ကိုဗစ်ပိုးကူးစက်မှုမြင့်၍ ထိုင်းနယ်စပ်ဂိတ်နှစ်ခု ယာယီပိတ်

0
160
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံနှင့် ကူးသန်းရောင်းဝယ်နေသည့် နယ်စပ် ဂိတ်နှစ်ခုကို ယာယီပိတ်လိုက်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ် ဂိတ်နှင့် မြိတ်ခရိုင်ရှိ မောတောင်နယ် စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်မှ ပိတ်လိုက်ကြောင်း တိုင်းဒေသကြီး ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထီးခီးနယ်စပ်ဂိတ်အား ဒီဇင်ဘာလ ၂၂ ရက် နေ့မှစတင်ကာ ၁၄ ရက်ကြာ ယာယီပိတ်ထားလိုက်ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

မောတောင်ဂိတ်ကိုမူ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စပိတ်လိုက်ပြီး မည်သည့်နေ့ရက်အထိ ပိတ်ထားမည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

“မဟာချိုင်ငါးဈေးမှာ (ကိုဗစ်) ရောဂါကူး စက်မှု များနေတယ်။ များနေတဲ့အခါကျတော့ အဲဒါကို ထိန်းတဲ့အနေနဲ့ သူတို့ဆီက ပိတ်တာပါ” ဟု ကုန်သွယ်ရေးဦးစီးဌာနမှ အထက်ပါ တာဝန် ရှိသူက ပြောသည်။

အဆိုပါ နယ်စပ်ဂိတ်နှစ်ခုမှ ရေထွက်ကုန်များကို ပစ္စည်းအများဆုံးတင် ပို့နေခြင်းဖြစ်သည်။

ကော့သောင်းနယ်စပ်ဂိတ်ကိုမူ ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်ခွင့်ပြုထားဆဲဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်ပထမလှိုင်း ကူးစက်မှုစတင်ချိန်တွင် ထီးခီးနယ်စပ်ဂိတ်အား ခေတ္တပိတ်ထားခဲ့ပြီးနောက် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးအတွက် ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်ဖွင့်ပေးခဲ့ပြီး လူအသွားအလာ ကန့်သတ်ထားကြောင်း ၎င်းက ဆိုသည်။

ရေထွက်ကုန်များကို ထီးခီးနယ်စပ်ဂိတ်ထံ တစ်လလျှင် ၁၀ ခေါက်ခန့် ပို့ဆောင်ပေးနေရပြီး လက်ရှိတွင် နယ်စပ်ဂိတ်ပိတ်လိုက်သည့်အတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ထီးခီး နယ်စပ်သို့ ရေထွက်ပစ္စည်းပို့ဆောင်နေသည့် ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။