Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

0
556
Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ – Dr. Phyo Wai Lynn | ရေးသားသူ – Ye Zon Aung

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် Diet ဖြစ်အောင်စားကြမယ်လို့ လူအတော်များများက ပြောကြ လုပ်ကြ တယ်။ ဒါပေမယ့် Diet ဆိုတာကို ကြည့်လိုက်ရင် အစာလျှော့စားတာနဲ့ အာဟာရမပြည့်ဝတဲ့ ဟိုစပ်စပ်ဒီစပ်စပ် အစားအစာ လေးတွေချည်းဖြစ်နေတတ် ပါတယ်။

တကယ်တာ့ Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာ မဟုတ်လိသု တိုစိတိုစိ နည်းနည်း နည်းနည်း စားခိုင်းတာလည်း မဟုတ် ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်း (ဂျင်း) တွေအများကြီးပါပဲ။

Diet စားပြီး ဝိတ်ချမယ်လို့ ကျွေးကြော်ပြီး ဘယ်လို ယုံတမ်းအမှားတွေနဲ့ ပိတ်မိနေလဲဆိုတာကို သိရအောင် ဖော်ပြ ပေးချင်ပါတယ်။ အောက်အချက်တွေ ကတော့ လူသိအများဆုံး ယုံတမ်းအမှား တွေပါပဲ။

၁။ ကယ်လိုရီဆိုတာနဲ့ မကောင်းဘူး
ကယ်လိုရီဆိုတာက ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ လောင်စာပါ။ အရေးပါတဲ့အရာတစ်ခုဆိုတာ မမေ့ပါနဲ့။ ကိုယ်အလေးချိန် လျှော့ချမယ်ဆိုရင် ကယ်လိုရီတွေ လောင်ကျွမ်းပစ် ဖို့လိုအပ်တာက တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ အဓိက အကြောင်းတရား မဟုတ်ပါဘူး။ နောက်ပြီး ကယ်လိုရီတွေကို လောင်ကျွမ်းပစ်ဖို့လိုအပ်တာပါ။ ကယ်လိုရီပါတဲ့အရာတိုင်းကို ရှောင်ဖို့ လိုနေတာမဟုတ်ပါဘူး။ ဒါကို ကွဲပြားစွာ နားလည်ထားဖို့ လိုအပ်ပါတယ်။

၂။ အဆီများရင် မစားနဲ့
ကယ်လိုရီလိုပါပဲ။ လူ့ခန္ဓာကိုယ်မှာ အဆီဓာတ်က လိုအပ်ပါတယ်။ လူအတော်များများက အဆီများတဲ့ အစားအစာတွေကို မှီဝဲဖို့ ရှောင်ကြဉ် ကြပါတယ်။ တကယ်တမ်းက စနစ်တကျဖြည့်ဆည်းနိုင်ဖို့နဲ့ အဆီပိုတွေ မဖြစ်လာဖို့ မကောင်းတဲ့အဆီတွေကို မစားမိဖို့ကသာ အဓိကဖြစ်ပါတယ်။ ဥပမာပြောရရင် တချို့ငါးတွေဟာ အဆီ များပေမယ့် ကျန်းမာရေးနဲ့ ညီညွတ် တာမျိုးပေါ့။

၃။ မနက်စာက အရေးအကြီးဆုံးမို့ များများစား
မနက်စာက အရေးကြီးတာမှန်သလို နည်းမှန်လမ်းမှန်စားဖို့လည်း လိုအပ်ပါတယ်။ မနက်စာတွေဟာ များသောအားဖြင့် ဘောင်တစ်ခုတည်းကနေ မှီဝဲကြရတာများပါတယ်။ တကယ်တော့ မနက်စာကို နေ့ခင်းစာ၊ ညစာလို သဘောထားပြီး အာဟာရမျှတပြီး အရသာရှိအောင် မှီဝဲစားသောက်ဖို့ အကြံပေးပါရစေ။ များများစားခြင်း မစားခြင်းထက် ကျန်းမာရေးနဲ့ ဘယ်လောက်ညီညွတ်လဲဆိုတာက ပိုအရေး ပါပါတယ်။

၄။ နည်းနည်းပဲစား၊ ခဏခဏစား
အစားအသောက်ကို နည်းနည်းချင်းစီ ခဏခဏ ခွဲစားတာက ကိုယ်အလေးချိန်လျော့ကျစေပြီး ဇီဝကမ္မ ဖြစ်စဉ်ကိုလည်း အထောက်အကူဖြစ် စေတယ်လို့ ယုံကြည်ထားတတ်ကြ ပါတယ်။ တကယ်လို့ သင်က ကျန်းမာသန်စွမ်းနေတဲလူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဒီနည်းလမ်းက ဘာမှမထူးခြား ဘူးဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒီလိုစားသောက်ဖို့လိုအပ်သူတွေက ဆီးချိုရှိသူတွေ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူတွေ၊ အစာအိမ်ရောဂါ ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေပဲ ဖြစ်ပါတယ်တဲ့။

၅။ Non-nutritive sweeteners တွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်
ကယ်လိုရီလည်းနည်းချင်၊ ကာဘို ဟိုက်ဒြိတ်လည်းနည်းချင်၊ သကြား လည်းကင်းချင်၊ အချိုကလည်းစားချင် သူတွေဟာ NNS လို့ခေါ်တဲ့ Non-nutritive sweeteners တွေကို အစား ထိုးသုံးကြပါတယ်။ လူလုပ်အချို ဓာတ်တစ်မျိုးဖြစ်တဲ့ NNS ဟာ ကျန်းမာရေး နဲ့မညီညွတ်တာအသိသာကြီးပါ။ ကိုယ့် ကိုယ်ကို လိမ်ညာနေတဲ့ ယုံတမ်းတစ်ခု လို့ပဲ ဆိုရမှာပါ။

၆။ အာလူးက ဝစေတယ်၊ မကျန်းမာဘူး
အာလူးဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေဆုံး အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ အာလူးစားရင် ဝိတ်တက်မယ်ဆိုတဲ့ အယူအဆဟာ အတော်လေးကို လူတွေ ထင်မှတ်မှားနေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ အာလူးဟာ ဗိုက်ပြည့်စေတဲ့ခံစားချက်ရစေသလို အာဟာရဓာတ်လည်းကြွယ်ဝတာမို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အလွန်အသုံးဝင်တဲ့ အစားအစာတစ်မျိုးပါ။

၇။ Low fat and diet foods တွေက ကျန်းမာစေတယ်
အဆီဓာတ်နည်းပါတဲ့ အစားစာတွေ၊ diet foods တွေဟာ ကိုယ်အလေးချိန် လျှော့ချနေသူတွေရဲ့ ဓာတ်စာလို့ ဆိုကြပါတယ်။ ဒါပေမယ့် အစားအစာရဲ့ရှေ့မှာ “diet” ၊ “light” ၊ “ow fat”၊ “fat-free” ဆိုတဲ့စာတွေပါနေရုံနဲ့ သင့် ကျန်းမာရေးကို အထောက်အကူပြုမှာ မဟုတ်ပါဘူး။ ဒီလိုအစားအစာတွေကို ဖန်တီးဖို့ သကြားနဲ့ ဆားတွေကို အများကြီး သုံးရတယ်ဆိုတာကို သင်သိဖို့ လိုအပ်ပါတယ်။

၈။ ပိန်ရင်ကျန်းမာတယ်
ပိန်တိုင်းကျန်းမာမယ်လို့ သင် တကယ်ထင်နေတာလား။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျတာ၊ ကင်ဆာစတာတွေက ပိန်တဲ့လူတွေမှာလည်း ရှိတတ်တယ်ဆိုတာကို သိစေ ချင်ပါတယ်။ ဝတာမကောင်းဘူးဆို ပေမယ့် ပိန်နေလျက်နဲ့ ကိုယ်တွင်းမှာ ရောဂါတွေရှိနေမယ်ဆိုရင်လည်း မထူး မခြားနားပါပဲ။

၉။ ကယ်လ်ဆီယမ်က အရိုးကို သန်မာ စေတယ်
လေ့လာချက်အသစ်တွေအရဆိုရင် ကယ်လ်ဆီယံ (Calcium) က အရိုးကို အကျိုးပြုပေမယ့် တခြားအစိတ် အပိုင်းတွေကိုတော့ ထိခိုက်စေတယ်လို့ ဆိုလာကြပါတယ်။ အရိုးကောင်းအောင်ဆိုပြီး ကိုယ်တွင်းမှာ ကယ်လ်ဆီယံ ဓာတ်မြင့်မားလာအောင် ဖြည့်စွက်နေမိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေက “ဆ” နဲ့ချီပြီးမြင့်တက်လာမှာဖြစ်ပါတယ်။

၁၀။ Smoothies နဲ့ သစ်သီးဖျော်ရည်တွေ က ကျန်းမာရေးနဲ့ ညီညွတ်တယ်
သစ်သီးတွေမှာ အာဟာရဓာတ်တွေ ကြွယ်ဝတယ်ဆိုတိုင်း သစ်သီးဖျော်ရည်တွေကတော့ ဒီလိုရလဒ်မျိုးပေးနိုင်လိမ့်မယ်လို့ မယူဆပါနဲ့။ ဆန့်ကျင်ဘက်ပါ။ သစ်သီးတွေကို ကြိတ်ဖြတ်လိုက်ချိန်မှာ အာဟာရဓာတ်တွေ ဆုံးရှုံးသွားသလို သကြားလိုအရာတွေဖြည့်စွက်လိုက်ချိန်မှာ ကျန်းမာရေးနဲ့ပါ မညီညွတ်တော့ပါဘူး။

၁၁။ Probiotic က လူတိုင်းကို အကျိုး ပြုတယ်
Probiotic က လူသိများပြီး ရေပန်း စားတဲ့ ဖြည့်စွက်စာတစ်မျိုးပါ။ တကယ် တမ်းအားဖြင့် Probiotic လူတိုင်းအပေါ် မှာ တူညီတဲ့သက်ရောက်မှု မပေးနိုင်ဘူး ဆိုတာကိုတော့ လူသိများပါတယ်။ Probiotic တွေဟာ တချို့လူတွေရဲ့ ဝမ်းဗိုက်ထဲက အစာအိမ်ဘက်တီးရီးယားတွေကို ဒုက္ခပေးနိုင်ပါတယ်။ လူတိုင်းကို ကျန်းမာစေတာမဟုတ်ပါဘူး။

၁၂။ ဝိတ်ချရတာ လွယ်တယ်
တကယ်တော့ ဝိတ်ချရတာ ကမ္ဘာ့ အခက်ခဲဆုံးအလုပ်ပါ။ တကယ်သာ လွယ်ကူမယ်ဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၇၀ဝ ကျော် အဝလွန်နေစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် တချို့တွေကတော့ ဒီအချက်ကို နားမလည် တာမို့ စိတ်ပါရင် ဝိတ်ချဖို့လုပ်လိုက် စိတ်အားလျော့လာချိန်မှာ နားလိုက်နဲ့ ကိုယ်အလေးချိန်လည်းမကျ လူလည်း ပင်ပန်းပြီး လုံးချာလည်နေကြပါတယ်။

၁၃။ ကိုလက်စထရောများတဲ့ အစားအသောက်တိုင်းက ကျန်းမာရေးနဲ့ မညီညွတ်ဘူး
Cholesterol-rich foods တိုင်းက ကျန်းမာရေးနဲ့ မညီညွတ်တာမဟုတ် ပါဘူး။ ဥပမာပေးရရင် ကြက်ဥတို့၊ ဒိန်ချဉ်တို့က ကိုလက်စထရောကြွယ်ဝတဲ့အစားအစာတွေပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တယ်မဟုတ်လား။

၁၄။ Eating Disorders က မိန်းမတွေ မှာပဲဖြစ်တယ်
Eating Disorders က စိတ်ကျန်းမာ ရေးပြဿနာတစ်မျိုးပါ။ အလွန်အကျွံ စားမိနေတာ၊ ဒါမှမဟုတ် အစာစားရင် ဝမှာစိုးပြီး အလွန်အကျွံမစားဘဲနေတာ မျိုးပေါ့။ ဒီဝေဒနာက လှချင်တဲ့ အမျိုးသမီးထုမှာ ပိုဖြစ်တတ်ပေမယ့် အမျိုးသား တွေမှာလည်းဖြစ်ပါတယ်။ ရာခိုင်နှုန်း အားဖြင့်ဆိုရင် အမျိုးသမီး ၇၀%၊ အမျိုးသား ၃၀% ပါ။

ဒီလောက်ဆိုရင် အစားအသောက် မှီဝဲစားသောက်တာနဲ့ ပတ်သက်ပြီး သိနားလည်ထားတဲ့ အမြင်မှား အသိမှား တချို့ကို အမြင်ရှင်းသွားမယ်လို့ ယူဆ ပါတယ်။ Diet ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝစွာစားခြင်းကို ဆိုလိုတာပါ။ ဒီအဓိပ္ပာယ်ကို နားလည်မှ တကယ် Diet ကို မှန်မှန်ကန်ကန် ရွေးချယ်မှီဝဲတတ်မှာမို့ ခုလို ပြောပြပေး လိုက်တာဖြစ်ပါတယ်။

https://hellosayarwon.com/healthy-living/fitness-nutrition/diet-weight/diet-myths/ မှကူးယူဖော်ပြသည်။