ကိုဗစ်ကြားမှ ညမွှေးပန်းများ

0
752
ကိုဗစ်ကြားမှ ညမွှေးပန်းများ

နီယွန်မီးသီးများထွန်းထားသည်ထားဝယ်မြို့ပေါ်ရှိ ပေတစ်ရာလမ်းမကြီးပေါ်တွင် အသက် ၁၇ နှစ်အရွယ် မိန်ကလေးငယ်တစ်ဦး လမ်းလျှောက် နေသည်။

ထိုသို့ လျှောက်နေသည်မှာ တစ်ရက်လည်း မဟုတ်၊ တစ်လလည်း မဟုတ်။ နှစ်ချီကြာမြင့်နေပြီ ဖြစ်ပြီး ယင်းသို့ လမ်းလျှောက်ခြင်းကပင် သူမအဖို့ အလုပ်လုပ်နေခြင်းပင်ဖြစ်သည်။

သူမအမည်မှာ မဖြူ(အမည်လွှဲ) ဖြစ်ပြီး ပုံမှန်အတိုင်းပင် လျှောက်နေသည့်ခြေလှမ်းများက သူမအဖို့ ဖောက်သည်ရှာနေခြင်းပင်ဖြစ်သည်။

သူမနှင့် ပျော်ပါးလိုသည့် အမျိုးသားများက ဆိုင်ကယ်ဖြင့် ရောက်လာကာ အလုပ်လုပ်မည့် နေရာသို့ ခေါ်ဆောင်သွားလေ့ရှိပြီး အလုပ်ကိစ္စပြီး ပါက ပြန်လာပို့ပေးလေ့ရှိသည်။

သူမနှင့် တစ်ကြိမ်ပျော်ပါးပါက ငွေကျပ် ငါးထောင်ပေါက်ဈေးရှိပြီး လက်ရှိတွင် ကိုဗစ် ကြောင့် ယခင်ကဲ့သို့ ဝင်ငွေမရွှင်တော့ဟု မဖြူက ဆိုသည်။ သူတို့အားလုံး ကိုယ်စီ ကိုဗစ်ကြောင့် စားဝတ်နေရေး ကျပ်တည်းကြရသည်။ ကပ်ဘေး ကာလအတွင်း သူစိမ်း တစ်ဦးနှင့် တစ်ဦး လိင်ဆက်ဆံပျော်ပါးဖို့ မဆိုထားနှင့်၊ အချင်းချင်းတွေ့ဆုံသည့် အချိန်တွင်ပင် နှာခေါင်းစည်း တပ်ထားရလေ့ရှိရာ မဖြူကဲ့သို့သော ပြည့်တန်ဆာများ ဝင်ငွေကျဆင်းသည်မှာ ထူးခြားသော အရေးတော့ မဟုတ်လှပါ။ ထားဝယ်မြို့တွင် မဖြူကဲ့သို့ လမ်းလျှောက် ပြည့်တန်ဆာများအပြင် အခြားပြည့်တန်ဆာ အမျိုးအစားလေးမျိုး ရှိသည်။ ယင်းတို့အားလုံးလည်း တစ်နည်းမဟုတ်၊ တစ်နည်း ထိခိုက်ကြသည်။

လမ်းလျှောက်ပြည့်တန်ဆာ
လမ်းလျှောက်ပြည့်တန်ဆာမှာ ပျော်ပါးခ နည်းပါးပြီး ကျပ်ငါးထောင်ကျပ်မှ ခုနစ်ထောင်ဝန်း ကျင်အထိ ပေါက်ဈေးရှိသည်။

ထားဝယ်မြို့တွင် မဖြူကဲ့သို့ လမ်းလျှောက် ပြည့်တန်ဆာမှာ ယခင်က အတော်အသင့် ရှိခဲ့သော်လည်း လက်ရှိတွင် အနည်းငယ်သာရှိတော့သည်။

လမ်းလျှောက်ပြည့်တန်ဆာများမှာ အခြား ပြည့်တန်ဆာများထက် ပိုအန္တရာယ်များပြီး အခြေခံ လူတန်းစားများက အများဆုံး အသုံးပြုကြသည်။

အိမ် ပြည့်တန်ဆာ
အိမ် ပြည့်တန်ဆာဆိုသည်မှာ မြို့အတွင်းရှိ နေအိမ်တွင်ပင် အလုပ်လုပ်ပြီး ပျော်ပါးမည့်အခန်းကို နေအိမ်ခြံဝင်းအတွင်းမှာပင် ဆောက်လုပ်ထား ကြသည်။

ထားဝယ်မြို့တွင် ကိုဗစ်မဖြစ်မီက ပြည့်တန်ဆာနေအိမ် အနည်းဆုံး ၄ လုံးထက်မနည်းရှိရာမှ လက်ရှိတွင် အဖမ်းအဆီးကြောင့် နာမည်ကြီး အိမ်ပြည့်တန်ဆာ၂ လုံးသာ ကျန်တော့သည်။

အဆိုပါနေအိမ် ၂ လုံးတွင်လည်း ပြည့်တန်ဆာ ဦးရေ ဆယ်ဂဏန်းပင် မပြည့်တော့ပေ။
တစ်ကြိမ်ပျော်ပါးခအဖြစ် ကျပ်တစ်သောင်းခွဲ ပေါက်ဈေးရှိသော်လည်း ကိုဗစ်ကပ်ဘေးကြောင့် ဧည့်သည့်အဝင်နည်းသဖြင့် ကျပ်တစ်သောင်း သုံးထောင်ကျပ်သို့ ဈေးချထားကြောင်း နေအိမ်ပိုင်ရှင် ပြည့်တန်ဆာခေါင်း အမျိုးသမီးက ဆိုသည်။

ပြည့်တန်ဆာအမျိုးသမီးများမှာ ဧည့်သည်နှင့် တစ်ကြိမ်အသုံးတော်ခံပါက ငါးထောင်ကျပ်သာရကြောင်း ယင်းနေအိမ်တွင် ပြည့်တန်ဆာလုပ်နေသည့် မမျိုးမျိုး (အမည်လွှဲ)က ဆိုသည်။

“ပိုင်ရှင်က ထမင်းကျွေးထားပြီး နေစရာပေးထားလို့ အဲလောက်ပဲ ပေးတယ်” ဟု မမျိုးမျိုးက ပြောသည်။

ယင်းနေအိမ်တွင် မမျိုးမျိုး အပါအဝင် လုပ်ဖော်ကိုင်ဖက် ၄ ဦးသာ ရှိပြီး တစ်နာရီလျှင် ကျပ်သုံးသောင်း၊ တစ်ညအိပ်ဆိုပါက ကျပ်ငါးသောင်း ပေါက်ဈေးရှိသည်။

အခန်းနေ ပြည့်တန်ဆာ
အခန်းနေ ပြည့်တန်ဆာမှာ ထားဝယ်မြို့တွင် ဦးရေအများဆုံးဖြစ်ပြီး အရေအတွက် မည်မျှရှိနိုင် သည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ အခန်းနေပြည့် တန်ဆာမှာ အိမ်ခန်းငှားနေထိုင်သူများဖြစ်ပြီး ၎င်းတို့ ခေါင်းဆောင်မှ တစ်ဆင့် ချိတ်ဆက်လာသူ များထံ လိုက်လံ ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။

ယခင်က အခန်းနေပြည့်တန်ဆာအရေအတွက်မှာ ဆယ်ဂဏန်းသာရှိသော်လည်း ကိုဗစ်ကပ်ဘေးကြောင့် လက်ရှိတွင် ဦးရေကို မခန့်မှန်းနိုင်တော့သည်အထိ များပြားလာသည်။

အကြောင်းမှာ ကိုဗစ်ကပ်ဘေးကြောင့် KTV ဆိုင်များ ပိတ်လိုက်ရသည့်အတွက် ယင်းဆိုင်များတွင် အလုပ်လုပ်သည့် အမျိုးသမီးအချို့မှာ နေရပ် မပြန်သေးဘဲ အခန်းနေပြည့်တန်ဆာများ ဖြစ်သွားခဲ့သည်။

ထို ပြည့်တန်ဆာများမှာ ၎င်းတို့နေထိုင်ရာ အခန်းတွင် အလုပ်မလုပ်ဘဲ ဟိုတယ်၊ တည်းခိုခန်း စသည့်နေရာများတွင် အလုပ်လုပ်ကြပြီး ၎င်းတို့ကို ပြည့်တန်ဆာခေါင်းတစ်ဦးက ထိန်းချုပ်ထားသည်။

၎င်းတို့ကို ခေါ်ယူပျော်ပါးမည့်သူက အဆိုပါ ပြည့်တန်ဆာခေါင်းမှတစ်ဆင့် ချိတ်ဆက်ခေါ်ယူရပြီး နာရီအလိုက်ဝန်ဆောင်မှုနှင့် ညအိပ်ဝန်ဆောင်မှုတို့သာ လက်ခံကြသည်။

ပျော်ပါးချိန် တစ်နာရီလျှင် ငွေကျပ်သုံးသောင်း သတ်မှတ်ထားပြီး ညအိပ်ဈေးနှုန်းမှာ ခုနစ်သောင်းကျပ် သတ်မှတ်ထားသည်ဟု ထားဝယ်မြို့အစွန်ဘက် ရပ်ကွက်တစ်ခုရှိ အခန်းနေပြည့်တန်ဆာခေါင်း အမျိုးသားတစ်ဦးက ဆိုသည်။

ဧည့်သည်ထံမှ တစ်ည ဝန်ဆောင်ခအဖြစ် ခုနစ်သောင်းကျပ် ယူသော်လည်း ၎င်းက ကျပ်ငါးသောင်းခွဲသာ ရသည်ဟု ဆိုသည်။

ကျန်သည့် ငွေကျပ် တစ်သောင်းခွဲကို ကယ်ရီသမား သို့မဟုတ် ဧည့်သည်ခေါ်လာပေးသူအား ကော်မရှင်အဖြစ် ပြန်ပေးလေ့ရှိသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

“အခုတော့ ကိုဗစ်ဖြစ်နေတော့ စီးပွားရေး အဆင်မပြေကြလို့လား မသိဘူး၊ ဧည့်သည်မရတဲ့ ရက်တွေက များနေတယ်” ဟု အဆိုပါ အမျိုးသားက ဆိုသည်။

၎င်းတို့၏ အဓိကဧည့်သည့်မှာ တစ်နယ်တစ်ကျေးမှ လာရောက်သည့် ခရီးသွားဧည့်သည်များပင်ဖြစ်ပြီး လက်ရှိတွင် ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလာခွင့်များ ကန့်သတ်ထားသည်။

တစ်ကိုယ်တော် ပြည့်တန်ဆာ
တစ်ကိုယ်တော်ပြည့်တန်ဆာ ဆိုသည်မှာ နေအိမ် သို့မဟုတ် တည်းခိုခန်းတွင် နေထိုင်ပြီး လုပ်ကိုင်သူဦးရေ နည်းပါးသည်။

၎င်းတို့က ဆိုင်ကယ်ကယ်ရီများနှင့် အခြားအချိတ်အဆက်များဖြင့် ဧည့်သည်ရှာကြပြီး တစ်ကြိမ်ပျော်ပါးခမှာ ငွေကျပ် တစ်သောင်းခွဲဝန်းကျင် ရှိသည်။

တစ်ညတာ ဝန်ဆောင်ခအဖြစ် ကျပ်ငါးသောင်းဝန်းကျင် ပေါက်ဈေးရှိပြီး ဟိုတယ် သို့မဟုတ် တည်းခိုခန်းသို့ ခေါ်ယူနိုင်သည်။

မဖြူကဲ့သို့ လမ်းလျှောက်ပြည့်တန်ဆာများ အပါအဝင် အခြားပြည့်တန်ဆာအုပ်စုရှိ အမျိုးသမီး အားလုံးမှာ ၎င်းတို့အား အကာအကွယ်ပေးနိုင်သည့် ဥပဒေမရှိသေးပေ။
ရမ်းကားသူများ၏ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း၊ လိင်အကြမ်းဖက်ခြင်းများလည်း ကြုံတွေ့ခဲ့ရသည်ဟု မဖြူက ဖွင့်ဟသည်။

ဧည့်သည်က ဆိုင်ကယ်ဖြင့်တင်ခေါ်ပြီး စိတ်ကြိုက်ပျော်ပါးကာ ငွေကြေးမပေးဘဲ ရိုက်နှက်ခံရသည်အထိ ကြုံတွေ့ခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။

“အချို့ဆိုရင် ပိုက်ဆံမပေးဘဲနဲ့ လုပ်သွားတဲ့ လူတွေလည်းရှိတယ်။ ပြီးရင် အဲနေရာမှာပဲ လမ်းမှာ ထားခဲ့တယ်” ဟု မဖြူက ပြောသည်။

ယင်းကဲ့သို့ အနေအထားမျိုးတွင် သူမအနေဖြင့် နစ်နာမှုအတွက် တိုင်ကြားရမည့် နေရာမရှိခဲ့ပေ။

နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိလာသော ပြည့်တန်ဆာလုပ်ငန်းမှာ နိုင်ငံအများစုတွင် သီးခြားဥပဒေဖြင့် တရားဝင်ဖွင့်ခွင့်ပြုထားကြသည်။ သို့သော် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နိုင်သော ဥပဒေမရှိသေးဘဲ တရားမဝင်အဖြစ်သာ တည်ရှိနေသဖြင့် အမျိုးမျိုးသော အဖွဲ့၊ ဌာန၊ ပုဂ္ဂိုလ်များ၏ ခေါင်းပုံဖြတ်မှု ခံရလေ့ရှိသည်။

ပြည့်တန်ဆာ အမျိုးသမီးများ၏ ဘဝ အကာအကွယ်ရရှိရန်နှင့် HIV ကဲ့သို့ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည့်တန်ဆာဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းသင့်ကြောင်း ထားဝယ် အမျိုးသမီးသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင် (ခ) မီးလေးက ဆိုသည်။

ထိုသို့ ဥပဒေရှိမှသာ ပုံမှန်ကျန်းမာ ရေးစစ်ဆေးခြင်းနှင့် အကြမ်းဖက်ခံရမှုတို့မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုက ဘယ်လိုဖြစ်နေလဲဆိုရင် ပြည့်တန်ဆာဥပဒေ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်အနေနဲ့ မပေးချင်ဘူး၊ မပေးဘဲနဲ့ ပိတ်သိမ်းလို့နိုင်လား၊ လုံးဝဖျက်သိမ်းလို့နိုင်လားဆိုရင် မနိုင်ဘူး” ဟု မယ်းနုနုလှိုင်က ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပြည့်တန်ဆာများအား အကာအကွယ်ပေးနိုင်မည့် ဥပဒေမရှိသေးဘဲ နှိပ်ကွပ်မည့် ဥပဒေသာ ရှိနေသည်။

၁၉၅၆ ခုနှစ်၊ ပြည့်တန်ဆာ အက်ဥပဒေအရ ပြည့်တန်ဆာတစ်ဦးသည် ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အထိ ပြစ်ဒဏ်ကျ ခံရနိုင်သည်။ ၁၉၉၈ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ခဲ့သည့် ဥပဒေတွင် ထောင်ဒဏ် ၅ နှစ်အပြင် ငွေဒဏ်လည်း ကျခံနိုင်သည်ဟု ဖော်ပြထားသည်။

ထိုဥပဒေကို ပြင်ဆင်ရေးဆွဲရန် သက်ဆိုင်ရာလွှတ်တော်တွင် ကြိုးပမ်းခဲ့ဖူးသော်လည်း လက်ရှိအချိန်ထိ အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးပေ။

ထိုကြောင့်ပင် မဖြူကဲ့သို့သော ပြည့်တန်ဆာများမှာလည်း ဥပဒေ အကာအကွယ်မဲ့နေဆဲဖြစ်ပြီး လိင်အကြမ်းဖက်ခံရမှုများနှင့် ခေါင်းပုံဖြတ်ခံရမှုများ ဆက်ရှိနေမည်သာဖြစ်သည်။

ပြီးခဲ့သည့်လကပင် အခငွေကြေး မပေးဘဲ အလကားပျော်ပါးခွင့်မပေးသဖြင့် ပါးရိုက်ခံရဖူးကြောင်း မဖြူက ဆိုသည်။

“ကျွန်မကို ဖိနပ်နဲ့ ပါးရိုက်တယ်၊ သူတို့လုပ်တာ မခံလို့ဆိုပြီးတော့”

ကိုဇော်