အလွဲသုံးခံရသည့် မြေယာ ပုံစံ(၇) ဒုံးပုလဲအော် တောင်သူများ ပြန်လည်ရရှိ

0
177

ကျေးရွာတာဝန်ရှိသူများက အလွဲသုံးထားသည့် မြေယာပုံစံ(၇)များ ဒုံးပုလဲ အော်ကျေးရွာ တောင်သူများ၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း မြိတ်အများပိုင် ကုမ္ပဏီနှင့် တောင်သူများ ထံမှသိရသည်။

မြိတ်မြို့ရှိ တောင်ပိုင်းသားသတင်း အေဂျင်စီရုံးခန်းတွင် ဇန်နဝါရီလ ၈ ရက်နေ့နံနက်က တောင်သူများမှ ယင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် မြိတ်အများပိုင် ကုမ္ပဏီမှ ယင်းနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေး ရွာနေတောင်သူ ၉ ဦးပိုင်ပုံစံ (၇) များအား ယင်းကျေးရွာတာဝန်ခံနှင့် ကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူးတို့က ၂၀၁၈ ဒီဇင်ဘာလ အတွင်းက ပုံစံ(၁၀၅) နှင့် ပုံစံ(၁၁) ကျအောင် လုပ်ပေးမည်ဟုဆိုကာ မြိတ်အများပိုင်ကုမ္ပဏီတွင် လာရောက် ပေါင်နှံထားခဲ့ခြင်းဖြစ်သည်။

ပုံစံ(၇) ပေါင်နှံထားခြင်းကို တောင်သူများက ၂၀၂၀ ခုနှစ်တွင်မှ သိရှိရပြီး ၎င်း တို့၏ပုံစံ(၇) ပြန်လည်ရရှိရေး သက် ဆိုင်ရာဌာနများနှင့် နေပြည်တော်အထိ တိုင်ကြားခဲ့ပြီးနောက် ယခုလို သတင်းစာရှင်းလင်းပွဲ လာရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့မှ ကျေးရွာနေတောင်သူများ အခက်အခဲရှိနေသည်ဟုဆိုကာ ပုံစံ(၇)များယူဆောင်လာ၍ ငွေကျပ်သိန်း ၂၀ဝ ဖြင့် လာရောက်ပေါင်နှံခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက‌ ပြောသည်။

“ဒီငွေတွေတောင်သူ လက်ထဲ မရောက်ဘူးဆိုတာ သတင်းစာရှင်းလင်း ပွဲလုပ်မှသိလိုက်ရတယ်။ ခုလိုမြင်ရ ကြားလိုက်ရတာကိုလည်း သူတို့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်” ဟု အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမျိုးအောင်က ပြောသည်။

ပုံစံ(၇)ပေါင်နှံပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေကျပ်သိန်း ၁၄၀၊ ကျေးရွာတာဝန်ခံက ငွေကျပ်သိန်း ၂၀ နှင့် ရွာသားတစ်ဦးက ငွေကျပ်သိန်း ၄၀ အသီးသီးယူခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ပုံစံ (၇) ပြန်ပေးပြီးနောက် ကိုဗစ် ထောက်ပံ့ကြေးအဖြစ် တောင်သူတစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှင့် ဆန်ဆီများကိုလည်း အဆိုပါကုမ္ပဏီမှ ထောက်ပံ့ပေးခဲ့ပြီး ရွာအရောက် အမြန်ယာဉ်ဖြင့် ပို့ပေးခဲ့သည်ဟု တောင်သူ ဦးလင်းကိုကိုဦး ကပြောသည်။

“ပုံစံ(၇)တွေတောင်သူ လက်ဝယ်အရောက် မှန်မှန်ကန်ကန် ပြန်ပေးခဲ့တဲ့ အများပိုင်ကုမ္ပဏီမှ လူကြီးမင်းများကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒုံးပုလဲအော်ကျေးရွာတွင် ဗမာ၊ ကရင်နှင့်ဆလုံလူမျိုးများ နေထိုင်ကြပြီး အလွဲသုံးစားပြုလုပ်ခံရသည့် စာရွက်စာ တမ်းများသည် ကရင်နှင့် ဆလုံတိုင်းရင်းသားများ၏ ပုံစံ(၇) များဖြစ်သည်။

ကိုဆန်း