ကိုဗစ်ပိုး ဘယ်အထိ တွေ့နိုင်လဲ

0
457
ကိုဗစ်ပိုး ဘယ်အထိ တွေ့နိုင်လဲ

ကိုဗစ်ကုသမှု ခံယူပြီးသူတွေကို ထပ်မံစစ်ဆေးတဲ့အခါ ပိုးတွေ့နိုင်ချေ ရှိပါသလား ဆိုတဲ့ အမေးကို မေးကြပါတယ်။

ကိုဗစ်-၁၉ ပေါ့စတစ် ဖြစ်ခဲ့သူ တစ်ယောက်ကို ဓာတ်ခွဲ စစ်ဆေးမည်ဆိုပါက သုံးလအထိ ပေါ့စတစ် ပြနေနိုင်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ်မှာ ဆေးတက္ကသိုလ် ၂ မှ ပါမောက္ခ ဒေါက်တာ ဒေါ်သင်းသင်းနွဲ့က ထည့်သွင်းဖြေကြားသွားပါတယ်။

ဆေးပညာလောကနဲ့ ရင်းနှီးသူတွေအဖို့က မဆန်းပေမဲ့ အပြင်လောကက သူတွေအဖို့ အဆန်းတကြယ် ဖြစ်သွားခဲ့ကြတယ်။

ကူးစက်ရောဂါ တစ်ခု ကူးစက်မှု ရှိ၊ မရှိ ဆိုတာကို ဓာတ်ခွဲ စစ်ဆေးကြတဲ့ အခါ လှုံ့ဆော် ပဋိပစ္စည်းဖြစ်တဲ့ (Antigen) ကို စစ်ဆေးတာနဲ့ တန်ပြန် ပဋိပစ္စည်း Antibody) ကို စစ်ဆေးတာရယ်လို့ ရှိတယ်။ လှုံ့ဆော် ပဋိ ပစ္စည်း(Antigen) ကို စမ်းသပ်စစ်ဆေးတွေ့ရှိတာဟာ လတ်တလော ရောဂါကူးစက်ခံထားရတာ (Recent Infection)ကြောင့် ဖြစ်နိုင်သလို ကူးစက်ခံခဲ့ကြရဖူးပြီး လတ်တလော သူ့ဆီက သူများဆီ မကူးစက်နိုင်သလို သူ့ဆီမှာလည်း ရောဂါ လက္ခဏာ မရှိ တော့ပေမယ့် ကူးစက်ခဲ့တဲ့ ဗိုင်းရပ်ပိုး အခွံတွေကြောင့် သုံးလအထိ ပေါ့စတစ် ဆက်လက် ပြနေနိုင်ပါတယ်လို့ ဆရာမကြီးက ဆိုလိုရင်းဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးကြ တဲ့အခါ အလျင်အမြန်စစ်ဆေးတဲ့ ကိရိယာ ((Rapid Diagnosis Test : RDT) နဲ့ အမြန် စစ်ဆေးနိုင်သလို မျိုးဗီဇအထိ စစ်ဆေးနိုင်တဲ့ PCR Test နဲ့လည်း စစ်ဆေးနိုင်ပါတယ်။ RDTနဲ့ စစ်ဆေးတာရော PCR Test ရောသည် ကိုဗစ် ၁၉ရဲ့ ပဋိပစ္စည်း (ဗညအငါနည)ကို စစ်ဆေးတာ ဖြစ်တယ်။ RDTနဲ့ စစ်ဆေးခြင်းသည် လတ်တလော ရောဂါ လက္ခဏာ ရှိနေသူ (ဥပမာ ဖျားနာ၊ ချောင်းဆိုးနေသူ) တွေကို စစ်ဆေးရာမှာမှ အသုံးဝင်ပါတယ်။
ရောဂါ လက္ခဏာ လတ်တလော မရှိသူတွေအတွက် RDTရဲ့ မှားယွင်းနိုင်ချေက မြင့်မားပါတယ်။ သည့်အတွက် RDT ကို Screening Test အနေနဲ့ မသုံးနိုင်ပါ ဘူး။ ရောဂါ ကူးစက်မှုဗဟို(Epicenter) ဖြစ်နေတဲ့ ဒေသတွေမှာသာ သုံးသင့်တယ်လို့ သုံးစွဲသူ လမ်းညွှန်မှာ ဖော်ပြထားပါတယ်။

သို့သော် မြန်မာနိုင်ငံက မသုံးစွဲသင့်တဲ့ နေရာတွေမှာ RDT ကို သုံးနေ ကြပါတယ်။ ကုန်တင်ကား မောင်းသူ တွေကို RDT နဲ့ စမ်းသပ်တယ်။ သုံးကြပါတယ်။ လတ်တလော နာမကျန်းနေကြ သူတွေ မဟုတ်ကြတဲ့အတွက် တိကျမှု မှန်ကန်မှု ရာနှုန်းအားဖြင့် နည်းပါတယ်။ သို့သော် PCR နဲ့ စစ်ဆေးတဲ့အခါ အချိန် ပိုမိုကြာမြင့်နိုင်တဲ့အတွက် RDT ကို သုံးကြပါတယ်။ False Positive ရော False Negative ပါ ဖြစ်နိုင်ချေ များပါတယ်။

PCR method(Polymerase Chain Reaction Method) လို့ခေါ်တဲ့ မျိုးဗီဇ စစ်ဆေးတဲ့ စက်တွေနဲ့ စစ်ဆေး တာက ပိုမိုတိကျပါတယ်။ သူသည်လည်း ပဋိပစ္စည်းကိုပဲ စစ်ဆေးတာဖြစ်ပြီး သူက ပိုမိုတိကျခိုင်မာ သေချာတယ်။ သေချာလွန်းတဲ့အခါ လတ်တလော ရောဂါပိုးဝင်ထားတာကိုရော ယခင်က ရောဂါပိုးဝင်ထားဖူးပြီး ရောဂါ ပိုးအခွံတွေကိုပါ သူ့ဘက်က စစ်ဆေးတွေ့ရှိနိုင်တာကြောင့် လတ်တလော ရောဂါပိုး ကူးစက်ထားသူတွေသာမက ရောဂါပိုး ဝင်ထားပြီး ပြန်လည် သက်သာနေပြီ ဖြစ်တဲ့သူတွေကိုပါ သူက (Positive)အနေနဲ့ ပြသနိုင်ပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ပေါ့စတစ် ဖြစ်ခဲ့သူတစ်ယောက်ကို ဓာတ်ခွဲ စစ်ဆေး မည် ဆိုပါက သုံးလအထိ ပေါ့စတစ် ပြနေနိုင်ကြောင်း ဒီဇင်ဘာလ ၁ ရက် နေ့က ပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ်မှာ ဆေးတက္ကသိုလ် ၂ မှ ပါမောက္ခ ဒေါက်တာ ဒေါ်သင်းသင်းနွဲ့ က ထည့်သွင်း ဖြေကြားသွားတာပဲ ဖြစ်ပါတယ်။

သည်တော့ လတ်တလော ပိုးကူး စက်ခံထားကြရတာ ဟုတ်၊ မဟုတ် ပြန်လည် ခွဲခြားလို့ မရဘူးလား။ ဆိုတော့ ရနိုင်တယ်။ ပဋိပစ္စည်းကို တန်ပြန် ခုခံတဲ့ ပစ္စည်းကို ပြန်လည်စစ်ဆေးခြင်း (Antibody Test) ပြုလုပ်နိုင်ပါတယ်။ သို့သော် သူသည်လည်း အလွယ်တော့ မဟုတ်ပါဘူး။ အချိန်ပေးကြရပါမယ်။

အကုန်အကျ များပါတယ်။ နောက် Viral Load လို့ ဆိုတဲ့ ရောဂါပိုးရဲ့ ပြင်းအားကို စစ်ဆေးနိုင်တယ်။ သို့သော် လတ်တလော Pandemic ဖြစ်နေတဲ့ ကာလမှာ သည်အထိ အသေးစိတ် စစ်ဆေးကုသမှုပေးနိုင် ဖို့ ခဲခက်ပါတယ်။ ရောဂါသည် တစ်ယောက်ချင်းစီကို အသေးစိတ် လုပ်ဆောင် နေကြရမှာမျိုးဖြစ်လေတော့ အဲသည်အထိ အသေးစိတ် စစ်ဆေးကုသမှု မပေးနိုင်တာနဲ့ဘဲ ယေဘုယျအားဖြင့် လုပ်ဆောင်နေကြရတာပဲ ဖြစ်တယ်။

ကုန်ကားမောင်းသူတွေရဲ့ အတွေ့အကြုံ
သည်အဖြေစကားကို ကြားကြရပါမှ အချို့ မျက်စိလည်သွားကြတယ်လို့ ဆိုပေမဲ့ လက်ရှိ အဲသည်ဥပဒေသကို လက်တွေ့ မြေပြင်မှာ ကျင့်သုံးနေကြတဲ့ ဥပဒေသတွေ ရှိတယ်။

ပိုးတွေ့ပြီး ကုသမှု ခံယူထားပြီးဖြစ်တဲ့ ကုန်ကားမောင်းသူတစ်ယောက် ဟာ အဲသည် ဆေးလက်မှတ် ရှိနေရင် နောက်ထပ် သုံးလအတွင်း ပေါ့စတစ် ဖြစ်နေနိုင်ချေ ရှိတန်တယ်ဆိုတဲ့ အဆိုအရ နောက်သုံးလအတွင်း ဘယ်မြို့၊ ဘယ်ရွာက စစ်ဆေးရေးစခန်းကမှ နောက်ထပ် နှာခေါင်းနဲ့ အာခေါင် တို့ဖတ် ထပ်မံရယူခြင်း မပြုကြပါဘူး။ လွတ်လွတ်လပ်လပ် မြန်မာပြည် တစ်နံတလျားကို အစစ်အဆေးမခံရဘဲ သုံးလ ခန့် သွားလာနိုင်ပါတယ်လို့ ဆိုကြပြီး ကုန်ကားမောင်းသူတွေက နက်ဂတစ် ထက် ပေါ့စတစ်သာ ဖြစ်ခဲ့ရင် တစ်ခါပဲ ဆယ်ရက်လောက် အနားယူပြီး သုံးလလောက် နှာခေါင်း အထိုးမခံရဘဲ သွားလာနိုင်တဲ့အတွက် ပေါ့စတစ်ပဲ ဖြစ်ချင်လာကြတယ်လို့ ရယ်ပွဲဖွဲ့ ဆိုကြတာဖြစ်တယ်။

Q Center တွေက ပဟေဠိတွေ
မကြာသေးခင်က အချို့ ကွာရန် တင်း စင်တာတွေမှာ ပိုးတွေ့လူနာနဲ့ ထိစပ်သူတွေကို စစ်ဆေးကြရာမှာ ပထမအကြိမ် စစ်ဆေးမှုမှာ RDT Negative ပြကြပြီး ပြန်ခါနီးမှာ PCR Test နဲ့ စစ် ဆေးကြပါမှ ပိုးတွေ့တယ်လို့ ဆိုပြီး ဆေးရုံတွေ တင်နေကြရတာဟာလည်း သည်သဘောပဲ ဖြစ်တယ်။ အချို့ဆိုရင် ကွာရန်တင်းစင်တာမှာ ရက်စေ့လို့ အိမ် ပြန်ခိုင်းပြီးပါမှ ရောဂါပိုးစစ်ဆေးချက် အဖြေ နောက်ကျမှရလို့ အိမ်တွေက တဖန် ပြန်ခေါ်ပြီး ဆေးရုံတင်ကြရတာလည်း ရှိပါတယ်။

အမှန်အားဖြင့်သာ ကွာရန်တင်း စင်တာတွေသည် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတ်မှတ် စည်းကမ်းနဲ့ ညီသော ကွာရန်တင်းစင်တာတွေ ဖြစ် ရင် ကွာရန်တင်း ၁၄ ရက် ဝင်နေချိန်အတွင်း ရောဂါပိုး ကူးစက်နိုင်ချေ မရှိလို့ ယူဆနိုင်တဲ့အတွက် ကွာရန်တင်း ၁၄ ရက်ဝင်ပြီး ပိုးတွေ့သူတွေကို ပြန်ခေါ် ပြီး ဆေးရုံတင်ကုသဖို့မလိုအပ်ပါဘူးလို့ မန္တလေး ဆေးတက္ကသိုလ်က တွဲဖက် ပါမောက္ခ ဒေါက်တာ မောင်မောင်ဦးက ဆိုပါတယ်။ ပိုသေချာချင်ရင် Antibody Test လုပ်ကြည့်ပြီး အဲသည် တန်ပြန် ပဋိပစ္စည်းသာ တွေ့ရင် လတ်တလော ကူးစက်တာမဟုတ်သလို ကူးစက်နိုင်ချေလည်း မရှိတော့လို့ ဆေးရုံ တစ်ဖန်ပြန် တင်ဖို့ မလိုအပ်ဘူးလို့ဆိုပါတယ်။

ခုလို ပြန်ခေါ်ကြတာသည် ကွာရန် တင်းစင်တာတွေမှ အချင်းချင်း ပြန်လည်ကူးစက်နိုင်ချေကို တွက်ဆလို့ လတ်တလော ကူးစက်တာသာ ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ပြန်လည် ခေါ်ယူပြီး ဆေးကု နေကြတာပဲဖြစ်ပါတယ်။ ကွာရန်တင်းရဲ့ အနှစ်သာရသည် ရောဂါပိုး ကူးစက်နိုင် ချေ ရှိသူတွေကို အခြားသူတွေဆီ မကူးစက်စေဖို့ ဖွင့်လှစ် ထိန်းသိမ်းထား ကြတာဖြစ်ပြီး အဲသည်က အချင်းချင်း အပြန်အလှန် ကူးစက်နိုင်ချေ မရှိဖို့ ပြင်ဆင် ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ သည့်အတွက် ကွာရန်တင်း စင်တာတွေဟာ မိမိတို့ မျှော်မှန်းသော အရည်အသွေးနဲ့ ရောဂါပိုး ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေး စံကို မီ၊ မမီ အမြဲ ဆန်းစစ်ပြီး ထိန်းသိမ်းကြရမှာ ဖြစ်တယ်။

အခက်အခဲက ကွာရန်တင်းစင်တာတွေကို ပို့ကြရတဲ့ ထိတွေ့သူ အရေအတွက်ဟာ များလွန်းလှတာကြောင့် မနိုင်မနင်းတွေ ဖြစ်နေကြတာကိုလည်း သိကြ၊ သတိထားကြရမယ့် အချက်တွေလို့ ဆိုချင်ပါတယ်။

စကားလုံးနှစ်လုံးဖြစ်တဲ့ ကွာရန်တင်း (Quarantine) နဲ့ အိုင်ဆိုလေးရှင်း (Isolation) တို့မှာ တူညီတာတွေ ရှိတယ်။ အဓိကက အခြားသူကို မကူး စက်ဖို့ ထိန်းသိမ်းထားကြတာပဲ ဖြစ်တယ်။ ကွာရန်တင်းကို ဘယ်သူတွေကို လုပ်လဲ ဆိုတော့ ပိုးတွေ့လူနာနဲ့ ထိစပ်ဖူးသူတွေကို ပြုလုပ်ကြတယ်။ ရောဂါပိုး ရှိသူနဲ့ ထိတွေ့ပြီး ရောဂါ ပျိုးရက်နဲ့ ရောဂါပိုး ဖြစ်ပြီးလို့ ပြန်လည်လို့ ပိုးရဲ့ ပြင်းအား လျော့နည်းလာချိန် ပေါင်းပြီး ၁၄ ရက် ထားကြတာဖြစ်တယ်။ နောက် အိမ်မှာ ခုနစ်ရက် ပြန်နေပြီး ရောဂါပိုးရဲ့ ကူးစက်နိုင်ချေ လျော့နည်းသွားပါမှ အပြင်ကို ပြန်လည်ထွက်ခွင့် ပြုကြတာ ဖြစ်တယ်။

အိုင်ဆိုလေးရှင်း(Isolation) ဆိုတာ က ပိုးတွေ့သူကို ဆေးရုံမှာ သီးခြားခွဲ ခြားတဲ့အခါ သုံးတဲ့စကားလုံးဖြစ်တယ်။ ပိုးတွေ့ပြီးလို့ ၁၀ ရက် ကြာတဲ့အခါမယ် ရောဂါပိုးရဲ့ အခြားသူကို ကူးစက်နိုင်ချေ လျော့ပါးသွားပြီး လို့မှတ်ယူကာ အိမ်မှာ တစ်ပတ် ပြန်လို့ Stay Home နေခိုင်း ခြင်းဖြစ်တယ်။ ကွာရန်တင်းရော၊ အိုင်ဆို လေးရှင်းရောရဲ့ အဓိက လိုရင်းဟာ ပိုးတွေ့သူ၊ ပိုးတွေ့နိုင်ချေ ရှိသူထံမှ အခြားသူဆီ မကူးစက်စေဖို့ပဲ ဖြစ်တယ်။

အဲသည်မှာ ပြောင်းလဲလာတဲ့ ဆေးရုံ ဆင်းခွင့် သတ်မှတ်ချက်တွေအကြောင်း ဆက်ပြောချင်ပါတယ်။ ကိုဗစ် စဖြစ်ကာစ မှာ ပိုးတွေ့လူနာဟာ အနည်းဆုံး ဆေးရုံ မှာ နှစ်ပတ်ခန့် နေကြရပြီး သုံးရက်ခြားစီ နှာခေါင်းတို့ဖတ်ရယူ စစ်ဆေးတယ်။ နှစ်ကြိမ်ဆက်တိုက် နက်ဂတစ်ဖြစ်မှသာ ဆေးရုံဆင်းခွင့် ပြုတာဖြစ်တယ်။ နောက်ပိုင်း ပိုးတွေ့ လူနာတွေ များပြားလာတဲ့အခါ ဆေးရုံမှာ ၁၀ ရက်ပဲထားပြီး ရောဂါပိုး အတန်လျော့ကျသွားပြီး အခြားသူဆီ မကူးစက်နိုင်တော့ဘူးလို့ ယူဆကာ အိမ်ပြန်စေလွှတ်ခြင်းပဲ ဖြစ်ပါတယ်။ သည့်အတွက် ဆေးရုံက ဆင်းစေကာမူ ရောဂါပိုးကို စစ်ဆေးပါက ပေါ့စတစ် ဆက်ဖြစ်နေနိုင်ချေ ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

ကိုဗစ်ပေါ့စတစ်ဖြစ်လို့ ဆေးကုပြီး အိမ်ပြန်ရောက်ချိန်ကနေ သုံးလအထိ ရောဂါပိုးတွေ့နေနိုင်ချေ ရှိနေသေးတယ် ဆိုတာ အမှန်ဖြစ်ပြီး၊ အခြားသူကို ကိုယ့်ဆီ ကတဆင့် ကူးစက်နိုင်ချေ အလွန်နည်း ပါးသွားပြီ လို့သာ ဆိုချင်ပါတယ်။

ကိုဗစ်ဟာ ရောဂါအသစ် တစ်ခု ဖြစ်ပြီး မာယာများတဲ့ စရိုက်ရှိတဲ့အတွက် သူကနေ ပုံသေ ကောက်ချက်ဆွဲဖို့ရာတော့ အလွန်ပဲ ခဲခက်တယ်ဆိုတာတော့ တစ်ဆက်တည်း ဆိုပါရစေလား။

ကိုရိုးဆေး