မင်းကိုချစ်တယ်လို့ ပြောဖို့ မမေ့ကြပါနဲ့

0
916
မင်းကိုချစ်တယ်လို့ ပြောဖို့ မမေ့ကြပါနဲ့

နောက်ဆုံးဆိုတာ လူ့အသုံးအဆောင် ပစ္စည်းတွေအတွက်ဆိုရင်တော့ ကောင်းပါတယ်။ နောက်ဆုံးပေါ် (Latest) ဆိုတဲ့ စကားလုံးက လူ့အသုံးအဆောင် ပစ္စည်းအတွက်တော့ အရင်ထက်ပိုကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ဒါပေမဲ့ လူတစ်ယောက်အတွက်ဆိုရင်တော့ နောက်ဆုံးဆိုတဲ့ စကားလုံးကတော့ မကောင်းတဲ့အဓိပ္ပာယ်ပါပဲ။

လူတစ်ယောက်အတွက် အသက်ရှင်ဖို့ နောက်ဆုံးလို့ သိလိုက်ရတဲ့အချိန် ဘာလုပ်မယ်ထင်ပါသလဲ။

တစ်ယောက်ယောက်က ကိုယ့်နဖူးကို သေနတ်နဲ့ချိန်ထားတဲ့အချိန်။ နောက်ပြီးတော့ ရုပ်ရှင်ဆန်ဆန် သေနတ်နဲ့ချိန်ထားပြီး ကိုယ့်သေကျင်းကိုကိုယ်တူးခိုင်းတဲ့အချိန်။ ကြိုးမိန့်ကျပြီးတဲ့ သူကို ကြိုးပေးဖို့ ကြိုးကွင်းစွပ်လိုက်တဲ့ အချိန်။ ဆေးထိုးသတ်မယ့်သူတစ်ယောက်ကို ဆေးသွင်းဖို့ ပြင်ဆင်နေတဲ့အချိန်။ လျှပ်စစ်ကုလားထိုင်မှာ ထိုင်ခိုင်းပြီးတော့ သတ်ဖို့လုပ်နေတဲ့အချိန်။ ဒါမှမဟုတ် ဆရာဝန်က ဘယ်လောက်ပဲ အသက်ရှင် ရတော့မယ်လို့ ပြောတဲ့အချိန်။

အဲဒီလိုမျိုးကြုံခဲ့ရင် တည်တည် ငြိမ်ဖြစ်ဖို့ဆိုတာတော့ မလွယ်လောက်ဘူးထင်ပါတယ်။ ပထမတော့ သွေးရူး သွေးတန်း ဖြစ်ချင်ဖြစ်နေမယ်။ ဆို့နင့် ကြေကွဲမှုတွေလည်း ခံစားရနေနိုင်တယ်။ စိတ်ကယောင်ချောက်ခြားဖြစ်ပြီး ဆောက် တည်ရာမရလည်း ဖြစ်နေနိုင်တယ်။ နောင်တရချင်လည်း ရနေမယ်။ ကိုယ် ချစ်ရတဲ့သူတွေကို သတိရချင်လည်းရနေ နိုင်တယ်။ နောက်ဆုံးအနေနဲ့ ကိုယ်ယုံ ကြည်ကိုးကွယ်ရာဘာသာတစ်ခုခုနဲ့ ဆုတောင်းနေကြလိမ့်မယ်ထင်ပါတယ်။

သေခြင်းတရားဟာ ရှောင်လွှဲလို့ မရမှန်းသိပေမဲ့ တကယ်နဖူးတွေ့ဒူးတွေ့ တွေ့လာရင်တော့ တည်ငြိမ်ဖို့ခက်လိမ့်မယ်ထင်ပါတယ်။ သေခြင်းတရားအတွက် သေသေချာချာ ပြင်ဆင်ထားတာ မရှိခဲ့ရင်ပေါ့။

ဒီနေရာမှာ ကျွန်တော်စိတ်ဝင်စား နေတာတစ်ခုက သေကြောင်းကြံကြတဲ့ သူတွေဟာ သူတို့စိတ်ထဲမှာ ဘယ်လိုပြင် ဆင်ထားသလဲဆိုတာ သိချင်နေမိတယ်။ ဘယ်လိုစိတ်ဓာတ်မျိုး၊ ဘယ်လိုစိတ်အခြေအနေမျိုးက သေရဲလောက်တဲ့အထိ သတ္တိတွေ ရှိသွားစေသလဲမသိ။ သေချင်လောက် တဲ့ စိတ်ဖိစီးမှုမျိုးရှိပေမဲ့ သေရဲတဲ့သတ္တိ မျိုးရှိလာဖို့က တော်ရုံနဲ့တော့ မရနိုင်ဘူး။

ကျွန်တော့အနေနဲ့ တကယ့်အဖြစ်အပျက်ဟုတ်မဟုတ်မသေချာပေမဲ့ သေခြင်းတရားကို အကောင်းဆုံးရင်ဆိုင်သွားတဲ့ သူတွေအကြောင်းကို ကမ္ဘာကျော်တိုင်တန်း နစ်ဇာတ်ကားကြီးထဲမှာ တွေ့ခဲ့ရတယ်။ သူတို့ရဲ့ သေခြင်းတရားကို ရင်ဆိုင်သွား ပုံတွေကတော့ ချီးကျူးဂုဏ်ယူစရာကောင်း လှပါပေတယ်။

ပထမဆုံးတစ်ယောက်ကတော့ သင်္ဘောကပ္ပတိန်။ သင်္ဘောနစ်မြုပ်ရတာဟာ သူ့မှာတာဝန်မကင်းဘူးဆိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ သင်္ဘော နဲ့အတူ ရေထဲမှာအနစ်ခံပြီး အသေခံ လိုက်တယ်။ ငါက သင်္ဘောကပ္ပတိန်ဆို ပြီး အသက်ရှင်ဖို့အတွက် အခွင့်အရေး မယူသွားခဲ့ဘူး။ တာဝန်ယူမှု၊ တာဝန် ခံမှုအပြည့်နဲ့ အသေခံသွားခဲ့တာ။ တည်တည်ငြိမ်ငြိမ်နဲ့ သေခြင်းတရားကို ဂုဏ် ယူဖွယ် ရင်ဆိုင်သွားခဲ့တယ်။

အဲဒီဇာတ်ကားထဲပါတဲ့ တီးဝိုင်း အဖွဲ့ဟာလည်း ဂုဏ်ယူလေးစားဖို့ကောင်း လွန်းစွာနဲ့ သေခြင်းတရားကို ရင်ဆိုင် သွားခဲ့ကြတယ်။ ကိုယ်သေရတော့မယ် ဆိုတာကို သိနေကြပေမဲ့ နောက်ဆုံးအချိန်လေးကို အကျိုးရှိရှိအသုံးချသွားခဲ့ကြတယ်။ သင်္ဘောကြီးနစ်မြုပ်ခါနီးမှာ စိတ်သောကရောက်နေကြတဲ့သူတွေကို စိတ်တည်ငြိမ်မှုရဖို့အတွက် သီချင်းလေး တီးပြီး ဖျော်ဖြေပေးခဲ့ကြတယ်။ သူတစ် ပါးစိတ်တည်ငြိမ်မှုရဖို့၊ အေးချမ်းမှုရဖို့အတွက် ကိုယ့်လွတ်မြောက်မှုကိုတောင် မရှာတော့ကြဘဲနဲ့ ပေးဆပ်သွားခဲ့ကြတယ်။

အခုကိုဗစ်ကာလမှာ နောက်ဆုံးအချိန်ကို အကောင်းဆုံးဖြတ်သန်းသွားနိုင်ဖို့အတွက် ကူညီပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးဟာလည်း တိုင်တန်းနစ်ဇာတ်ကားထဲက တီးဝိုင်းအဖွဲ့လို စိတ်ထားမျိုးပိုင်ဆိုင်ကြသူတွေပါပဲ။ ကိုယ့်အသက်ကို ပဓာနမထားဘဲ လူနာတွေရဲ့အသက်ကို ကယ်တင်ပေးနေကြ တာ ဂုဏ်ယူဖို့ကောင်းပါတယ်။ ICU ထဲရောက်နေတဲ့ တချို့သောလူနာတွေအတွက် ဘဝကူးကောင်းစေဖို့အတွက် အကောင်းဆုံးကူညီပေးကြပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် ICU ထဲရောက်ပြီး အသက်ပေးလိုက်ကြရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေလည်း ရှိကြလေရဲ့။ ကျွန်တော်ကတော့ အဲဒီကျန်းမာရေးဝန်ထမ်းတွေကို တိုင်တန်းနစ်ဇာတ်ကားထဲက တီးဝိုင်းအဖွဲ့ကလူတွေနဲ့ တန်းတူထားပြီး ဂုဏ်ယူနေမိပါတယ်။ ဒါပေမဲ့ ဟိုက ရုပ်ရှင်၊ ဒီက လက်တွေ့ တကယ့်အဖြစ်အပျက်မို့ ပိုပြီးတော့ ဂုဏ်ယူမိပါတယ်။

ကိုမင်းကိုနိုင်ရဲ့ နောက်ဆုံးတွေး ဖွယ်ဆိုတဲ့ ဆောင်းပါးလေးဖတ်ရပါတယ်။ သူ့ဆောင်းပါးလေးရဲ့အစမှာ အမေရိကန် ရဲ့ ၉/၁၁တုန်းက အဖြစ်အပျက်အကြောင်းလေးကို ဖော်ပြထားပါတယ်။ ၂၀ဝ၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့ဝင် ၁၉ ယောက်တို့ဟာ ခရီးသည်တင်လေယာဉ် လေးစီးကို ပြန်ပေးဆွဲခဲ့ပါတယ်။ အဲဒီ လေယာဉ်လေးစီးထဲက နှစ်စီးဟာ World Trade Center အမွှာမျှော်စင်ကို ရှေ့ဆင့်နောက်ဆင့် ဝင်တိုက်ခဲ့ကြပါတယ်။

လေယာဉ်ပေါ်ပါတဲ့ခရီးသည်တွေဟာ လေယာဉ်ပြန်ပြေးဆွဲခံရတယ်ဆိုတာ ကို သိလိုက်ရချိန်မှာတော့ အတော်လေးကို ဆောက်တည်ရာမရဖြစ်ခဲ့ကြမှာပါ။ ဒါပေမဲ့ အဲဒီခရီးသည်တွေဟာ မိသားစုတွေဆီကို Message တွေကို နောက်ဆုံးအနေနဲ့ ပို့ခဲ့ကြပါတယ်။

မိသားစုတွေဆီကို သူတို့ပို့ခဲ့ကြတဲ့ Message တွေရဲ့အများစုကတော့ “I Love You.” ပဲ ဖြစ်ပါတယ်။

မကြာခင် သေကြရတော့မယ်ဆိုတာ သိနေကြတဲ့သူတွေက မိသားစုတွေဆီပြန်ပို့တဲ့ စာတိုက ငါမင်းကို ချစ်ပါတယ်တဲ့။

ကျွန်တော်တို့အနေနဲ့ ကိုယ်ချစ်ရတဲ့သူတွေကို သေခါနီးအချိန်၊ နောက်ဆုံးအချိန်မှ ချစ်တယ်လို့ပြောမယ့်အစား ကျန်းမာနေတုန်းကတည်းက ပြောထား ကြဖို့ မမေ့ကြပါနဲ့။ အခုလိုမျိုး ကိုဗစ် ကာလမှာလည်း မိမိချစ်ခင်ရတဲ့သူတွေကို ချစ်ပါတယ်လို့ ပြောဖို့မမေ့ကြပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။

စာဖတ်သူအားလုံးကို ချစ်ပါတယ်လို့ မေတ္တာရှေ့ထားပြီး ကျွန်တော့ကို ပြောခွင့်ပြုကြပါခင်ဗျား။ အားလုံးကို ချစ်ပါတယ်။