ထိုင်းဘက်မှ အကောက်ခွန်မဲ့ပစ္စည်းသယ်လာသည့်လှေ ကျွန်းစုရေပြင်တွင် ဖမ်းမိ

0
174
ထိုင်းဘက်မှ အကောက်ခွန်မဲ့ပစ္စည်းသယ်လာသည့်လှေ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်လှေတစ်စီးအား ကျွန်းစုရေပြင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ကုန်တင်လှေသည် ထိုင်းနိုင်ငံမှ မြိတ်မြို့သို့ထွက်ခွာလာစဉ် ဒီဇင်ဘာလ ၇ ရက်နေ့ညနေက ကျွန်းစုမြို့အနီး ရေပြင်တွင် တပ်မတော်(ရေ)မှ ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည်။

လှေပေါ်တွင် ထိုင်းနိုင်ငံထုတ် အိမ်သုံးပစ္စည်းများ၊ စားသောက်ကုန်များ၊ အိမ်သုတ်ဆေးများနှင့် အခြားပစ္စည်းများအပြင် လိုက်ပါလာသည့် လှေသား ရှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

ထိုင်းဘက်မှ အကောက်ခွန်မဲ့ပစ္စည်းသယ်လာသည့်လှေ

လက်ရှိအချိန်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းတန်ဖိုးအား တွက်ချက်နေဆဲဖြစ်ပြီး အတိအကျမသိရှိရသေးကြောင်း ၎င်းက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြောဆိုသည်။

သို့သော် ဒီဇင်ဘာ ၈ ရက်နေ့ထုတ် မြဝတီသတင်းစာတွင်မူ ယင်းလှေတွင်ပါလာသည့် ကုန်ပစ္စည်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၄၅၀ ခန့် ရှိသည်ဟု ရေးသားထားသည်။

အဆိုပါဖမ်းမိသည့်ပစ္စည်းများမှာ မြန်မာနိုင်ငံသို့ တင်သွင်းခွင့်ပိတ်ပင်ထားသည့် ကန့်သတ်ကုန်ပစ္စည်းများ မဟုတ်လျှင်မူ ဒဏ်ငွေဆောင်ကာ ပြန်လည် ရွေးယူနိုင်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

မြိတ်ခရိုင်အတွင်း တရားမဝင် ကုန်သွယ်နေကြသူများသည် ငါးဖမ်း လှေ၊ ငါးသယ်လှေများအား အသုံးပြုပြီး အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား စသည်နိုင်ငံများမှ ကုန်ပစ္စည်းများအား အခွန်ရှောင်ကာ သယ်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောဆိုသည်။

၂၀၂၀ ပြည့်နှစ်အတွင်း တစ်နှစ်လုံးတွင်မှ တရားမဝင်ကုန်ပစ္စည်း တင်ဆောင်ပြီး ဖမ်းဆီးရမိကာ လာရောက် အပ်နှံသည့်လှေ ယင်းတစ်စီးတည်းသာ ရှိသေးကြောင်း မြိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ကိုဆန်း