အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးကော်မတီ အမြန်ဆုံးဖွဲ့စည်းရန်တောင်းဆို

0
380
ထားဝယ်အမျိုး သမီးသမဂ္ဂ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး ကော်မတီ တစ်ရပ်ကို အစိုးရမှ အမြန်ဆုံးဖွဲ့စည်းပေးရေး အပါအဝင် အချက်နှစ်ဆယ်ခန့်ကို ဖော်ဆောင်ပေးရန် ထားဝယ်အမျိုးသမီးသမဂ္ဂက တောင်းဆိုလိုက်သည်။

တနင်္သာရီတိုင်းအတွင်းရှိ အမျိုးသမီးများ နည်းမျိုးစုံသော အကြမ်းဖက်ခံ ရမှုအခြေအနေနှင့် အမျိုးသမီးအခွင့်အရေး လက်လှမ်းမီနိုင်မှုအခြေအနေများအား သုံးသပ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ယင်းသတင်းစာရှင်းလင်းပွဲကို ထားဝယ်မြို့တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ ကော်မတီကို ကျွမ်းကျင်မှုနှင့် စိတ်ဝင်စားမှုရှိသည့် ပုဂ္ဂိုလ်များဖြင့် အမြန်ဆုံးဖွဲ့စည်းပေးရန် အစိုးရထံ တောင်းဆိုခဲ့သည်။

ယင်းကော်မတီဖွဲ့စည်းပေးရန် ၂၀၁၈ ခုနှစ်ဝန်းကျင်ကတည်းက တောင်းဆိုလာခဲ့သော်လည်း လက်ရှိအချိန်ထိ မဖွဲ့ဖြစ်သေးကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂမှ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဖြစ်သူ နန့်မာလာက ဆိုသည်။

“မဖွဲ့ဖြစ်တာကလည်း လူကြောင့်လည်း ပြောတယ်။ ငွေကြောင့်လည်း ပြောတယ်။ လာမယ့်နှစ်ထဲမှာတော့ ဖွဲ့ဖို့တော့ အများကြီးမျှော်လင့်တယ်ပေါ့နော်” ဟု နန့်မာလာက ပြောသည်။

အထက်ပါ အချက်အပြင် အိမ်တွင်း အကြမ်းဖက်နှင့် အွန်လိုင်းပေါ် လိင်အကြမ်းဖက်စော်ကားမှုအပေါ် ထိရောက် အားကောင်းသည့် စုံစမ်းစစ်ဆေးမှု လုပ်ပေးရန်နှင့် အမှုမှန်ပေါ်ပေါက်ရေးဖော်ထုတ်ပေးရန်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား အမျိုးသမီး အခွင့်အရေး အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးမှုနှင့် လူထုစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးခြင်းများ လုပ်ဆောင်ပေးရန် စသည့်အချက်များလည်း ပါဝင်သည်။

ထိုကဲ့သို့ အစိုးရအား တိုက်တွန်း သည့်အချက်များကို ပြီးခဲ့သည့်နှစ်ကလည်း အစိုးရထံ ပေးပို့ခဲ့သော်လည်း စာလက်ခံရရှိကြောင်း အကြောင်းကြားခြင်းပင် မရှိခဲ့ကြောင်း ထားဝယ်အမျိုး သမီးသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင် (ခ) မီးလေးက ဆိုသည်။

“လုံးဝ အကြောင်းလည်းမပြန်လာဘူး၊ ရရှိတယ်လို့လည်း မပြောဘူး မရဘူးလို့လည်းမပြောဘူး။ ဒီနှစ်မှာ မပို့တော့ဘူး” ဟု မယ်းနုနုလှိုင်က ပြောသည်။

အစိုးရအား တိုက်တွန်းသည့် အချက်များတွင် လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး၊ ကျားမတန်းတူညီမျှမှု၊ အကြမ်းဖက်မှု အသိပညာပေးရေး အစီအစဉ်များကို အစိုးရမှ ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်ပေးရန်၊ တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် ပြည်သူ့ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး အစိုးရမှ ကြပ်မတ်ဦးဆောင်ပေးရန် အစရှိသည့် ၁၇ ချက်ကို တောင်းဆိုခဲ့သည်။

ကိုဇော်