ဂျင်းနိုင်ငံရေး သင်ခန်းစာ

0
1102

ဒီမိုကရေစီ ဘိုးအေလို့ ညွှန်းကြသည့် အမေရိကန်ပြည်ထောင်စုအတွက်တော့ တကယ် သင်ခန်းစာ ကြီးကြီးရလိုက်သည်။

အမေရိကန်ကို အမေရိကန်တို့ ပြန်ယူမည်။ အမေရိကန်နိုင်ငံ ကြီးကျယ် မြင့်မြတ်လာအောင် ပြန်လုပ်မည်။ အမေရိကန်သို့ ရွှေ့ပြောင်းလာသူများကို ပိတ်ပင်ပြီး အမေရိကန်သည် အမေရိကန်တို့အတွက်သာ ဖြစ်အောင် လုပ်မည်ဟူသော အများကြိုက် မဲဆွယ်စကားများဖြင့် ဒေါ်နယ်ထရမ့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပြီး သမ္မတ ဖြစ်လာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင်တော့ ရှုံးသွားသည်။ သို့သော် ရွေးကောက်ပွဲတွင် မဲလိမ်မှုများရှိသည်ဟု ဆိုကာ ရွေးကောက်ပွဲရလဒ်ကို တွင်တွင်ငြင်းဆိုသည်။ နောက်ဆုံး အာဏာလွှဲပေးဖို့ပင် မရေရာမှုများ ဖြစ်လာသည်။ ယခုတော့ ညင်ညင်သာသာ အာဏာလွှဲပေးဖို့တော့ သေချာသည်။ သို့သော် ထွက်တော်မူ နန်းမှ မခွာခင် ကသောင်းကနင်း နေ့ရက်များကိုတော့ ထားခဲ့သေးသည်။

အမေရိကန်ပြည်ထောင်စု လွှတ်တော်သို့ ချီတက်၍ ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ် ဆန္ဒပြကြရန် သူ့ကို ထောက်ခံသူများကို လှုံ့ဆော်လိုက်သည်။ သူ့ကို ထောက်ခံသူများကလည်း လွှတ်တော်ကို ရိုးရိုးဆန္ဒပြရုံပင် မကတော့ဘဲ လွှတ်တော်ကို ဝင်စီး၊ လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းများကို ဝင်စီးသည်အထိ ဖြစ်သွားခဲ့သည်။ ကျင်းပဆဲ လွှတ်တော်ကိုလည်း ရုတ်တရက် ရပ်နားကာ လွှတ်တော် အမတ်များသည်လည်း ဘေးလွတ်ရာ ရှောင်သွားကြရသည်။

ယင်းရက်စွဲများသည် ဒီမိုကရေစီ ဘိုးအေ အမေရိကန်တို့အတွက် အရှက်ရစရာ နေ့ရက်များ ဖြစ်ခဲ့သည်။

အလိမ်အညာများ၊ လူပြိန်းကြိုက်များဖြင့် လူအများကို ဂျင်းထည့် မဲဆွယ်လာခဲ့သော ထရမ့်၏ ရက်စွဲများမှာ များစွာ မကျန်တော့ဘဲ နာမည်ဆိုးဖြင့် ကျန်ခဲ့မည့် အမေရိကန်သမ္မတတစ်ဦး ဖြစ်သွားပြီဖြစ်သည်။ ယခင်က သူ့ကို ထောက်ခံခဲ့သော ပါတီနှင့် လွှတ်တော်အမတ် အချို့ပင်လျင် သူ့ဘက်တွင် မရှိတော့ပါ။ ဂျင်း နိုင်ငံရေး၏ နောက်ဆုံးရက်များ ဖြစ်လာပြီဖြစ်သည်။

ဤနေရာတွင် ပြောလိုရင်းမှာ အလိမ်အညာ၊ လူပြိန်းကြိုက် ဂျင်းနိုင်ငံရေးသည် ခေတ္တ ခဏ၏ အောင်နိုင်ကောင်း အောင်နိုင် နိုင်သော်လည်း တစ်ချိန်ချိန် တွင် သမိုင်းက မလွတ်တမ်း မှတ်ကျောက်တင်သွားလိမ့်မည်ဖြစ်ကြောင်း မီးမောင်း ထိုးပြလိုရင်း ဖြစ်သည်။

အယ်ဒီတာ (ဇန်နဝါရီ ၈၊ ၂၀၂၁)