နှစ်ဦးစကား

0
923

အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။ ကိုဗစ်နှစ်ဟုပင် ကင်ပွန်းတပ်နိုင်သည့် ၂၀၂၀ ပြည့်နှစ် ရက်စွဲများ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

ကိုဗစ်သည် လူသားမျိုးနွယ်တစ်ခုလုံးကို ကိုင်လှုပ်လိုက်သော ကပ်ဘေး တစ်ခုသက်သက်မျှ မဟုတ်ပါ။ လူသားတို့ နေထိုင်မှုပုံစံ၊ စားသုံးမှုပုံစံ၊ အစိုးရတို့ မူဝါဒချမှတ်မှုပုံစံများကို ပြောင်းလဲရန် ကျယ်လောင်စွာ မြည်ဟိန်းလိုက်သော ခေါင်းလောင်းထိုးသံတစ်ခုလည်း ဖြစ်သည်။

ကမ္ဘာလုံးချီစနစ်သည် ကပ်ဘေးအတွက် အဓိက လက်သည်ဖြစ်သည်။ အမြတ်သာ ပဓာန စီးပွားရေး စနစ်ကြောင့် တောတောင်ရေမြေ သဘာဝနှင့် သားရဲတိရစ္ဆာန်စားကျက်များကို ပျက်စီးစေပြီး ကပ်ရောဂါဖြစ်လာစေသည်။ အစိုးရများသည် ထုတ်ကုန်တန်ဖိုး GDP (ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှု တန်ဖိုး) ကိန်းဂဏန်းများ တက်ရေးကိုသာ အာရုံစိုက်ခဲ့မှုကြောင့် လူတို့အတွက် အရေးကြီးသော ဂေဟစနစ်များကို စတေးလိုက်ရသည်။ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် လူသားတို့မှာ သဘာဝဘေးများ၊ ကပ်ဘေးများ ခပ်စိပ်စိပ်ခံလိုက်ရသည်။

တစ်ကမ္ဘာလုံး ၂၅ နှစ်အကြာ တိုးတက်မှုများမှာ ရက်သတ္တပတ် ၂၅ အပတ်အတွင်း ပျက်သုန်းသွားသည်။

ကိန်းဂဏန်းနှင့် ရုပ်ဝတ္ထုဖွံ့ဖြိုးရေးနောက်ကို အစဉ်တစ်စိုက် လိုက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပုံစံတို့ လုံးလုံးလျားလျား မှားယွင်းကြောင်း ကိုဗစ်က သင်ခန်းစာ ပေးလိုက်သည်။

လူသားတို့ဆိုသည်မှာ သမိုင်းတစ်လျှောက် အမှားပေါင်းများစွာ ကျူးလွန်ခဲ့ပြီး အမှားမှ သင်ခန်းစာယူကာ ပြန်လည် ရုန်းကန်တည်ဆောက်လာခဲ့သည်။

ကိုဗစ်ကပ်ဘေးအလွန်တွင်လည်း ဤသို့ပင် ဖြစ်မည်ဟု မျှော်လင့်ပါသည်။

ကိုဗစ်ကပ်ဘေးအလွန် တစ်ချိန်ချိန်တွင် လူမှုဘဝပုံစံများ ပုံစံအသစ် တစ်ရပ်ရပ်ဖြင့် စတင်ရတော့မည်၊ အစိုးရများသည်လည်း တွေးခေါ်လုပ်ကိုင်ပုံ ပြောင်းလဲရတော့မည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ကျယ်ပြန့်စွာ သတိပေး ထားနှင့်ပြီးဖြစ်သည်။

ကိုဗစ်အလွန်တွင် အခြေခံအားဖြင့် သဘာဝ ဝန်းကျင်အရေးကို အားပြု ရတော့မည်။ ကိုယ်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသတွင် စားနပ်ရိက္ခာဖူလုံရေး၊ ကြံ့ခိုင် အားစနစ် တက်လာအောင် လုပ်ဆောင်ရေးတို့ ထိပ်တန်းရောက်လာမည် ဖြစ်သည်။

သို့သော် ယခင်အတိုင်း စဉ်းစားမြဲ၊ နေမြဲ၊ လုပ်မြဲ၊ ကိုင်မြဲ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အစိုးရများ ရှိနေနိုင်သေးသည်။ ယင်းတို့အတွက် ကိုဗစ်ကပ်ဘေးအလွန်တွင် သင်ခန်းစာအသစ်များ ထပ်လာပါလိမ့်မည်။

ယင်းကြောင့် ၂၀၂၀ ကိုဗစ်နှစ်ကို သင်ခန်းစာယူကာ စဉ်းစားလုပ်ကိုင် နိုင်သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အစိုးရများ ဖြစ်ပါစေကြောင်း ၂၀၂၁ နှစ်ဦးစကား ဆိုအပ်ပါသည်။ အားလုံးပဲ မင်္ဂလာ နှစ်သစ်ပါ။

အယ်ဒီတာ (ဇန်နဝါရီ ၂၊ ၂၀၂၀)