ထီးခီးမြို့ ပြ စီမံကိန်းအား မြေမြှုပ်မိုင်းရှင်း၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ ဆောင်ရွက်ရန်လိုအပ်ဟုဆို

0
178
Dawei Watch, Dawei News, Dawei News Media

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်လာမည့် ထီးခီးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအား မြေမြှုပ်မိုင်းရှင်းလင်းပြီး သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေဘဲ ဆောင်ရွက်သင့်ကြောင်း ထီးခီးမြို့ပြဖွံ့ဖြိုးရေး စီမံ ကိန်းရေးဆွဲခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးအပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော အဖွဲ့က ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် များဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။

ယင်းမြို့ပြ စီမံကိန်းကို ဒီဇင်ဘာလ ၂၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ် တော်ပုံမှန်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ယင်းစီမံကိန်းနေရာတွင် တစ်ချိန်က တိုင်းရင်းသားလက်နက်ကိုင်နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ အကြီးအကျယ်ဖြစ်ဖူးသည့်နေရာဖြစ်ပြီး မြေမြှုပ် မိုင်းဟောင်းများလည်းရှိနေသည်။ အချို့နေရာများသည် မိုင်းအန္တရာယ်ကြောင့် တားမြစ်နေရာများပင်ရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လထဲကပင် တားမြစ်နေရာတစ်ခုသို့ ငှက်ပစ်သွားသည့် ထီးခီးဒေသခံတစ်ဦး မြေမြှုပ်မိုင်း ဟောင်းနင်းမိ ပေါက်ကွဲပြီး သေဆုံးခဲ့ဖူးသည်။

ယင်းအတွက်ကြောင့် မြေမြှုပ်မိုင်းအား မြေပြင်ရှင်းလင်းမှုများ လုပ်ဆောင်ပြီးမှ မြို့ပြစီမံကိန်းကို အကောင်အထည် ဖော်ဆောင်သင့်ကြောင်း အစီရင်ခံစာက ဆိုသည်။

ယင်းအပြင် ထီးခီးဒေသတွင် ထိန်းသိမ်းထားသော သစ်တောများ ထူထပ် စွာပေါက်ရောက်နေပြီး ဇီဝမျိုးစုံ၊ မျိုးကွဲများ မှီတင်းနေထိုင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ဇီဝမျိုးစုံ၊ မျိုးကွဲများရှိ နေသည့် သစ်တောကို ထိန်းသိမ်းရန် လိုအပ်ပြီး လိုအပ်ချက်အရ မြို့ပြချဲ့ထွင်မှုသည် ဂေဟစနစ်မပျက်စီးစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း အစီရင်ခံစာက ဆိုသည်။

မျိုးသုဉ်းလုနီး သတ္တဝါများကို သတ်ဖြတ် စားသောက်နေခြင်းကိုလည်း ဥပဒေနှင့်အညီ ကာကွယ်ထိန်းကျောင်း ပေးရန် အထူးဂရုပြုရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထီးခီးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ ဖူနမ်ရွန်မြို့နယ်၊ အနောက်ဘက်တွင် ထားဝယ်ခရိုင် မေတ္တာမြို့တို့နှင့် နယ်မြေချင်း ထိစပ်နေသည်။

စီမံကိန်းဧရိယာ ဆောင်ရွက်နိုင်သော ဧရိယာစုစုပေါင်း ဧက ငါးထောင် ကျော်(၅၂၂၉ ဧက) ရှိသည်။ ယင်းဧက ငါးထောင်ကျော်အနက် မြို့ပြစီမံကိန်းလုပ်မည့်အကျယ်အဝန်းမှာ ဧကတစ် ထောင်ကျော် (၁၄၅၇ ဧက) ဖြစ်ပြီး ကျန်မြေနေရာများမှာ မယ့်သမီးခီး စက်မှု ဇုန်ဆောင်ရွက်ရန်အတွက် အစိုးရက မြေငှားရမ်းမည့်နေရာဖြစ်သည်။

ကျော်သူစိုး