည့် ရုံးမှာ ဟောင်းနွမ်းနေပြီဖြစ်သောကြောင့် အသစ်ပြန်ဆောက်ခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ ခင်ဥမ္မာလွင်က ပြောသည်။

“အခု တင်ဒါခေါ်ထားတာလည်း အကုန်ပြီးပြီ။ ဒါပေမယ့် ဘယ်တင်ဒါ အောင်တယ်ဆိုတာ မသိသေးဘူး။ အောင်တယ်ဆိုရင် ဆက်လုပ်ရုံပဲကျန်တော့တယ်။ လုပ်ငန်းတွေက စောင့်နေဆဲ အဆင့်ပဲ ကျန်တော့တာပေါ့နော်” ဟု ဒေါက်တာ ခင်ဥမ္မာလွင်က ဆိုသည်။

အသစ်ဆောက်လုပ်မည့် ရုံးကို တင်ဒါအောင်၍ စာချုပ်ချုပ်ပြီးပါ ရုံးအဟောင်းကို ဖျက်သိမ်းကာ လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးသစ်တည်ဆောက် ရန် ကျပ်သိန်း နှစ်ရာခြောက်ဆယ်ကျော် လျာထားပြီး အလျား ၃၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ RC တစ်ထပ်ဆောင် ဆောက်လုပ်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်