ကိုဗစ်တိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းများ၏ အိမ်ပြန်ချိန်

0
466
ကိုဗစ်တိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းများ၏ အိမ်ပြန်ချိန်

မီးဆိုမီး၊ ရေဆိုရေ အရေးပေါ်လာပြီဆိုရင် စေတနာ့ဝန်ထမ်းတွေ ရှေ့ဆုံးက။ ဟော… အခု ကိုဗစ်ဆိုလည်း သူတို့။

ကိုဗစ်တိုက်ဖျက်ရေးက အရင် မီးလောင်၊ ရေကြီးစဉ်ကနဲ့ အခြေအနေချင်းမတူ။ မီးလောင်ရင် ဘယ်နေရာတက်၊ ဘယ်နေရာကို ဖျက်ရမယ်ဆိုတာ သူတို့သိတယ်။ ရေကြီး၊ ရေလျှံမှုလား၊ ရေရှားတာလား၊ ယဉ်တိုက်မှုလား၊ ဘာလာလာ သူတို့ဒေါင်း နိုင်တယ်။ အဲဒီအတွက်သူတို့မှာ အတွေ့အကြုံနဲ့ အလေ့အကျင့်က ရှိပြီးသား။

အဲဒီအချိန်က လက်ခုပ်သံ၊ သြဘာသံတွေကို သူတို့ရခဲ့ကြပေမဲ့ ကိုဗစ်တိုက်ဖျက်ရေးလုပ်ရာမှာတော့ လူအမုန်းခံခဲ့ရတာတွေလည်း စေတနာ့ဝန် ထမ်းတွေ ကြုံခဲ့ရတယ်။

အသွားအလာ ကန့်သတ်ဖို့ သွားခေါ်ရာမှာ ငြင်းဆန်တာတွေ၊ အစိုးရနဲ့ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမူအလွဲတွေကို ထောက်ပြလို့ အမျက်တော်ရှတာလည်း ခံချင်ခံရမယ်။ ဒါတွေကို သူတို့မမှု၊ မိသားစုနဲ့ လချီကြာခွဲပြီး ကိုဗစ်တိုက်ဖျက်ရေးမှာ စေတနာနဲ့ တာဝန်ထမ်းဆောင်နေသူတွေ အခုချိန်အထိ ရှိနေဆဲပါ။

စေတနာ့ဝန်ထမ်း

ရက်ပေါင်းများစွာ လနဲ့ချီ အိမ်နဲ့ခွဲခွာပြီး ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးကို လုပ်ဆောင်နေ ကြတာပါ။ တခြားနိုင်ငံအချို့မှာ ကာကွယ်ဆေးပေါ်လို့ တိုင်းသူပြည်သားတွေကို ထိုးနှံနိုင်နေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာကတော့ ကူးစက်မှုဟာ အရှိန်နဲ့ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေးရဖို့က ဘယ်တော့၊ ဘယ်ကာလရယ်လို့ မပြောနိုင်သေးတဲ့အခြေအနေပါ။ ဒီတော့လည်း သူတို့စေတနာ့ဝန်ထမ်းတွေအနေနဲ့ ဘယ်တော့ အိမ်ပြန်ကြရမယ်ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

မြိတ်မြို့မှာ ကိုဗစ်လူနာစတွေ့ရတဲ့ စက်တင်ဘာလ ၄ ရက်ကနေ ဒီနေ့အထိ မိသားစုဆီမပြန်ဘဲ ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းထဲမှာပဲ ဇောက်ချ လုပ်ကိုင်နေတဲ့ စေတနာ့ဝန်ထမ်း နှစ်ဆယ်လောက် ရှိပါတယ်။

သူတို့တတွေကတော့ မြိတ်ကိုဗစ်-၁၉ ထိတွေ့ လူနာ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ မြိတ်ခရိုင် အရေးပေါ်လူနာတင်ယာဉ်များအသင်းက စေတနာ့ ဝန်ထမ်းတွေပါဝင်ပါတယ်။ သူတို့တစ်တွေကို သီးသန့်နေအိမ်မှာနေထိုင်စေပြီး ကိုဗစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေကြတာဖြစ် ပါတယ်။

ကိုဗစ်လူနာ၊ သံသယရှိသူတို့နဲ့ ထိတွေ့ဆက် စပ်သူတွေကို သွားခေါ်တဲ့နေရာမှာ ပြဿာနာတစ်စုံ တစ်ရာမရှိပေမဲ့ အရေးပေါ်ကားကိုတော့ အတော်လေး ဂရုစိုက်ပြီး မောင်းနှင်ခဲ့ရတယ်လို့ အခုချိန်အထိ အိမ်မပြန်ဘဲ ကိုဗစ်လူနာ၊ ထိတွေ့သူတွေကို သယ်ဆောင်ပေးနေတဲ့ ကိုမျိုးရဲသူက ပြောပါတယ်။

အရေးပေါ်လူနာတင်ကားတွေကို အချို့လူတွေက လမ်းမဖယ်ပေးချင်ကြ။ လူနာကလည်း အရေးပေါ်ဆေးရုံတင်ဖို့ လိုနေတဲ့သူမျိုးဆိုရင် ကားကို အထူးဂရုစိုက်မောင်းရတာဖြစ်တယ်လို့သူက ဆိုပါတယ်။

“လမ်းလေးနည်းနည်းရှင်းပေးကြစေချင်တယ်” လို့ ကိုမျိုးရဲသူက ဆိုပါတယ်။

ထားဝယ်မြို့မှာလည်း အိမ်မပြန်ဘဲ ကိုဗစ် တိုက်ဖျက်ရေးလုပ်နေတဲ့သူတွေရှိပါတယ်။ သူတို့ တစ်တွေကတော့ ဇမ္ဗူသီရိအဖွဲ့က စေတနာ့ဝန်ထမ်းတွေပါ။ ဇမ္ဗူသီရိ အဖွဲ့မှာ လက်ရွေးစင် ခြောက်ဦးကို ရွေးထားပါတယ်။ သူတို့တွေဟာ အိမ်မပြန်ဘဲ နေနိုင်ရမယ့်သူတွေဖြစ်ပါတယ်။

ကိုဗစ်သံသယရှိရင် အဲဒီလက်ရွေးစင်ခြောက်ယောက်က ညအလှည့်ကျ သွားသယ်ရပါတယ်။ တကယ်လို့ အဲဒီသံသယလူနာမှာသာ ပိုးတွေ့ပြီဆိုရင် လူနာသွားသယ်တဲ့စေတနာ့ဝန်ထမ်းတွေ အိမ်နဲ့ ၁၄ ရက် အဆတ်ဖြတ်ပြီးနေပေတော့။

ပိုးတွေ့လူနာသယ်ပြီးတိုင်း အိမ်နဲ့ အဆက်ဖြတ်ဖြတ်ပြီး နေနေရတော့ သူတို့တစ်တွေဟာ မိသားစုနဲ့ နေတဲ့အချိန်ကနည်းပါတယ်။ အဲဒီအတွက် သူတို့ကို ဘယ်သူကမှ အမိန့်မပေးထားသလို ဘယ်သူကမှလည်း လစာငွေကြေး မပေးထားကြပါဘူး။

စေတနာ့ဝန်ထမ်း

“ရုံးမှာနေရတဲ့အချိန်က ပိုများတယ်။ ဖြစ်လာခဲ့သည်ရှိသော် ပထမဆုံး အရင်ခံရမှာက ကိုယ့် မိသားစုပဲလေ” လို့ ထားဝယ်မြို့က ဇမ္ဗူသီရီအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုပါတယ်။

ဦးနိုင်မျိုးသွင်ကိုယ်တိုင်လည်း ကိုယ်တိုင် မကာကွယ်ရင် ကိုဗစ်က ကိုယ့်မိသားစုဆီ တစ်ချိန်ချိန်မှာ တံခါးလာခေါက်လိမ့်မယ်လို့ ခံယူထားတဲ့သူပါ။

ဒါကြောင့်လည်း ကိုဗစ်တိုက်ဖျက်ရေးထဲ ခြေလှမ်းစဝင်ကတည်းက အချို့အချိန်တွေမှာ အိမ်က ဇနီးနဲ့ ကလေးကို သွားသွားချောင်းကြည့်ခဲ့ရတဲ့ အချိန်တောင်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အစပထမမှာတော့ လူတွေက ကိုဗစ်ပိုးတွေ့ လူနာသယ်သမားတွေကို အနီးကပ်အတွေ့မခံချင်၊ ဝေးဝေးက ရှောင်ချင်ကြတယ်။

“ကျွန်တော်တို့က ပိုးတွေ့လူနာသယ်သမား တွေဖြစ်နေတဲ့အခါကျတော့ လက်ဖက်ရည်ဆိုင်ထဲမှာတောင် အတူမထိုင်ကြဘူး။ ထွက်သွားကြတယ်။ တချို့ဆို ကျွန်တော်တို့ရုံးကို မလာရဲကြဘူး။ပိုက်ဆံလှူချင်ရင်လည်း ပိုက်ဆံတော့ (တစ်နေရာရာမှာ) ထားပေးထားမယ်။ သူတို့ကိုယ်တိုင်ကတော့ ထွက်မတွေ့ဘူးပေါ့။ အဲလိုမျိုး ခွဲခြားခံခဲ့ရတယ်” လို့ ဦးနိုင်မျိုးသွင်က ဆိုပါတယ်။

အခုနောက်ပိုင်းတော့ အရင်က လောက် ခွဲခြား ဆက်ဆံခံရတာမျိုး မရှိ တော့ဘူးလို့ သူကဆိုပါတယ်။

ကိုဗစ်စဖြစ်ကတည်းက စေတနာ့ ဝန်ထမ်းတွေ အသက်အရွယ်၊ ကျား၊ မ၊ မရွေး အလွှာပေါင်းစုံကလူတွေ အုံနဲ့ ကျင်းနဲ့ ကိုဗစ်တိုက်ဖျက်ရေးထဲဝင်ပါခဲ့ ကြပါတယ်။ အချို့က လူနာသည်မယ်။ အချို့က ပိုးဆေးဖျန်းမယ်၊ အသိပညာ ဖြန့်ဝေမယ်၊ အထောက်ကူပြုပစ္စည်းတွေ မျှဝေကြမယ် စသည်ဖြင့်ပေါ့။

ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းကြ၊ ဝန်းကြပေမဲ့လည်း အစိုးရက စီမံခန့်ခွဲတဲ့ အပိုင်းမှာ အားနည်းချက်တွေရှိတော့ စေတနာ့ဝန်ထမ်းတွေခမျာလည်း စိတ်ဓာတ်ကျစ ပြုလာကြပါပြီ။ ဥပမာ ခိုးဝင် လာတဲ့သူတွေကို အစိုးရက မကြပ်မတ်နိုင်တာမျိုးတွေကြောင့်ပါ။

“ဒီလိုပဲ ယိုစိမ့်မှုတွေများနေမယ်၊ ထိန်းသိမ်းမှုတွေ အားနည်းနေမယ်ဆိုရင်တော့ ကျွန်တော်တို့အဖွဲ့ကတော့ ရပ်နား ဖို့ကို စဉ်းစားမှ ရတော့မယ်” လို့ ဦးနိုင်မျိုးသွင် က ဆိုပါတယ်။

တနင်္သာရီသတင်းအဖွဲ့