ထိုင်းစက္ကူစက်ရုံရှိ ပေါင်းကန်အတွင်း မြန်မာသုံးဦး အောက်ဆီဂျင်ပြတ် သေဆုံး

0
145
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံအရှေ့ပိုင်း ချချင်းစောင် ခရိုင်၊ ချချင်းစောင်မြို့ရှိ စက္ကူစက်ရုံတွင် စက္ကူမျှင်ရည်များပေါင်းကန်အတွင်း အောက်ဆီဂျင်ပြတ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့က မြန်မာအလုပ်သမားသုံးဦးသေဆုံးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

စက္ကူမျှင်ရည်များပေါင်းကန်အတွင်း သို့ပြုတ်ကျသွားသည့် ရေပိုက်ချောင်းတစ်ချောင်းအား အသက် နှစ်ဆယ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးက ဆင်းကောက်ခဲ့ရာ မေ့မျောသွားခဲ့သဖြင့် ကျန်အလုပ်သမားနှစ်ဦးက ဆင်းကယ်ခဲ့ရာ သုံးဦးစလုံး မေ့မျောသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားသုံးဦးအား ထပ်မံဆင်းကယ်သူတစ်ဦးတွင် အသက်ရှူမဝသည့် ဝေဒနာခံစားခဲ့ရသဖြင့် ချချင်စောင်ခရိုင်ရှိ ဖွတ်ဌစိုထွန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

မြန်မာအမျိုးသား အလုပ်သမားသုံးဦးမှာ ကန်အတွင်း သေဆုံးနေခဲ့ကြောင်း ထိုင်းနိုင်ငံရှိ Siam Rath သတင်းစာ၏ အွန်လိုင်းစာမျက်ပေါ်တွင် ရေးသား ဖော်ပြထားသည်။

အဆိုပါစက္ကူစက်ရုံရှိ စက္ကူမျှင်ရည်များပေါင်းကန်သည် Open Type ဖြစ်ပြီး ဓာတုရည်များ စုဆောင်းထားသကဲ့သို့ရှိနေကာ အဆိပ်အတောက်များဖြစ်လျက်ရှိသည်ကို ထိုင်းတာဝန်ရှိသူတို့က သုံးသပ်ခဲ့ကြောင်း ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)