လည်ပတ်သူများနေသည့် ထင်းရှူးတောင်တွင် တားမြစ်ချက်များ ထုတ်ပြန်

0
934
ထင်းရှူးတောင်

ကိုဗစ်ကာလအတွင်း သွားရောက် လည်ပတ်သူများနေသည့် ထားဝယ်မြို့နယ်အတွင်းရှိ ထင်းရှူးတောင်တွင် တားမြစ်ချက်အချို့ကို ထုတ်ပြန်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ကိုဗစ်ကြောင့် ကမ်းခြေသို့ လည်ပတ်ခွင့်ပိတ်ထားသည့်အတွက် တောတောင်သို့ သွားရောက်လည်ပတ်သူ များနေသည်။

ယင်းအခြေအနေတွင် ထားဝယ်မြို့မှ မိုင် ၄၀ ကျော် အကွာတွင်ရှိသည့် ထင်းရှူးတောင်သို့ သွားရောက်လည်ပတ်သူ များပြားလာပြီး အလေ့ကျပေါက်နေသည့် ထင်းရှူးပင်ငယ်များကို နုတ်ယူ လာကြကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုသည်။

“သစ်ပင်ရဲ့ သဘောသဘာဝကို မသိကြဘူး၊ ဒီမှာရှင်သလို အိမ်မှာစိုက်ရင်လည်း ရှင်မယ်ဆိုပြီးတော့ ထင်းရှူးပင်တွေကို အလှစိုက်ချင်တော့ နုတ်ယူကြတယ်” ဟု ဦးမောင်မောင်အေးက ပြောသည်။

ထင်းရှူးပင်မှာ အေးမြသည့်တောင် ပေါ်ဒေသတွင် ပေါက်ရောက်ရှင်သန်နိုင် ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် စည်းကမ်းမဲ့အမှိုက်စွန့် ပစ်မှုများနှင့် သစ်ပင်တွင် ဓားဖြင့်ရေးခြစ် ခြင်းများ လုပ်ဆောင်လာကြသည်။

တနင်္သာရီတိုင်းတွင် ယင်းနေရာ တစ်ခုတွင်သာ ထင်းရှူးပင်ရှင်သန် ပေါက်ရောက်ပြီး သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသည်။

ယင်းကြောင့် အလေ့ကျပေါက်နေသည့် ထင်းရှူးပင်ငယ်များ နုတ်ယူ ခြင်းမပြုဘဲ ထင်းရှူးတောရေရှည်တည်တံ့ရေး ကူညီကြရန် မေတ္တာရပ်ခံသည့် ဗီနိုင်းများကို ဇန်နဝါရီလအစောပိုင်းတွင် သစ်တောဌာနဝန်ထမ်းများက သွားရောက်စိုက်ထူခဲ့သည်။

ထို့အပြင် ထင်းရှူးပင်မှာ သစ်တောဥပဒေအရ တားမြစ်သစ်ပင်စာရင်းတွင် ပါဝင်ပြီး ခုတ်လှဲဖျက်ဆီးပါက ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ်ကျပ် ငါးသိန်းမှ ဆယ်သိန်းအထိ ချမှတ်နိုင်သည့်အပြင် ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ကြောင်း သတိပေးသည့် ဗီနိုင်းများ စိုက်ထူခဲ့သည်။

သစ်တောဌာနကလည်း ရှောင်တခင်သွားရောက်စစ်ဆေးမည်ဖြစ်ပြီး ခုတ်လှဲဖျက်ဆီးသူများ တွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင် မောင်အေးက ဆိုသည်။

“သွားတော့သွားပါ။ ဒါပေမဲ့ သစ်ပင်တွေကို မဖျက်ဆီးဘဲနဲ့ သူ့ဟာသူ သဘာဝအတိုင်းပေါက်နိုင်ဖို့၊ ပြီးတော့ အပင်သေးသေးလေးတွေမနုတ်ဖို့၊ ပြီးလို့ ရှိရင် အမှိုက်သရိုက်တွေ မစွန့်ပစ်ဖို့ အဲဒါမျိုးလေးတွေ အသိပေးချင်လို့ပါ”