တနင်္သာရီတိုင်း တရားမဝင် သစ်ဖမ်းမှု ကျဆင်း

0
173
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်း တရားမဝင် သစ်ဖမ်းမိမှု ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် တန်ချိန် တစ်ရာကျော်လျော့ကျခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တနင်္သာရီ တိုင်းအတွင်း သစ်တန်ချိန် ၁၁၀၃ ဒဿမ ၈၁၉၃ တန် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၉၅၉ ဒဿမ ၈၃၈၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

ကိုဗစ်ကာလတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်း၊ ပြည်တွင်း၌ အသွားအလာများ ကန့်သတ်ထားခြင်း၊ လမ်းပေါ်ရှိ ဂိတ်အသီးသီးတွင် ကိုဗစ် ကပ်ဘေးကြောင့် လုံခြုံရေးတင်းကျပ်ကာ လူအဝင်အထွက် စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် သစ်ခိုးကားများ ထွက်မရခြင်းကြောင့် သစ်ခိုးထုတ်မှုများ လျော့နည်း သွားခြင်းဖြစ်နိုင်ကြောင်း တိုင်းသစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောသည်။

“]နောက်တစ်ခုကတော့ ဈေးကွက်ပေါ့နော်။ လူတွေမှာ ငွေရေးကြေးရေး အဆင်မပြေ၊ အလုပ်အကိုင်ရှားပါး၊ ပြည်တွင်း အရောင်းအဝယ်တွေ နည်းနည်း အေးနေတဲ့အချိန်ဖြစ်နေတော့ သစ်နဲ့ ပတ်သက်ပြီးတော့ အရောင်းအဝယ်မှာ ဝယ်လိုအားနည်းသွားလို့လည်း ဖြစ်နိုင် တယ်ပေါ့။ အဓိကတော့ ကိုဗစ်ကြောင့်လို့ ထင်တယ်” ဟု ဦးမောင်မောင်အေးက ဆိုသည်။

ကိုဗစ်ကာလတွင် ကုန်းလမ်းမှ သစ်ခိုးထုတ်မရသဖြင့် ရေလမ်းကြောင်းမှ သစ်ခိုးထုတ်မှုများ ရှိနေပြီး မြိတ်ခရိုင်တွင် ပိုများနိုင်သည်ဟု ၎င်းက ပြောသည်။

လူထုသတင်းပေးချက်အရ သစ်ဖမ်းမိမှုများရှိသော်လည်း သတင်းအရ သွားရောက်ဖမ်းဆီးချိန်တွင် သစ်ခိုး ထုတ်သူများက ဦးစွာရှောင်တိမ်းသွား သဖြင့် ပိုင်ရှင်မဲ့ ဖမ်းမိခြင်းများရှိသည်ဟု ဦးမောင်မောင်အေးက ပြောသည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဖမ်းဆီးရမိသော သစ်အမျိုးအစားများအနက် သစ်မာတန်ချိန် ၁၄၀ ဒဿမ ၅၃၅၄ တန် ရှိပြီး အခြားသစ်မှာ ၈၁၈ ဒဿမ ၂၆ တန် ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ဌာန၏ စာရင်းများအရ သိရသည်။

သစ်မာအမျိုးအစားတွင် ပျဉ်းက တိုး၊ ပိတောက်၊ သစ်ရာ၊ အင်ကြင်း၊ သင်္ကန်း စသည်တို့ပါဝင်သည်။

မိုးမြင့်