“ဒီရောဂါကြီးက မိသားစုကို တကွဲတပြားစီ ဖြစ်နိုင်တဲ့ရောဂါကြီးပါ”

0
463
Dawei Watch, Dawei News, Dawei News Media

လတ်တလော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိနေတာကြောင့် ဧရာဝတီစင်တာ မှာ ဆေးကုမှုခံယူနေတဲ့ ဟာသသရုပ်ဆောင် မိုးဒီရဲ့ လက်ရှိကျန်းမာရေး အခြေအနေ တွေကို အနီးကပ်လိုက်ပါပြုစုနေတဲ့ သားဖြစ်သူ ကောင်းစံကို မေးမြန်းထား တာဖြစ်ပါတယ်။

TNTY- လက်ရှိမှာ အဖေဖြစ်သူရဲ့ ကျန်းမာ ရေးအခြေအနေက ဘယ်လိုလဲ။

KS- အခြေအနေက တိုးတက်ပါတယ်။ အောက်ဆီဂျင်တွေရှူတာက လည်း ရောက်ရောက်ချင်းကတော့ ရှူရတယ်။ အခုတော့ တဖြည်းဖြည်း ရှူရတာ လျော့သွားတာဆိုတော့ ကျန်းမာရေးက ကောင်းပါတယ်။ အခုလော လောဆယ် စိုးရိမ်ရတဲ့ အနေအထားလည်း မရှိတော့ပါဘူး။

TNTY- ဆေးရုံရောက်ပြီး ဘယ်နှရက် လောက်နေမှ ရောဂါကသက် သာလာတာလဲ နှလုံး၊ သွေးကြောကျဉ်း စတဲ့ တခြားရောဂါတွေရှိတော့ အဲဒီအတွက် စိတ်ပူရတာမျိုးရှိလား။

KS- ဆေးရုံရောက်ပြီးတော့ နှစ်ရက်၊ သုံးရက် လောက်နေတာနဲ့ အဖေက နည်းနည်းသက်သာလာတာပါ။ အဲဒါမို့ တော်သေးတာ။ အဖေအရမ်းကြီး ရောဂါ ဝေဒနာ မခံစားရတော့လေ။ တခြား အဲဒီရောဂါတွေနဲ့ပတ်သက်ရင် နည်းနည်းစိတ်ပူရတယ်။ စိတ်ပူရတယ်ဆိုတာ က အဲဒီအတွက်တော့ ဒီက ဆရာဝန်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ကုသ သွားရမှာပါ။

TNTY- ဆေးရုံရောက်တာ ဘယ်နှရက်လောက်ရှိပြီလဲ။ ဘယ်တော့လောက် ဆေးရုံကနေ ပြန်ဆင်းရမှာလဲ။

KS- အခုရောက်တာတော့ ရက်၂၀ ကျော်နေပြီ။ ဘယ်နေ့ပြန်ဆင်းရမလဲ ဆိုတာတော့ မသိသေးဘူး။ သူတို့ဘက် က ဘာမှမညွှန်ကြားလာသေးဘူး။

TNTY- ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီးတော့ ပရိသတ်ကို ဘယ်လိုမျိုး မျှဝေပေးချင်လဲ။

KS- ဒီရောဂါကြီးက မိသားစုကို တကွဲ တပြားစီ ဖြစ်နိုင်တဲ့ရောဂါကြီးပါ။ ဘာကြီးမှန်းလည်း မသိဘူး။ မြင်လည်း မမြင်ရဘူး။ လူကြမ်းကြီးလား၊ လူချောကြီးလားလည်း မသိဘူး။ ဘာကောင်မှန်းကို မသိဘူး။ မိသားစုနဲ့ ဝေးပြီးတော့ နေရတဲ့ ခံစားချက် အဲဒီခံစားချက်ကြီးကတော့ မကောင်းဘူး။ စောင့်ရှောက်တဲ့ သူတွေကလည်း ဒီက ဆရာဝန်များအဖွဲ့ နဲ့ Volunteer အဖွဲ့တွေကလည်း မိသားစုနဲ့မခြား စောင့်ရှောက်ပါတယ်။ တော်တော်လေး ဂရုစိုက်ကြတယ်။ နေရ ထိုင်ရတာ အင်မတန်ကိုသက်သောင့် သက်သာဖြစ်ပါတယ်။ အဲဒီတော့ ဒီရောဂါ ကို မဖြစ်အောင်သာ ကာကွယ်ကြပါလို့ ပရိသတ်ကို ပြောချင်ပါတယ်။

TNTY- လက်ရှိမှာလည်း ရုပ်ရှင် ရိုက်ကူးရေးတွေနဲ့ ပတ်သက်ပြီးတော့ နားထားရတာဆိုတော့ အခက်အခဲဆို ဘာတွေဖြစ်မလဲ။

KS- ကြုံတာပေါ့။ မိသားစု စားဝတ်နေရေး ခက်ခဲနေရတဲ့အချိန်မှာ ကိုယ့်မိသားစုကပါ ဒီရောဂါကြီး လာဖြစ်တော့ တော်တော်ကို ခက်ခဲပါတယ်။ မိသားစုအရေး၊ စားဝတ်နေရေးအခက် အခဲတွေက ပြောမပြတတ်အောင် အတော်လေးကို ခက်ခဲတာပါ။ အခုအခက်အခဲတွေက ကျွန်တော်တို့တစ်ယောက်ထဲ မဟုတ်ပါဘူး။ တစ်ပြည်လုံးကြုံ တွေ့ရတာ တချို့လည်း ပိုဆိုးနေတဲ့သူ တွေလည်း အများကြီးပါ။ တော်ကြာ ကိုယ့်တစ်ယောက်တည်း ကြုံတယ်ပြောလို့ သူတို့ပဲငတ်နေတယ်လို့ ပြောကြဦးမယ်။

TNTY- ဘာများဖြည့်စွက်ပြောချင် တာရှိလဲ။

KS- အဖေကျန်းမာရေး ပိုကောင်းမွန်အောင် ဝိုင်းဝန်းဆုတောင်းပေးကြပါဦး။ ပြီးတော့ ဒီရောဂါကြီးကနေ ကင်းဝေး ကြပါစေ။