ဟင်းစားဖြစ်လုဆဲ ရွှေရောင် သင်းခွေချပ်

0
1035
ဟင်းစားဖြစ်လုဆဲ ရွှေရောင် သင်းခွေချပ်

ရှားပါးတေားရိုင်းတိရစ္ဆာန်ဖြစ်သည့် ရွှေရောင်သင်းခွေချပ်တစ်ကောင် ဟင်းအိုးထဲရောက်လုဆဲဆဲတွင် အကယ်ခံ လိုက်ရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သရက်တောင်ကြီးကျေးရွာသားတစ်ဦးသည် ဒီဇင်ဘာလ ၂၇ ရက်က ငါးဖမ်းသွားရာမှ ဒီရေတောအတွင်း ရွှေရောင် သင်းခွေချပ်တစ်ကောင်ကို ဖမ်းမိခဲ့သည်။

ဖမ်းမိသူသည် ၎င်းသင်းခွေချပ်အား ဟင်းချက်စားရန်စီစဉ်နေစဉ် အဆိုပါ ကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးသိန်းဇော်က သိရှိပြီး ငွေနှစ်သောင်းနှစ်ထောင်ကျပ် ဖြင့်ဝယ်ယူကာ သရက်ချောင်းမြို့နယ် သစ်တောဦးစီးဌာနထံ အပ်နှံခဲ့သည်။

“သူတို့က ဟင်းချက်စားမလို့လုပ် နေကြတာ။ အဲဒီကြားထဲမှာပဲ ကျွန်တော်က ကြားဖြတ်ပြီးတော့ ဟင်းတော့မချက် စားပါနဲ့ ကျွန်တော်ကိုပဲရောင်းပါလို့ ပြောပြီး သစ်တောဌာနကို လှူလိုက်တာပါ” ဟု ဦးသိန်းဇော်က ဆိုသည်။

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်က သရက် တောင်ကြီးကျေးရွာ ဒီရေတောအတွင်း သင်းခွေချပ်များကို ပေါများစွာတွေ့ရ လေ့ရှိသော်လည်း နောက်ပိုင်းတွင်မူ တောလိုက်သမားများကြောင့် ရှားပါးလာ နေပြီဖြစ်ကြောင်း ၎င်းကပြောသည်။

ယခုဖမ်းမိသော သင်းခွေချပ်သည် မျိုးသုန်းပျောက်ကွယ်လုနီးဖြစ်နေပြီဖြစ်သောကြောင့် ထိန်းသိမ်းထားသည့် ပသျှူးသင်းခွေချပ်ခေါ် မလေးသင်း ခွေချပ် အမျိုးအစားဖြစ်ပြီး အလေးချိန် ၂ ပိဿာ ၂၀ ကျပ်သား ရှိကြောင်း သရက်ချောင်းမြို့နယ် သစ်တောဦးစီးမှူး ဦးတင်ထူးနိုင်က ပြောသည်။

လက်ရှိတွင် ၎င်းသင်းခွေချပ်အား သရက်ချောင်းမြို့နယ်သစ်တောဦးစီးဌာန တွင် ထိန်းသိမ်းထားပြီး မည်သို့ဆက် လက်လုပ်ဆောင်ရမည်ကို တိုင်းသစ် တောဦးစီးဌာနထံ တင်ပြထားကြောင်း ဦးတင်ထူးနိုင်က ပြောသည်။

မြန်မာနိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီတိုင်းမှ သင်းခွေချပ်များသည် ထိုင်းနိုင်ငံဘက်သို့ မှောင်ခိုတင်ပို့သည့် ဈေးကွက်ရှိနေကြောင်း ဧရာဝတီသတင်းဌာနက ရေးသားထားသည်။ ထိုင်းနိုင်ငံမှ တစ်ဆင့် အခြားနိုင်ငံများသို့ရောက်သွား ကြောင်းလည်း ရေးသားထားသည်။

အလေးချိန် တစ်ပိဿာကျော်ရှိသော သင်းခွေချပ်တစ်ကောင်သည် မှောင်ခိုဈေးကွက်တွင် ကျပ်ရှစ်သိန်းမှ ကိုးသိန်း ကြားရရှိသည်ဟု ယင်းသတင်း ဌာနက ရေးသားထားသည်။

ယခုဖမ်းဆီးပြီး သစ်တောဌာနထံ အပ်နှံထားသည့် မလေးသင်းခွေချပ်သည် သမိုင်းမတိုင်မီ နှစ်ပေါင်း ၈၀ ခန့်ကတည်းက ကမ္ဘာပေါ်တွင်ရှိနေသည့် နို့တိုက်သတ္တဝါအမျိုးအစားဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် WCS အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ရှားပါးလာပြီဖြစ်သောကြောင့် သင်းခွေချပ်များအား ဥပဒေပြဋ္ဌာန်းပြီး ကာကွယ်ထိန်းသိမ်းထားသည်။

သင်းခွေချပ်အား အမဲလိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းချ ခြင်း(သို့မဟုတ်) စုဆောင်းခြင်းပြုလုပ်ပါက ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ဇီဝမျိုးကွဲများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေအရ ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ် အထိ ကျခံရနိုင်သည်။

ရွှေရောင်သင်းခွေချပ်အား ဖမ်းမိခဲ့သည့် သရက်တောင်ကြီးကျေးရွာတွင် ဒေသခံအစုဖွဲ့ပိုင် ဒီရေတော ထိန်းသိမ်းရေးလုပ်ဆောင်ခြင်းကြောင့် ဒေသခံများနှင့် သစ်တောဦးစီးဌာနတို့ ထိတွေ့မှုရှိနေသဖြင့် ယင်းသင်းခွေချပ်အား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ထူးနိုင် က ဆိုသည်။

“ကျွန်တော်တို့က သူတို့ဒေသခံတွေနဲ့ ဆက်သွယ်မပြတ်ဘူးပေါ့နော်။ ဆက်သွယ်မပြတ်တော့ ဒီလိုအကောင်တွေက သစ်တောနဲ့ဆက်စပ်တယ်။ သစ်တောကိုအပ်ရမယ်ဆိုတဲ့ အသိတွေရှိနေ တာလည်းပါတယ်” ဟု ၎င်းက ဆိုသည်။

သင်းခွေချပ်များသည် ဆေးဖက်ဝင်သည်ဟု တရုတ်နှင့် ဗီယက်နမ်နိုင်ငံတွင် အယူရှိကြသည်။ တရုတ်တိုင်းရင်းဆေး တစ်မျိုးတွင်လည်း သင်းခွေချပ်ကြေးခွံကို ထည့်သွင်းဖော်စပ်လေ့ရှိသည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ဇွန်လက တိုင်းရင်းဆေးတွင် သင်းခွေချပ်ဖြင့် ဖော်စပ်ခြင်းကို ပယ်ဖျက်လိုက်သည်။

ကမ္ဘာပေါ်တွင် သင်းခွေချပ်များ ရှားပါးမျိုးသုန်းလာပြီဖြစ်သောကြောင့် ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း တရုတ်သတင်းစာတစ်စောင်ဖြစ်သည့် Global Times သတင်းစာကိုကိုးကားပြီး Myanmar Now သတင်းဌာနက ရေးသားထားသည်။

လူသိန်းပေါင်းများစွာကို သေစေခဲ့သည့် ကိုဗစ်ကပ်ရောဂါသည် သင်းခွေချပ်ကဲ့သို့သော တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ ထိတွေ့ ဆက်ဆံခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက လက်ခံထားကြသည်။

တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမပြုရန် ဥပဒေဖြင့် အကာအကွယ်ပေးထားရုံမျှမကဘဲ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် ပါလိုအပ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်ကလည်း မျိုးသုန်းလုနီး တောရိုင်းတိရစ္ဆာန် တစ်ကောင်ဖြစ်သည့် ကြံ့သူတော် တစ်ကောင်ကို မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ဒေသခံတစ်ဦးက ဖမ်းမိပြီး သစ်တောဌာနထံ အပ်နှံခဲ့သည်။

လူဦးရေတိုးတက်လာသည်နှင့်အမျှ သင်းခွေချပ်ကဲ့သို့သော တောရိုင်း တိရစ္ဆာန်တို့၏ ကျက်စားရာနေရာများ ပျောက်ကွယ်လာနေပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ် သစ်တောဦးစီးမှူး ဦးတင်ထူးနိုင်က ပြောသည်။

“တောရိုင်းတိရစ္ဆာန်လို့ ကြားတယ်၊ တွေ့တယ်ဆိုလို့ရှိရင် မရောင်းချပါနဲ့။ သူတို့ကို သနားပါ၊ ကြင်နာပါ။ သစ်တောဌာနကို ဆယ်သွယ်ပြီးတော့မှ လာရောက် အပ်နှံကြပါ” ဟု ဦးတင်ထူးနိုင်က ဆိုသည်။

ကျော်သူစိုး