အချိန်တော်တော်ယူပြီးမှ ရှင်းရမယ့် ကိစ္စတွေလည်းရှိတယ်

0
443
Dawei Watch, Dawei News, Dawei News Media

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က နိုင်ငံတစ်ဝန်းတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ တနင်္သာရီတိုင်းတွင်လည်း ရာနှုန်းပြည့် နိုင်ခဲ့သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း အစိုးရအပေါ် ဝေဖန်မှု၊ အားမရမှုများ ရှိနေသော်လည်း ယခုရွေးကောက်ပွဲ ရလဒ်များကမူ NLDအပေါ် လူထုထောက်ခံမှုသည် ၂၀၁၅ ခုနှစ်ကထက်ပင် ပိုများလာသည်ကို ဖော်ပြနေသည်။

ယခုကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်ရရှိသွားမှုအပေါ် ရွေးကောက်ပွဲဝင် အနိုင်ရကိုယ်စားလှယ်လောင်းများအား ဆက်သွယ်မေးမြန်းထားသည်တို့အနက်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဦးလှထွေး

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရေဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) မှ အနိုင်ရရှိခဲ့သူ၊ လက်ရှိ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး)

TNTY- ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ကိုယ် စားလှယ်တစ်ယောက်အနေနဲ့ မဲဆန္ဒရှင်တွေကို ဘာပြောချင်တာရှိလဲ။

UHH- လက်ရှိရွေးကောက်ပွဲကတော့ ပြီးသွားပြီပေါ့နော်။ မဲပေးတဲ့ရာခိုင်နှုန်းကလည်းများ ပါတယ်။ ၂၀၁၅ ထက်များတယ်။ ရာခိုင်နှုန်းများများနဲ့ အုံလိုက်ကျင်းလိုက် မဲပေးကြတာသည် အဓိကကတော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အပေါ်မှာ ယုံကြည်မှုရှိတယ်။ နောက်ပြီးတော့ ပါတီရဲ့သမိုင်းကြောင်း ဒီအပေါ်မှာမူတည်ပြီးတော့ အုံလိုက်ကျင်း လိုက် မဲပေးတဲ့အပေါ်ကျေးဇူးတင်ပါတယ်။

TNTY- ရွေးကောက်ပွဲမှာ ဒီလိုအနိုင်ရသွားတဲ့ အပေါ် ခံစားချက်ကိုလည်း ပြောပြပါ။

UHH- ပြည်သူအတွက် လုပ်ကျွေးပြုခွင့်ရတယ်လို့ပဲ နားလည်ပါတယ်။

TNTY- လာမယ့် ငါးနှစ်သက်တမ်းအတွင်းမှာ ပြည်သူတွေအတွက် ဘယ်လိုဆောင်ရွက်သွားမယ် ဆိုတာလဲ ပြောပြပေးပါ။

UHH- ကျွန်တော့်ရဲ့ လက်ကမ်းစာစောင်မှာလည်း ပါပါတယ်။ ဥပဒေနဲ့အညီ လူမှုစီးပွားဖွံ့ဖြိုးမှု ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိအတိုင်းပဲ ဆက်ပြီးတော့လုပ်သွားမှာဖြစ်တယ်။ လွှတ်တော် ပိုင်းမှာကျတော့လည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လွှတ်တော်ကနေပြီးတော့ ပေးအပ်တဲ့ တာဝန်တွေ၊ ဥပဒေပြုရေးအပိုင်းတွေလုပ်သွားမှာပေါ့။

TNTY- အခုလာမယ့် လွှတ်တော်သက်တမ်းမှာ ဝန်ကြီးတာဝန်ပဲဆက်ပြီးတော့ တာဝန်ထမ်းဆောင် ရနိုင်မလား၊ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ပဲဖြစ်နိုင်မလား ဘယ်လိုအခြေအနေ ဖြစ်လာနိုင်မလဲ။

UHH- အဲဒီမေးခွန်းကိုတော့ မဖြေပါရစေနဲ့။

TNTY- လာမယ့်လွှတ်သက်တမ်းမှာ ဦးစားပေးလုပ်ဆောင်မယ့် အကြောင်းအရာတွေ စိတ်ကူး ထားတွေများရှိပါသလား။ ဘယ်ကိစ္စတွေဖြစ်မလဲ။

UHH- အဓိကကတော့ ကိုယ့်ရဲ့မဲဆန္ဒနယ် ဖွံ့ဖြိုးရေး၊ လမ်းတံတား၊ ရေ၊ မီး စသဖြင့်ပေါ့နော်။ ဒါကတော့ မြင်သာတဲ့လုပ်ငန်းတွေလည်းဖြစ်တယ်။ အဓိကကတော့ အဲဒါတွေကို အားထည့်ပြီးလုပ် မယ်ပေါ့။ လွှတ်တော်ပိုင်းမှာကျတော့ လွှတ်တော်က ပေးအပ်တဲ့ ဥပဒေပြုရေးအပိုင်း၊ နောက်ပြီးတော့ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းကာလမှာဆိုရင် ဥပဒေ လေ့လာသုံးသပ်ရေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရတယ်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီရဲ့ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူရတယ်။ ဒီကော်မတီမှာလည်း လွှတ်တော် ကပေးအပ်တဲ့တာဝန်တွေ ထမ်းဆောင်ရမှာပေါ့။ နောက်တစ်ခုက တချို့သောဟာတွေ မြေယာကိစ္စ၊ မြေယာကိစ္စကတော့ နည်းနည်းရှုပ်ထွေးပါတယ်။ နှစ်ဖက်အငြင်းပွားပြီးတော့ နှစ်ဖက်စလုံးကတော့ အနိုင်လိုချင်တာပေါ့နော်။ ဒီအပေါ်မှာလည်း အတတ်နိုင်ဆုံး ချင့်ချိန်ပြီးတော့ လုပ်ဆောင်သွားဖို့ စိတ်ကူးထားပါတယ်။

TNTY- ရေဖြူမြို့နယ်ရဲ့ အဓိကဖြေရှင်းရမယ့် ပြဿနာတွေက ဘယ်လိုအရာတွေဖြစ်မလဲ။

UHH- လက်ရှိအများအကျိုးပြုနိုင်မယ့်ဟာကတော့ ဒေသဖွံ့ဖြိုးရေးပေါ့နော်။ လမ်း၊ တံတား၊ လက်ရှိအနေမှာဆိုရင် ဒီငါးနှစ်အတွင်းမှာ လမ်း၊ တံတားနဲ့ပတ်သက်လာရင် လုပ်နိုင်တယ်လို့ပြောရ မယ်။ ဒါပေမဲ့ လိုအပ်ချက်တွေလည်း အများကြီးရှိပါ သေးတယ်။ လိုအပ်ချက်တွေကို ဆက်ပြီးတော့ လုပ်သွားရမယ်။ လမ်း၊ တံတားမဟုတ်တဲ့ ပြဿနာ တွေလည်း ရှိတာပေါ့နော်။ ဒီပြဿနာတွေကတော့ မြန်မြန်ဆန်ဆန်ရှင်းလို့ ပြီးသွားမယ့်ဟာလည်း ရှိနိုင်သလို အချိန်တော်တော်ယူပြီးမှ ရှင်းရမယ့် ကိစ္စတွေလည်းရှိတယ်။ အထူးသဖြင့် မြေယာကိစ္စ တွေက တော်တော်ရှုပ်ထွေးတယ်။ မြေယာကိစ္စက ချက်ချင်းဖြေရှင်းရမယ့်ဟာရှိသလို အချိန်ယူဖြေရှင်း ရမယ့်ဟာလည်းရှိတယ်။ ဒီကိစ္စတွေကိုဘဲဆက်ပြီး လုပ်သွားမယ်။

TNTY- ရေဖြူမြို့နယ်မှာဆိုရင် သတ္တုမိုင်း တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်းရှိတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်နေတဲ့ လုပ်ဆောင်မှု အပေါ်မှာရော ဘာတွေလုပ်သွားဖို့ရှိလဲ။

UHH- လက်ရှိအနေအထားရ သတ္တုနဲ့ ပတ်သက်လာရင် လုပ်ငန်းလမ်းညွန်ပေါ့နော်။ များများ ရှာမယ်။ အသင့်အတင့်ထုတ်မယ်။ လုပ်ငန်းခွင် အန္ထရာယ်ကင်းရှင်းရေး ဦးစားပေးမယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်ရမယ်ဆိုတဲ့ လုပ်ငန်းလမ်းညွန်ရှိပြီးသားပေါ့နော်။ ဒီလုပ်ငန်းလမ်းညွန်နဲ့အညီဖြစ်ဖို့အတွက် စောင့်ကြည့် ကြပ် မတ်ပြီးတော့ လုပ်သွားမယ်ပေါ့နော်။

TNTY- ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပါဦး။

UHH- ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ရလာဒ်ပေါ့နော်၊ ရာခိုင်နူန်းများများနဲ့ သောင်ပြို ကမ်းပြိုမဲပေးကြတာဟာ ကျွန်တော်တို့ရဲ့ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ယုံကြည် တာလည်းပါတယ်။ ပါတီကိုယုံကြည်တာလည်းပါတယ်။ ဒီယုံကြည်ချက်အပေါ်မှာ အားလုံးက ပါတီ ဝင်တွေ၊ ဝန်းရံသူတွေအားလုံးက ဝန်းရံပံ့ပိုးပေးတာလည်းပါတာပေါ့နော်။ ဒီအပေါ်မှာ သောင်ပြို ကမ်းပြို မဲပေးတာကြောင့် ကျွန်တော်တို့ အနိုင်ရတဲ့ အပေါ်မှာ မဲဆန္ဒရှင်တွေကို အထူးပဲကျေးဇူးတင်ပါတယ်။


ဒေါ်တင်တင်ရီ

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကျွန်းစု မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ်)

TNTY- ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ အန်တီတို့အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြပေးပါခင်ဗျ။

DTTY- ဒီရွေးကောက်ပွဲဟာ အန်တီတို့အတွက် တော်တော်ကို ခက်ခဲတယ်ပေါ့နော်။ ၂၀၁၂ ထက်လည်း ပင်ပန်းတယ်။ ၂၀၁၅ ထက်လည်း ပိုပြီး ပင်ပန်းပါတယ်။ ကိုယ့်ပါတီ ကိုယ့်အစိုးရ ဖြစ်နေတာတောင်မှ တော်တော်ကို ရုန်းကန်ရတဲ့ အပိုင်းတွေ ရှိတယ်။ ကော်မရှင်ရဲ့အားနည်းချက်တွေ၊ မဲရုံကိုယ်စားလှယ်တွေရဲ့ အားနည်းချက်တွေအပေါ် အစစအရာရာ အဆင်ပြေအောင် ကြိုးစားပေးနေရတာ အရင်ရွေးကောက်ပွဲတွေထက်ကို တကယ်ပင်ပန်း ပါတယ်။

နောက်ပြီးတော့ တစ်ဖက်ရဲ့ မသမာမှုတွေ အများကြီးနဲ့လည်း အန်တီတို့ ရင်ဆိုင်ရတယ်။ မဲစာရင်းတွေဆိုလည်း ဒုတိယအကြိမ်ထွက်တာတောင်မှ ပထမအကြိမ်မကပ်သေးတဲ့ ရွာတွေအတွက်ဆို ခရီးသွားရင်းနဲ့တောင် အားချင်းလိုက်ရတဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်။ လုပ်ရမယ့် အလုပ်တွေကို တမင်တကာ ပျက်ကွက်ပစ်လိုက်တာ တွေမျိုးပေါ့။ ပြည်သူတွေကိုလည်း မဟုတ်မမှန်တဲ့ သတင်းတွေဖြန့်ပြီး မဲဆွယ်တာမျိုးတွေလည်း တွေ့ရ တယ်။ မဖြစ်နိုင်တဲ့ကတိတွေပေး၊ ဘာသာရေးမှိုင်း တိုက်၊ ဒီဘက်ကို သိက္ခာချတဲ့ ဟောပြောမဲဆွယ်မှုတွေ ရှိခဲ့တယ်ပေါ့နော်။ တရားဥပဒေနဲ့ မညီတဲ့ ကမ်းလှမ်းမှုတွေနဲ့ မဲဆွယ်ကြတာလည်း တွေ့ရတယ်။

TNTY- ဟုတ်ကဲ့ဗျ။ ဘာလို့များ ပြည်သူတွေ က အခုလို ပြည့်ပြည့်ဝ၀ ထောက်ခံကြတယ်လို့ ထင်လဲဗျ။

DTTY- အရင်အစိုးရသက်တမ်း ကိုယ်စား လှယ်တွေရဲ့ လုပ်ဆောင်ချက်အပေါ် အားရလို့လည်း အခုလို ပြည်သူတွေက အများကြီး ထောက်ခံတာလို့ အန်တီတော့ မြင်ပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်းစုမြို့နယ်ကိုယ်စားလှယ်တွေက ကျန်တဲ့ ကိုယ်စားလှယ်တွေထက် မဲဆန္ဒရှင်ပြည်သူတွေနဲ့ ထိတွေ့မှုလည်းများတယ်။ သူတို့ရဲ့ လိုအပ်ချက်ကိုလည်း ကြီးကြီးသေးသေး ကိုယ်စွမ်းရှိသလောက် လုပ်ပေးခဲ့တာ သူတို့သိတယ်လေ။ အဲဒါကြောင့်လည်း ပြည့်ပြည့်ဝ၀ ထောက်ခံကြတာပေါ့။

နောက်တစ်ချက်အနေနဲ့ တစ်ဘက်က သူတို့ မဲမရနိုင်ဘူးဆိုတာ သိလို့ မီးကုန်ယမ်းကုန်ပဲ အန်တီတို့ မဲမရရှိရေး အဖျက်အမှောက် လုပ်ခဲ့တဲ့အတွက် တော်တော်ကို ကြိုးပမ်းပြီး ဆောင်ရွက်ခဲ့ရတာတွေ ရှိတယ်။ ပြည်သူတွေကလည်း ဒါကို သဘောပေါက် ကြပါတယ်။ မသိနားမလည်သူ တချို့ကလွဲရင်ပေါ့။ သူတို့ဘက်က ဒီလို အဖျက်အမှောက်လုပ်လေ၊ ပြည်သူတွေက သူတို့အပေါ် ပိုပြီးစေတနာမဲ့လေ ဖြစ်သွားတယ်။ ဒီလိုနဲ့ အန်တီတို့ဘက်ကို ရပ်တည် ပေးသူတွေ ပိုများလာရတာပါ။

TNTY- နောက်လာမယ့် အစိုးရသက်တမ်း တစ်ခုလုံးအတွက်ရော ဘာလုပ်ငန်းစဉ်တွေ လုပ်ဆောင်သွားဖို့ ရှိလဲခင်ဗျ။

DTTY- အရင်သက်တမ်းထက်ပိုပြီး ကိုယ်တတ်စွမ်းသလောက် ပြည်သူတွေအတွက် ဖြည့်ဆည်းပေးဖို့ အန်တီတို့ ဆန္ဒရှိပါတယ်။ လွှတ်တော်ထဲမှာကျတော့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ကျန်သေးတယ်လေ။ ဒါတွေကို တတ်နိုင်သလောက် အမြန်ဆုံး၊ အကောင်းဆုံး ကြိုးစားသွားဖို့ အစီအစဉ်ရှိတယ်။ အကောင်အထည်ဖော်ဖို့ ကျန်နေသေးတဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေလည်းရှိသေးတော့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ကြိုးစားသွားမှာပါ။