၀န်ထမ်းတွေ အတွက်ပါပဲ

0
864
Dawei Watch, Dawei News, Dawei News Media

မော်တော်ယာဉ်လိုင်းများ၏ အသံ

ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းအရှိန်မြင့်တက်လာမှုကြောင့် ခရီးသွားလာမှုများအပါအဝင် အသွားအလာများကို ကန့်သတ်လိုက်သည်။ ကမ်းခြေများကိုလည်း ပိတ်ပင်ခဲ့သည်။ ခရီးသွားလာမှုများအား ပိတ်ပင်ထားရာ ခရီးသည်တင်မော်တော်ယာဉ်လိုင်းများလည်း ရပ်နားခဲ့ရသည်။ ယင်းနှင့်ပတ်သက်၍ ယာဉ်လိုင်းပိုင်ရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ရင်ဖွင့်သံအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဦးသောင်းလွင်

(ရွှေမြင်းပျံယာဉ်လိုင်း)

ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်မှစ အကုန်လုံးခက်ခဲတာပေါ့။ ဂိတ်ရှိတယ်ဆိုတော့ ဝန်ထမ်းတွေ ရှိတယ်လေ။ သူတို့စားဝတ်နေရေး ‌ပြေလည်ပါစေဆိုပြီး စားသုံးကုန်လောက်သာ တင်ပြီး ဆွဲနေတာပါ။ အရင်ကထက်စာရင် လုပ်ငန်းရပ်ဆိုင်းနေတဲ့ သဘောရှိတာပေါ့။ ရေရှည် ဒီလိုမျိုး ဆက်ဖြစ်နေဦးမယ်ဆို ခပ်ရှင်းရှင်းပြောရရင် ဦးတို့မှာ ယာဉ်တွေ၊ အဆောက်အအုံတွေ အားလုံးဆုံးရှုံးသွား နိုင်ပါတယ်။

အများနဲ့ ဖြစ်နေတာဆိုတော့ မတောင်းဆိုချင်ပါဘူး။ ဒါပေမဲ့လည်း ကိုယ်ပိုင်ငွေနဲ့ လုပ်ငန်းရပ်တည် နေတဲ့သူတွေက ထိခိုက်မှု နည်းမယ်လေ။ တခြားငွေနဲ့ လုပ်တဲ့သူတွေအတွက် မနော၊ ကာယ၊ ဝစီ သုံးလီလုံး ထိခိုက်ပါတယ်။ အရင်းထားဦး၊ အတိုး မပေးနိုင်ဘူးဆိုရင်ပဲ တရားစွဲခံရမယ်။ ရုံးရောက်ဂတ်ရောက်ဖြစ်ကုန်မှာပေါ့။ ထိခိုက်ပါတယ်၊ စိတ်ပူနေ ရတာပေါ့။ စိတ်ထိခိုက်တော့ ကိုယ်ထိခိုက်ရပါတယ်။ လုပ်ပေး‌နိုင်မယ်ဆိုရင် အစိုးရအနေနဲ့ အတိုးလေးတွေတော့ ဒီကာလမှာ ဆိုင်းငံ့ပေးဖို့ ညှိနှိုင်းပေးစေ ချင်ပါတယ်။


ကိုညီညီမင်း

(လပ်ကီးစတားယာဉ်လိုင်း)

ကုန်ပဲတင်နေရတော့ အဆင်မပြေဘူးပေါ့ဗျာ။ ယာဉ်လုပ်သားတွေ အဆင်ပြေဖို့အတွက်ပဲ လုပ်နေရ တဲ့ သဘောလောက်ပါပဲ။ ပြင်ဆင်စရိတ် ရှုံးပါသေးတယ်။ ဝန်ထမ်းတွေကလည်း မိသားစုလိုဖြစ် နေတဲ့အတွက် သူတို့လည်း တခြားမှာ ထွက်မမောင်း ချင်ဘူးလေ။ အခုအချိန်က သူတို့စားဝတ်နေရေးအတွက် ထောက်ပံ့ပေးနိုင်ရုံ ဆွဲနေတဲ့သဘောပါ။ ကျွန်တော်ဆို နှစ်လ နားလိုက်တယ်တယ်။ ဝန်ထမ်းတွေက သူတို့စားဝတ်နေရေး အခက်အခဲတင်ပြလာတဲ့အတွက် ရှိတဲ့ဝန်ထမ်းတွေကို နေရာပြန်ချပေးပြီး ရတဲ့ ကုန်လောက်တင်ပြီး ပြန်ဆွဲပေးတာပါ့။ ပြင်ဆင်စရိတ်တောင် ရှုံးပါသေးတယ်။ ၁၅ ရက်ကြာရင် ပြန်ဖွင့်နိုး ပြန်ဖွင့်နိုးနိုးပေါ့။ အခုတော့ ၁၅ ရက်ပြီး ၁၅ ရက်ပြီး ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ဝေးလာတယ်။

ကျွန်တော်ကတော့ မျှော်လင့်မနေတော့ပါဘူး။ ရေရှည်မှာ ဒီပုံစံအတိုင်း သွားနေမယ်ဆို သေချာတာ ပေါ့ဗျာ။ ထမင်းငတ်ကြာမှာပါ့။ အခု နေရာချထားမှု ပုံစံကလည်း အဆင်မပြေပါဘူး။ လွတ်တဲ့နေရာ ဝင်ထိုးပြီး နေရတော့ ခေါက်တိုရော၊ ကုန်ကားရော ဆိုတော့ လူက များတယ်လေ။ ပိုပြီးစိုးရိမ်စရာ ကောင်းပါတယ်။ ရောဂါကူးစက်ဖို့လည်း လွယ်တယ်လေ။ ပြီးတော့ သယ်ယူစရိတ် ပိုကုန်ပါတယ်။ အချိန်လည်း ကြန့်ကြာတယ်။ လုံခြုံမှုလည်း နည်းတယ်ပေါ့။ အများနဲ့ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့လည်း လိုက်နာရမှာပဲလေ။ ဒါပေမဲ့လည်း ယာဉ်မောင်း ချိန်းပြီးရင် ကားကို ဂိတ်ထဲ ပေးဝင်စေချင်ပါတယ်။ ကားကွင်းမှာက ကိုယ့်ဂိတ်နဲ့ ကိုယ်ဆိုတော့ သယ်ယူ စရိတ်သက်သာပြီး ပိုပြီးလုံခြုံမှု ရှိတာပေါ့ဗျာ။


ကိုအောင်ဇော်မိုး

(သီဟမင်းယာဉ်လိုင်း)

လူမတင်ရတော့ ပစ္စည်းပဲ တင်နေရတာပေါ့။ အဆင်မပြေပါဘူး။ စာဝတ်နေရေးအတွက် မငတ်အောင် လည်ပတ်နေတဲ့ သဘောပေါ့ဗျာ။ အလုပ်ဖြစ်တယ်ဆိုတဲ့ အနေထားလောက်ပါပဲ။ အခုဆို ယာဉ်မောင်း လျှော့ချပြီး ကျွန်တော်ကိုယ်တိုင် တက်မောင်း နေရတယ်လေ။ ကုန်ကလည်း အမြဲတမ်းရနေတာ မဟုတ်တဲ့အတွက် ကျွန်တော် အခုကတော့ နားထားတယ်။ ကားက ဘိတ်(မြိတ်)မှာထားခဲ့လိုက်တယ်။ အရင်ထက်စာရင် အများကြီးဆုံးရှုံးပါတယ်။ ရေရှည်မှာဆို ကားသမားတွေ၊ ကားလုပ်ငန်းတွေ အားလုံး ပင်ပန်းကုန်လိမ့်မယ်။ နားကုန်လိမ့်မယ်။ လက်ရှိ ‌ကုန်တင်ကုန်ချ နေရာချထားမှုပုံစံလည်း အဆင်မပြေဘူးဗျာ။

ကုန်ကျစရိတ်များပြီး လုံခြုံမှုမရှိဘူးပေါ့။ ကားသမာတွေ တစ်နေရာတည်း စုခိုင်းထားသလို မျိုးဖြစ်နေတယ်။ ရောဂါကူးမှာစိုးလို့ပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွန်ကြားချက်အတိုင်း ကြပ်မတ်စစ်ဆေးပြီး ကားကွင်းထဲပဲ ပေးဝင်စေချင် ပါတယ်။


ဦးသန်းဝင်း

(ကောင်းသစ်စံယာဉ်လိုင်း)

အခက်အခဲက အများကြီးပေါ့။ အခုဆို ၁၆ စီးရှိတဲ့အထဲက ခြောက်စီးပဲ ပြေးဆွဲနေရတာပါ။ လူမတင်ရဘူးဆိုတော့ ကုန်ပဲ တင်နေရတယ်။ အဲဒါကလည်း ဝန်ထမ်းတွေ အတွက်ပါပဲ။ သူတို့မှာ စားဝတ်နေ ရေးရှိတယ်လေ။ အခုဆို ဘိတ်(မြိတ်)ကို လုံးဝမသွားတော့။ ရန်ကုန်၊ ကော့သောင်းပဲ ရတဲ့ ကုန်နဲ့ သွားရတာပေါ့။ ကုန်ကလည်း အမြဲတမ်း မရတော့ တစ်လ တစ်ခေါက်ရဖို့ကို နှစ်ရက်လောက် စောင့်ရတာပါ။ အရင်ကတော့ ဘဏ်ထဲ တစ်လကို သိန်း ၆၀ လောက်ထည့်နိုင်သေးတယ်။ အခုက ရှိတဲ့ ငွေတောင် ပြန်ထုတ်ပြီး လည်ပတ် နေရတာပါ။

ဝန်ထမ်းတွေက မိသားစုလို ဖြစ်နေတဲ့အတွက် လုပ်သားဆုံးရှုံးမှုမရှိအောင် ထိန်းထားရုံ လောက် ရတဲ့ကုန်ပစ္စည်းလောက်နဲ့ သွားနရတာပေါ့။ ရေရှည် ဒီလိုမျိုးဖြစ်နေရင်တော့ ဒီနွေမှာ ပုံမှန်ဖြစ်မလာဘူး ဆိုရင် ဦးတို့စဉ်းစားရတော့မယ်။ မလွယ်ဘူးလေ။ မိုးရာသီဆိုပိုခက်ခဲတာကို။ လုပ်ငန်းရပ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အခုက ကုန်ကျ စရိတ်ပိုများ တယ်လေ။ ဂိတ်ရှိရက်နဲ့ မဝင်ရဘူးဆို တော့ နှစ်ခါ ကုန်တာပေါ့။ ပိုလည်း ပင်ပန်းပါတယ်။ ကပ်ရောဂါ ဖြစ်နေတဲ့ ကာလမှာ ဥပဒေအရလုပ်တာကိုတော့ လက်ခံပါတယ်။

အစိုးရအနေနဲ့ ဦးတို့ကို ညှိနှိုင်းပြီး ဦးတို့ သဘောထားတောင်းခံပြီးမှ လုပ်တာက ပိုကောင်း ပါတယ်။ အခုက နေရာချထားမှု ပုံစံက ဦးတို့အတွက် အဆင်မပြေဘူး။ အခု ဦးတို့အခက်အခဲကို ဘယ်သူမှ လာမမေး၊ လာမဖြေရှင်းပေးဘဲ နေတော့ ဦးတို့ မှာ အားကိုးရာမရှိဘဲ‌ဖြစ်နေတာပေါ့။ ကိုယ့်မှာလည်း ဂိတ်ရှိတယ်လေ။ သူများအိမ်မှာလုပ်ရတာနဲ့ ကိုယ့် အိမ်မှာလုပ်ရတာနဲ့ ဘယ်တူမလဲ။ အခုနေရာချထား တဲ့နေရာက မူလနေရာထက် သယ်ယူစရိတ်ပိုပြီး လုံခြုံစိတ်ချရမှု အပိုင်းလည်း နည်းပါတယ်။ အချိန်လည်း ကြန့်ကြာပါတယ်။ လူကလည်းများတော့ အန္တရာယ်လည်းပိုများတာပေါ့။ ဖြစ်နိုင်ရင် ကားဝင်း ထဲကိုပဲ ပေးဝင်စချင်ပါတယ်၊

Dakkhina Insight သတင်းဌာန၏ အစီအစဉ်ဖြင့် ဖော်ပြသည်။