တောင်ပိုင်းသားတို့ မိုးမျှော် အိပ်မက်

0
1063
တောင်ပိုင်းသားတို့ မိုးမျှော် အိပ်မက်

တကယ်တော့ မိုးမျှော်တယ်ဆိုတာ တောင်ပိုင်းသားတို့ရဲ့ အလုပ်တော့ မဟုတ်။ ဒါပေမဲ အခုတော့ တောင်ပိုင်း သားတွေ မိုးမျှော်နေရပြီ။ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲလာသလို မြန်မာ့ရာသီ ဥတုလည်း ပြောင်းလဲလာနေပါတယ်။ အခုတော့ မိုးများတဲ့ တနင်္သာရီတိုင်းမှာ တောင်မိုးပါးလာခဲ့ပြီ။ ဆိုတော့ တောင်ပိုင်းသားတွေလည်း မိုးမျှော်ရတဲ့ဘဝ ရောက်နေကြရပြီ။

သူများတွေအတွက်မသိပေမဲ့ ကျွန်တော့အတွက် မျှော်ရတဲ့မိုးက တစ်မိုးပိုနေတယ်။ တခြားမိုးတော့ မဟုတ် နိုင်ငံရေးမိုး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမိုးက နေပြည်တော်နဲ့ ရန်ကုန် မှာများပြီး ကျန်ဒေသတွေမှာ အနည်း ငယ်နည်းနေတယ်။ နောက်ပြီးတော့ တခြားသောဒေသတွေထက် ကျွန်တော် တို့တိုင်းဒေသကြီးမှာ မိုးပိုနည်းနေသလား တွေးမိတယ်။ ဆိုတော့ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွက် မိုးမျှော်အိပ်မက်မက်နေမိပါတယ်။

ခေတ်အဆက်ဆက် မိုးကျရွှေကိုယ်တွေ ခေတ်စားလာခဲ့တာ ယနေ့အထိပဲ မဟုတ်လား။ ဒါပေမဲ့ အခုက မိုးကျရွှေ ကိုယ် အမိန့်တွေပါ ခေတ်စားလာပြန်တယ်။ အမိန့်မှန်သမျှ မိုးပေါ်ကပဲ ကျလာ တတ်တယ်မဟုတ်လား။ ဆိုတော့ အောက်ကလူတွေကလည်း မိုးပေါ်ကကျ လာမယ့်အမိန့်တွေကိုပဲ လည်တမော့မော့နဲ့ မျှော်နေကြတော့တယ်။ နောက်ပြီး အဲဒီအမိန့်တွေအတိုင်းပဲ လိုက်လုပ် နေကြတော့တယ်။ အတိမ်းအစောင်း မခံချင်တဲ့သဘောလည်း ဖြစ်ချင်ဖြစ်မှာပါ။

ဒါကလည်း ၂၀ဝ၈ ခြေဥရဲ့ ပေးထားချက်အရ အခုလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပြည်သူကိုမျက်နှာ မူတဲ့အစိုးရရဲ့ အကိုင်းအခက်ဖြစ်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တစ်ခါတလေလောက်များ ဖောက်ထွက်ပြတာကို မျှော်လင့်မိတာ ကျွန်တော်တို့ရဲ့ အမှားတော့မဟုတ်ဘူးမဟုတ်လား။

Decentralization နဲ့ပတ်သက်တဲ့ Workshop တစ်ခုကို မြစိမ်းခန်းမမှာ တက်ဖူးပါတယ်။ ဦးဆောင်ကျင်းပသူ တွေကို မမှတ်မိတော့သလို၊ ခုနှစ်ကိုလည်း မမှတ်မိတော့ပါဘူး။ ဦးဆောင် ကျင်းပသူတွေထဲမှာ ဥရောပသားတွေ လည်းပါတယ်။ ကျွန်တော့်အထင် ၂၀၁၄ လောက်ကထင်ပါတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနဲ့ ပတ်သက်ပြီးဆွေးနွေးကြတာပါ။

လက်ရှိမှာတော့ ၂၀ဝ၈ ခြေဥအရ စည်ပင်ကဏ္ဍတစ်ခုသာ တိုင်းဒေသကြီး အဆင့်နဲ့ ပြည်နယ်အဆင့်တွေကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲခွင့် ပေးထားတယ်လို့ထင်ပါတယ်။ ကျန်တဲ့အပိုင်း တွေကိုတော့ ဗဟိုကပဲ ချုပ်ကိုင်ထားတယ်လို့ မြင်ပါတယ်။ တကယ်တော့ အစိုးရယန္တရားပိုမိုသွက်လက်မြန်ဆန်ဖို့ ဆိုရင် ဗဟိုချုပ်ကိုင်မှုကို တတ်နိုင်သလောက် လျှော့ချရမယ်မဟုတ်လား။
ကျွန်တော့်ရဲ့မိုးမျှော်အိပ်မက်အကြောင်းကို ပြောပါမယ်။ ဒါက ကျွန်တော့် တစ်ကိုယ်စာ အိပ်မက်မို့ ကျန်တဲ့သူတွေနဲ့ အမြင်ချင်းတူချင်မှ တူမှာပါ။ နောက်ပြီးတော့ လက်ရှိရွေးကောက်ခံ တိုင်း ဒေသကြီးအမတ်တွေလည်း ကြိုက်ချင်မှ ကြိုက်ကြမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်ကို ထိပါးနေလို့ပါ။ ဒါပေမဲ့ အမတ်မင်းတွေရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ မဲဆန္ဒရှင်ပြည် သူတစ်ယောက်ရဲ့ဆန္ဒကိုတော့ နားလည် ပေးကြရမယ်ထင်ပါတယ်။

ကျွန်တော်တို့ တိုင်းဒေသကြီးက ရွေးကောက်ခံအမတ်တွေရဲ့ နိုင်ငံရေးရေခံ မြေခံဟာ အဘက်ဘက်မှာ ဒေါင်ဒေါင်မြည် တင်းပြည့်ကျပ်ပြည့် ရှိမနေတာကိုတော့ လက်ခံရပါမယ်။ လက်ရှိ တိုင်း ဒေသကြီးလွှတ်တော်အတွက် ရွေးကောက်ခံထားရတဲ့ အမတ်၂၁ ယောက်ထဲမှာ ပြည်သူတွေစိတ်တိုင်းကျလောက်တဲ့ အရည်အချင်းပိုင်ဆိုင်ထားတဲ့ အမတ်အရေအတွက်ဟာ အဟောင်းတွေထဲ ကဆိုရင် လက်တစ်ဖက်စာ မပြည့်ပါဘူး။ အသစ်တွေကတော့ ဘယ်လိုအခြေ အနေရှိတယ်ဆိုတာ မသိရသေးပါဘူး။ ၂၀၂၀ အလွန်မှာ စောင့်ကြည့်ကြရတော့ မှာပေါ့။ ဆိုတော့ ဘယ်လိုပဲအဖြေ ထုတ်ထုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဟာ အားနည်းနေဦးမှာတော့ အမှန်ပါပဲ။

၂၀၂၀ အလွန်မှာ မြင်တွေ့ချင်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပြီးပါပြီ။ အဲဒီတုန်းကတော့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးတွေထဲက တစ်ဦးစနှစ်ဦးစ လောက်ကို ရွေးကောက်ခံမဟုတ်တဲ့ ပညာရှင်တွေကို ခန့်ဖို့ ပြောခဲ့တာပါ။

အခု ကျွန်တော့မှာ အတွေးသစ် တစ်ခု ပေါ်လာပါတယ်။ အဲဒါကတော့ မိုးမျှော်အိပ်မက်ပါပဲ။ ပါတီဗဟိုကို မျှော်တဲ့ အိပ်မက်လို့လည်း ပြောနိုင်ပါတယ်။ NLD ပါတီဗဟိုမှာ ၂၀၂၀ ရွေးကောက်ပွဲ မှာဝင်ရောက်ပြီး အရွေးမခံတော့တဲ့ အမတ်ဟောင်းတွေထဲမှာ အရည်အချင်း ပြည့်ဝတဲ့သူတွေ ရှိပါတယ်။ သူတို့ ဘာကြောင့် ဝင်မပြိုင်တော့တာလဲ၊ ဘာအတွက် ဝင်မပြိုင်တော့တာလဲ ကျွန်တော်မသိပါဘူး။

သူတို့လိုလူတွေကို အားနည်းချက် ရှိမယ်ထင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးတွေအဖြစ် ခန့်အပ်ပေးမယ်ဆိုရင် အတော်ကို အဆင်ပြေမှာပါ။ သူတို့လို အတွေ့ကြုံလည်းရှိ၊ အရည် အချင်းလည်းရှိသူတွေသာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာ ပါဝင်လာ ခဲ့မယ်ဆိုရင် ကျွန်တော်တို့မြင်ချင်နေတဲ့ အစိုးရအဖွဲ့မျိုး ဖြစ်လာမလား အိပ် မက်မက်နေမိတယ်။

အရည်အချင်းရှိတဲ့သူတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ နေရာ ပေးမယ်ဆို ကြိုဆိုရမယ်လို့ထင်ပါတယ်။ တကယ်ဖြစ်လာခဲ့မယ်ဆို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရဖွဲ့တွေကိုလည်း ထိန်းကျောင်းရာရောက်မယ်လို့ထင်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ တစ်ကိုယ်စာ မျှော်လင့်ချက်အိပ်မက်ပါ။ မှန်ကန်မှု၊ ဆီလျော်မှု ရှိချင်မှလည်း ရှိမှာပါ။

ဒီနေရာမှာ ဒေသခံမဟုတ်တဲ့သူတွေကို ကိုယ့်အစိုးရအဖွဲ့မှာ တာဝန် မယ်ဆို အားနည်းချက်ရှိမယ်လို့ ထင်တဲ့သူလည်း ထင်ကြမှာပါ။ ဒါပေမဲ့ နိုင်ငံ တော်တာဝန်ကို ထမ်းဆောင်နေကြတဲ့ အကြီးအကဲတွေ၊ ညွှန်မှူးညွှန်ချုပ်တွေဟာ ဒေသခံမဟုတ်တဲ့သူတွေများပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တစ်စုံတစ် ယောက်ဟာ အရည်အချင်းသာတကယ် ရှိရင် ဘယ်နေရာမှာမဆို တာဝန်ထမ်း ဆောင်နိုင်တယ်ဆိုတာ သက်သေပဲ မဟုတ်ပါလား။

ဒီနေရာမှာ စာဖတ်သူတွေအနေနဲ့ နားလည်ရခက်သွားနိုင်ပါတယ်။ ဗဟို ချုပ်ကိုင်မှုလျှော့ချဖို့ပြောပြီး ပါတီဗဟို က ခန့်အပ်တာဝန်ပေးမယ့် တိုင်းဒေသ ကြီးဝန်ကြီးကို မျှော်နေတာဟာ သဘာဝ မကျဘူးမဟုတ်လား။ ကျွန်တော့အနေနဲ့ ဗဟိုချုပ်ကိုင်မှုများတာကို မကြိုက်ပါဘူး။ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ဖို့ဆိုရင် ဗဟိုချုပ်ကိုင်မှုကို တတ်နိုင်သလောက် လျှော့ချရမယ်မဟုတ်လား။ ဒါပေမဲ့ တိုင်းဒေသကြီးရဲ့ လက်ရှိကျွန်တော်တို့ရ ထားတဲ့ အမတ်အခင်းအကျင်းအရတော့ ပါတီဗဟိုက တာဝန်ပေးမယ့် ဝန်ကြီးတစ် ယောက်စနှစ်ယောက်စလောက်ကို ပေါင်းထည့်ပေးဖို့ မျှော်လင့်နေမိတာတော့ အမှန်ပါ။

အရမ်းနှိမ့်ချပြီး ရိုးသားလွန်းတဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေရတာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ဦးဝင်းမြင့်တို့လို မာမာ ထန်ထန်နဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ နိုင်ငံရေးသမားတွေကိုလည်း မျှော်နေမိ တာတော့အမှန်ပါ။ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို တိတိကျကျသိပြီး ပြည်သူ တွေအတွက် ရဲရဲရင့်ရင့်နဲ့ အလုပ်လုပ်ပေးမယ့် သူတွေကို မျှော်လင့်မိတယ်။ အခု တစ်ကြိမ်တော့ ကျွန်တော်တို့တိုင်းဒေသကြီးအနေနဲ့ ဆုံးရှုံးလိုက်ရပြီးပြီ။ နောက်တစ်ကြိမ် အခုလိုထပ်မဖြစ်စေချင်တော့ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော့အနေနဲ့ မိုးမျှော်အိပ်မက်မက်နေရခြင်းဖြစ်ပါတယ်။

ဒါကတော့ တောင်ပိုင်းသားတစ် ယောက်ဖြစ်တဲ့ ကျွန်တော့ရဲ့ မိုးမျှော် အိပ်မက်ပါ။ တကယ်ဖြစ်လာမလား ဆိုတာကတော့ လာမယ့်မတ်လမှာ ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ကို စောင့်ကြည့် ရဦးမှာပါ။

သန်းဇော်ဦး(ရလိုင်)