ဆိုင်များ ပြန်ဖွင့်ခွင့်ရသော်လည်း အလုပ်သမားအခက်အခဲဖြစ်

0
189
Dawei Watch, Dawei News, Dawei News Media

ဒီဇင်ဘာပထမပတ်အတွင်းကစပြီး လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ပြန်ဖွင့်ရန်ပြင်ဆင်နေကြသော်လည်း အလုပ်သမားခေါ်ယူရန် အခက်အခဲဖြစ်နေကြောင်း ဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

ကိုဗစ်ဒုတိယလှိုင်းအတွင်း လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များ ပိတ်ခဲ့ရပြီး ပါဆယ်စနစ်ဖြစ်သာ ရောင်းချခဲ့ရသည်အတွက် အလုပ်သမားဝန်ထမ်းများ လျှော့ချခဲ့ရာ ယခုအခါတွင် ပြန်လည် ခေါ်ယူရေး အခက်အခဲဖြစ်နေခြင်း ဖြစ်သည်။

အလုပ်သမားများအနေဖြင့် ယင်းကာလအတွင်း အခြားလုပ်ငန်းများသို့ ကူးပြောင်းသွားကြသူများ ရှိခဲ့သည့်အတွက် ပြန်ခေါ်ရန်အခက်အခဲ ရှိနေကြောင်း ပွင့်ကောင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးအောင်ဇော်ဝင်းက ပြောသည်။

“ပြန်ခေါ်ချိန်ကျတော့ ကျွမ်းကျင်တဲ့ အလုပ်သမားက မရတော့ဘူး” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကာလအတွင်း အလုပ်သမား အချို့ကိုသာ ပိုင်ရှင်များက ခေါ်ထားနိုင်ပြီး လစာလျှော့၍ သော်လည်းကောင်း၊ လစာမပေးနိုင်ဘဲ ထမင်းသာကျွေးထားနိုင်သည့် ဆိုင်များလည်းရှိခဲ့ကြောင်း စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးကြည်ထွေးက ပြောသည်။

လက်ရှိအချိန်တွင် အလုပ်သမားများအနေနှင့် ၎င်းတို့နေထိုင်သည့် နယ်ဘက်တွင် သင့်တော်သည့်အလုပ်များ လုပ်ကိုင်နေကြသည်ကို ကြားသိရကြောင်း ၎င်းက ပြောပြသည်။

“ပြန်လာရင်ရော အခြေအနေက အမြဲတမ်း တည်ငြိမ်နေမလား။ အဲဒါကိုလည်း တွေးကြတယ်” ဟု စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆက်လက်ပြောသည်။

မြိတ်မြို့တွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်စုစုပေါင်း ၅၀ဝ ကျော်ရှိသည့်အနက် A အဆင့်ရသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြသည်။

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ နေ့စဉ်လိုလို ထပ်တိုးလာနေပြီး ဒီဇင်ဘာ ၉ ရက်နေ့အထိ ပိုးတွေ့လူနာ ၂၆၄ ဦး၊ ကုသဆဲလူနာ ၅၅ ဦး၊ သက်သာ ပျောက်ကင်းသူ ၂၀၇ ဦး၊ သေဆုံးသူ နှစ်ဦးရှိလာနေပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး၊ ပြည်သူကျန်းမာရေး ဦးစီးဌာန ထုတ်ပြန်ချက် အရသိရသည်။

ကိုဆန်း