မြေအိပ်မက်အတွက် တရားမျှတမှု

editorial
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တနင်္သာရီတိုင်း တောင်ပိုင်းသို့ မော်တော်ကား တစ်စီးဖြင့် ခရီးနှင်ပါက မဆုံးနိုင်သော ဆီအုန်းတောကြီးများကို တွေ့နိုင်သည်။ ထိုမှ တစ်ဆင့် အနောက်ဘက်သို့ ခရီးဆက်ပါက ရာချီသော ကျွန်းစုများကို တွေ့ရမည်ဖြစ်သည်။

ထိုနေရာ နှစ်ခု စလုံးတွင် အထင်းသား မြင်နိုင်၊ ကြားနိုင်သည်မှာ မြေယာ ပြဿနာများ ဖြစ်သည်။

မကြာသေးမီက ထိုနေရာ တစ်လျှောက် ခရီးသွားရာတွင် မြင်ရ၊ ကြုံရသည့် ပြဿနာများအနက် မြေယာ ပြဿနာလည်း ပါဝင်သည်။ ယင်းအနက် ဘဏ်လုပ်ငန်းစုကြီး နှစ်ခုနှင့် ဒေသခံတို့၏ မြေယာပြဿနာ ဖြစ်သည်။

တစ်ခုမှာ ဆီအုန်းတောများအတွင်း ဒေသခံများ ဝင်ရောက်လုပ်ကိုင်ခြင်း ကြောင့် တရားစွဲထားခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ဆလုံတိုင်းရင်းသားများ နှစ်ပေါင်းများစွာ နေထိုင် လုပ်ကိုင်လာသော ကမ်းခြေမြေယာတွင် ဒေသခံ တိုင်းရင်းသားတို့ နေအိမ်ဆောက်ရာမှ ကုမ္ပဏီပိုင်ဟုဆိုကာ ပဋိပက္ခဖြစ်ခြင်း ဖြစ်သည်။

တရားဥပဒေ အရ၊ ဥပဒေ နည်းလမ်းအရများစွာ အငြင်းပွားဖွယ်ရာ ဖြစ်သော်လည်း ရိုးရိုးရှင်းရှင်း စဉ်းစားစရာများ များစွာ ရှိနေသည်။

ရှင်းလင်းနေသည့် အချက်မှာ ဒေသခံများမြေယာ ဝင်ရောက်လုပ်ကိုင်ခြင်း မှာ တစ်ကိုယ်စာ၊ တစ်မိသားစုစာ ဝမ်းရေးအတွက် ရည်ရွယ်ရင်း ဖြစ်ပြီး ကုမ္ပဏီဘဏ် လုပ်ငန်းစုကြီးများ မြေယာလိုအပ်ခြင်းမှာ များစွာ ကြွယ်ဝနှင့် ပြီးသားဖြစ်သော ၎င်းတို့၏ စီးပွားချဲ့ထွင် လုပ်ကိုင်မှု အတွက်ဖြစ်သည်။

အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်နိုင်ရန် ကုမ္ပဏီ လုပ်ငန်းစုကြီးများ စီးပွားအခွင့်အလမ်း တိုးချဲ့ရန် လိုအပ်ကြောင်း ခြေခြေမြစ်မြစ် နားလည်ပါသည်။ သို့သော် ယင်းရည်ရွယ်ရင်း တစ်ခုတည်းဖြင့် ဒေသခံတို့၏ နယ်မြေ၊ လုပ်ကိုင် စားသောက်ခွင့်ကို ထိခိုက်ပြီး စတေးခံရန် မလိုအပ်လှပါ။

အချုပ်အားဖြင့် ဆိုရသော် စီးပွားအခွင့်အလမ်းတိုးရန် ကုမ္ပဏီတို့အတွက် လုပ်ကိုင်ခွင့် အရေးကြီးသော်လည်း ယင်းအတွက် ဒေသခံတို့ ဘဝပျက် စတေးခံ၊ မြေယာအဆုံးခံလိုက်ရခြင်းသည် တရားမျှတမှုရှိသော လုပ်ကိုင်ဆုံးဖြတ်ချက် များမဟုတ်ကြောင်း၊ မျှတသော ဖွံ့ဖြိုးရေးပုံစံ မဟုတ်ကြောင်း မီးမောင်းထိုးပြ လိုရင်း ဖြစ်သည်။

အယ်ဒီတာ (ဒီဇင်ဘာ ၁၈၊ ၂၀၂၀)