မော်လမြိုင်မြို့ ၈၀ ရာခိုင်နှုန်းခန့်ကို ရေသန့်ဖြန့်ဝေပေးတော့မည်

0
227
Dawei Watch, Dawei News, Dawei News Media

မော်လမြိုင်မြို့ ၈၀ ရာခိုင်နှုန်းခန့် ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းခန့်မှစပြီး ရေသန့် ဖြန့်ဝေပေးနိုင်တော့ မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနထံမှ သိရသည်။

မော်လမြိုင်မြို့၏ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရန်နှင့် မြို့နေပြည်သူ များ သန့်ရှင်းသောရေ အသုံးပြုနိုင်ရန် အတွက် အတ္ထရံမြစ်ရေ သန့်စင်သည့် စီမံကိန်းတစ်ခုကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလခန့်က စတင်ခဲ့သည်။

အဆိုပါ ရေသန့်စင် စီမံကိန်းမှ မော်လမြိုင်မြို့၏ ၈၀ ရာခိုင်နှုန်းခန့်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ သတ်မှတ်စံနှုန်းထက် ပိုမြင့်သည့် ရေသန့်ကို စတင် ဖြန့်ဝေပေးနိုင်တော့မည်ဟု မွန် ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြော သည်။

“(၂၀၂၁ ခုနှစ်) ဇန်နဝါရီ တတိယ အပတ်လောက်ဆို ရေသန့်ကို ဖြန့်ဝေပေးနိုင်လိမ့်မယ်” ဟု ဦးတင်ကိုကိုက ပြောသည်။

အတ္ထရံမြစ်ရေ သန့်စင်သည့် စီမံကိန်းမှ နေ့စဉ် ရေဂါလံ ၆ သန်း ထုတ်လုပ်ရန် ဆောင်ရွက်ထားပြီး ၂၄ နာရီ ရေသန့် အလုံအလောက် ရရှိမည်ဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ရေမီတာခအနေနှင့် ကနဦးတွင် တစ်ယူနစ် ၁၅၀ကျပ် ကောက်ခံသွားမည် ဖြစ်ပြီး နောက်ပိုင်း တစ်ယူနစ် ၂၅၀ ကျပ်အထိ တိုးမြှင့် ကောက်ခံသွားရန် ရှိသည်ဟု ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

“ရေအတွက်က အတော်လေးဒုက္ခ ဖြစ်တယ်။ အထူးသဖြင့် နွေပေါ့ နှစ်နှစ် သုံးနှစ်ရှိပြီး ရေပြတ်တယ်။ ဝယ်သုံးရတယ်။ ရေကလည်း မသန့်ဘူး။ အခု သောက်လို့ရတဲ့အထိ ရေသန့်ကို ဖြန့်ဝေ ပေးမယ်ဆိုတော့ အဆင်ပြေတာပေါ့ ဒါပေမယ့်လည်း ဘယ်လိုလာမလဲတော့ မပြောတတ်သေးဘူးလေ” ဟု မော်လမြိုင် မြို့နေ ဒေါ်တင်စိုးက ပြောသည်။

မော်လမြိုင်မြို့ပေါ် ရပ်ကွက်များအတွက် လက်ရှိတွင် အတ္တရံမြစ်ရေ၊ ရွှေနတ်တောင်ဆည်နှင့် ကင်းမွန်ချုံဆည် စသည့် ရေအရင်းအမြစ်တို့မှ ရေများကို ဖြန့်ဝေပေးနေသည်။

လက်ရှိအနေအထားအရ ဆည်ရေကို အသုံးပြုနေရသည့် ရပ်ကွက်များအတွက် အခက်အခဲမရှိသော်လည်း သန့်ရှင်းမှုမရှိသည့် အတ္ထရံမြစ်ရေကို အသုံးပြုနေရသည့် ရပ်ကွက်များအတွက် အခက်အခဲရှိနေသည်ဟု ရပ်ကွက်နေ ပြည်သူတို့ထံမှ သိရသည်။