သားသမီးမဲ့ အမယ်အို၏ ဆည်းဆာချိန်

0
527
သားသမီးမဲ့ အမယ်အို၏ ဆည်းဆာချိန်

အသားဖြူဖြူ ရုပ်ရည်သန့်သန့် အမယ်အို တစ်ဦး တဲလေးတစ်လုံးရှေ့ထိုင်ကာ လမ်းသွား လမ်းလာသူများကို ငေးကြည့်နေသည်။

မြိတ်မြို့၊ ဇေယျာသီရိ (၁) ရပ်ကွက် အုန်းတော စာသင်ကျောင်းလမ်းအဆုံး ၁၀ ပေပတ်လည်ခန့်ရှိသည့် တဲကလေးတစ်လုံးတွင် ထိုင်ကာငေးကြည့် နေခြင်းဖြစ်သည်။

အမယ်အိုအမည်က “ဒေါ်ဖွားရှမ်း”။ အသက် ၉၅ နှစ်ရှိပြီဖြစ်သော်လည်း အရွယ်က အသက်လောက် မအိုစာသေးသလို ထိုင်ထသွားလာနိုင်သေးသည်။

ယခင်က သူ့တွင် သားသမီး တစ်ဒါဇင်ကျော် ရှိခဲ့ဖူးသည်။

သို့သော် ယခုအချိန်တွင် သားသမီးအားလုံး အိမ်ထောင်ရာသားကျနေကြပြီဖြစ်ပြီး မည်သည့်နေရာတွင် ရောက်ရှိနေကြသည်ဟု သူ မသိတော့။

မြို့ပေါ်တွင်လည်း တစ်ယောက်မှမရှိသလို အဆက်အသွယ်မရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာပြီဟု အမယ်အိုကပြောပြသည်။

“နေမကောင်း၊ စားမကောင်းဖြစ်ရင် ကိုယ့်သားသမီးတွေကို ပိုသတိရတယ်။ တစ်ယောက်တစ်ယောက် ရောက်လာမလား၊ မျှော်နေရတာပေါ့” အမယ်အို၏ စကားသံက မျှော်လင့်ချက်မဲ့နေ သလို အားပျော့လွန်းနေသည်။

သူမနေထိုင်သည့်တဲက ကျဉ်းသော်လည်း လုံခြုံသည်။ သန့်ရှင်းသည်။ သို့သော်အဖော်ဆိုသည်က သူ့တဲအတွင်း လူမဆိုထားဘိ။ ခွေးတစ်ကောင်ကြောင်တစ်မြီးပင်မရှိ။

ယင်းသို့ မွေးထားရန်လည်း မတတ်နိုင်။ သူမ ကိုယ်တိုင်ပင် အိမ်နီးနားချင်းများ ကျွေးမွေးပေးကမ်းမှုဖြင့် အသက်ဆက်နေရသည်။

“အိမ်နီးချင်းတွေက အမျိုးတွေလိုဖြစ်နေပြီ” ဟု သူက ပြောသည်။

သို့သော်အိမ်နီးချင်းများက အမြဲတမ်းကျွေး မွေးရန် မတတ်နိုင်။ ယင်းနေ့ရက်များအတွက် တစ်လတစ်သောင်းရသည့် သက်ကြီးထောက်ပံ့ကြေး၊ ယခုကိုဗစ်ထောက်ပံ့ကြေး စသည်ငွေစ များဖြင့် လိုအပ်သည့်ဆေးဝါးနှင့် အစားအသောက်များအား ဝယ်ခြမ်းပြီးချွေတာ စားသောက်ကာ အသက်ဆက်နေရကြောင်း အမယ်အိုက ပြောပြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က သူမအနီးတွင် အဖော်အဖြစ် (နောက်အိမ်ထောင်ဖြစ်သည့်) ယောကျာ်းရှိခဲ့သေးသည်။ အခုတော့သူမ ယောကျာ်းလည်း ဆုံးပါးခဲ့ပြီဖြစ်ပြီး သားသမီး များကလည်း ဘယ်ဆီဘယ်ဝယ်မသိတော့။

“အဖွားရဲ့အဖော်က ဒီမှာလေ” ဟု အမယ်အိုက ပြောကာ ခေါင်းရင်းရှိ ဘုရားစင်အား လက်ညိုး ထိုးပြသည်။ တစ်ဆက်တည်း ဝါးထရံတွင် ကပ်ထားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ဓာတ်ပုံကိုလည်း ထိုးပြသည်။

“သူတို့ပဲ အဖွားကကိုးကွယ်တာ။ ကျန်တာ ဘယ်သူ့ကိုမှ မကိုးကွယ်ဘူး” သည်နေရာတွင်မူ သူ့စကားသံက ရှင်းလင်း ပြတ်သားသည်။

နောက်အိမ်ထောင်ဖြစ်သည့် သူမယောကျာ်း၏ အလုပ်အကိုင်က မြိတ်ဒေသအခေါ် ခေါပဒေါင်း ရက်လုပ်ခြင်းအလုပ်အကိုင်ဖြစ်သည်။

ခေါပဒေါင်းဆိုသည်က ဝါးအနှီးဖြင့်ရက်လုပ်သည့် ထမင်းစားပန်းကန်အရွယ် ခြင်းတောင်း အဝိုင်းလေးဖြစ်သည်။

ယင်းကို လူမမယ် ကလေးသူငယ်များအား သရဲတစ္ဆေဖမ်းစားလျှင် အစားအသောက်များထည့်ကာ သွားရောက်ကျွေးမွေးရာတွင် ဒေသခံများက အသုံးပြုကြသည်။

ယောကျာ်းဆုံးပြီးနောက် ခေါပဒေါင်း ရက်လုပ်ခြင်းကို သူမဝမ်းတစ်ခါးစာအတွက် ဆက်လက်လုပ်ကိုင်ခဲ့သေးသည်။ သို့သော် ယခုအခါ အသက် ၉၀ ကျော်လာသည့် အချိန်တွင်တော့ ဝါးအား ပိုင်းဖြတ် ခွဲစိပ်ခြင်း အလုပ်ကိုသူမလုပ်နိုင်တော့။ မျက်လုံးအစုံလည်း မှုန်လာသလို လက်တွေလည်း တုန်လာပြီဖြစ်သည်။

“အရင်ကတစ်ခု တစ်ရာရတယ်။ ခုတော့ တစ်ခုသုံးရာ ရတယ်။ လုပ်လို့မနိုင်တဲ့အဆုံး နားလိုက်ရတယ်” ဟု အမယ်အိုက ပြောသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်ခန့်က သူမ ဘဝက ယခုလိုဆင်းဆင်းရဲရဲမဟုတ်။ နာမည်ကြီး ဝပ်ရှော့လုပ်ငန်းပိုင်ရှင် တစ်ဦး၏ဇနီးဖြစ်ခဲ့ပြီး အဆိုပါခင်ပွန်း ဆုံးပြီးနောက် စီးပွားပျက်ခဲ့သည်ဟု အမယ်အိုက အတိတ်ကို ပြန်ပြောင်းပြောပြသည်။

ယင်းနောက် သူမနောက်အိမ်ထောင် ထပ်ပြုကာ ထိုနေရာတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိနေထိုင်နေသည့် ယင်းနေရာသည်လည်း သူမပိုင်သည့်မြေမဟုတ်။ အိမ်နီးချင်း တစ်ဦး၏ မြေအပိုင်ဖြစ်ပြီး သူမအား ငွေကြေး တစ်ပြားတစ်ချပ် မယူဘဲပေးနေထားကြောင်း အမယ်အိုက ဆိုသည်။

တစ်နေ့လုပ် တစ်နေ့စားသမား များဖြစ်ကြသည့် အိမ်နီးချင်းများက ကိုဗစ်ကြောင့် အလုပ်အကိုင်အဆင်မပြေကြ။ ယင်းကြောင့် သူမအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရသည့်အတွက်လည်း အားနာနေသည်။

အသက် ၉၀ ကျော် မီးစာကုန် ဆီခန်းလုနေပြီဖြစ်သည့် အမယ်အိုကား သူမတဲကလေး အပေါက်ဝတွင်ထိုင်ကာ နေ့စဉ်သွားလာနေသည့် လူအများထဲ သူ့သားသမီးများကို မည်သည့်အချိန်အထိ ရှာဖွေနေဦးမည်မသိ။

သို့သော် နောက်ဆုံးထွက်သက်အထိ သူမ ဆန္ဒပြည့်ရန်ကိုမူ ညစဉ်ဘုရားရှိခိုး ဆုတောင်းရုံမှ တစ်ပါးမရှိတော့ဟု သူမက ဆိုသည်။

“အခုချိန် သားသမီးတစ်ယောက်လောက် ကိုယ့်အနားမှာ ရှိနေရင်တော့ ဘာပဲဖြစ်ဖြစ် အားရှိတာပေါ့” ဟု အမယ်အိုက ဝမ်းနည်းစကားဆိုသည်။

ကိုဆန်း