ကျန်းမာလို့ ချမ်းသာတာလား

ကျန်းမာလို့ ချမ်းသာတာလား
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အဖိုး၊ အဖွား၊ လူကြီးသူမတွေကို တစ်ခုခု ကူညီလုပ်ကိုင်ပေးတိုင်း ကျန်းမာ ပါစေ၊ ချမ်းသာပါစေဆိုပြီး အမြဲတမ်း ဆုပေးပါတယ်။ တကယ်တော့ အဲဒီဆု ကို လူကြီးတွေက တိုက်ရိုက်ပေးနိုင်တာ မဟုတ်လို့ ဆုတောင်းပေးတယ်ပြောရင် ပိုမှန်မယ်ထင်တယ်။ အဲဒီလို ဆုပေးသံကြားတိုင်း စိတ်ကြည်နူးမိတာတော့ အမှန်။ တကယ်ကို ပီတိဖြစ်ရပါတယ်။

အခု ကပ်ဘေးကြီးကြုံချိန်မှာတော့ လူကြီးသူမတွေ ဆုပေးနေကျ ကပ်ကြီး သုံးပါးကို ကျော်လွှားနိုင်ပါစေဆိုတဲ့ ဆုတောင်းစကားဟာ အလကားမဟုတ် ဘူးဆိုတာ ပိုသိလာခဲ့တယ်။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ ဆိုတာကိုတော့ Update လုပ်ရတော့မယ်ထင်တယ်။ အခုက အနာမျိုး ၉၆ ပါး ကတော့မှာ မဟုတ်ဘူး။ အခုနောက်ပိုင်း ရောဂါအသစ်တွေက တစ်နှစ်ကို အနည်းဆုံး တစ်မျိုးလောက် ပုံမှန်တိုးလာနေတာ မဟုတ်လား။

အခု ကိုယ့်နဲ့နီးစပ်တဲ့သူတွေမှာ ရောဂါကြီးကြီးမားမားတွေ မထင်မှတ်ဘဲ ရလာကြတော့ အသက်ရှင်သန်ခြင်းအတွက် စိုးရိမ်စိတ်ပိုကြီးလာမိတယ်။ လူတန်းစေ့နေနိုင်အောင်ကြိုးစားဖို့ လွယ်ကောင်းလွယ်နိုင်ပေမဲ့ သက်တမ်း စေ့နေနိုင်အောင် အားထုတ်ဖို့ကျတော့ လွယ်ကူနိုင်ပါ့မလား သံသယဝင်လာမိတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် အတွင်းရော၊ အပြင်ကပါ ကျွန်တော်တို့ ရဲ့ ဇီဝိန်ကိုချွေဖို့ ကျားချောင်းချောင်းနေတဲ့ အသံတိတ်ရန်သူတွေ၊ အသံတိတ် လူသတ်သမားတွေ အရမ်းများတာကို သတိထားမိလာတယ်။ ကျွန်တော်တို့ သတိလက်လွတ် နေမိထိုင်မိတာနဲ့ ကျွန်တော်တို့ကို တိုက်ခိုက်အနိုင်ယူ တော့တာပါပဲ။

အခုတလော ကျန်းမာခြင်းနဲ့ ချမ်းသာခြင်းအကြောင်းကို ကျွန်တော်အရင်ကထက် ပိုတွေးနေမိတယ်။ တစ်ခု နဲ့တစ်ခု အပြန်အလှန်အထောက်အကူပြု နေတာကိုလည်း အတွေးနယ်ချဲ့နေမိတယ်။

“အာရောဂျံ ပရမံ လာဘံ” ဆိုတဲ့ ပါဠိစကားအရဆိုရင်တော့ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” လို့ ဆိုကြ တယ်မဟုတ်လား။ ဒီစကားက ဆေးကြော်ငြာတွေမှာ သုံးတာများတယ် ဆိုပေမဲ့ တကယ့်လက်တွေ့ဘဝမှာလည်း မှန်နေတာကို တွေ့နိုင်ပါတယ်။

ပြည့်စုံသူတွေအတွက်ထက် မပြည့်စုံတဲ့သူတွေအတွက် ပိုမိုသင့်တော်တဲ့ စကားပါပဲ။ ကျန်းမာနေရင် အလုပ်လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်ရင် ဝင်ငွေရ မယ်။ ဝင်ငွေရရင် မိသားစုအတွက် စား၊ ဝတ်၊ နေရေး အဆင်ပြေပါမယ်။ ကျန်းမာနေရင် ဆေးဝါးကုသစရိတ်မကုန်တော့ဘူး။ ဒါပေမဲ့ မကျန်းမာရင်တော့ အဲဒါတွေ အားလုံးဟာ ပြောင်းပြန်ဖြစ်ကုန် တော့တာပါပဲ။ ဝင်ငွေမရှိတော့သလို ဆေးဖိုးပါထပ်ကုန်တော့ မိအေးနှစ်ခါနာ ဖြစ်ရပါတယ်။

ဒီလိုနဲ့ပဲ မပြည့်စုံတဲ့သူတွေမှာ အနာရောဂါစွဲကပ်လာရင် လူမှုရေး၊ စီးပွားရေး စတဲ့အရေးပေါင်းစုံဟာ ဆုတ်ယုတ်ကုန် တော့တယ်။ အနာရောဂါစွဲကပ်သူက မိသားစုတစ်ခုကို ဦးဆောင်နေရတဲ့သူ ဖြစ်နေပြန်ရင်တော့ အဲဒီမိသားစုရဲ့ အနာဂတ်ဟာ မှေးမှိန်သွားရတော့တာ ပါပဲ။ တချို့မိသားစုတွေမှာတော့ အိမ်ထောင် ဦးစီးရဲ့ ကျန်းမာရေးချို့တဲ့မှု၊ နာတာရှည် ရောဂါစွဲကပ်မှုဒဏ်ကို သားသမီးတွေရဲ့ဘဝကို ပေးဆပ်ခြင်းနဲ့ ကုစားကြရတဲ့ အထိပါပဲ။

မပြည့်စုံတဲ့သူတွေအတွက် ကျန်းမာခြင်းဟာ လာဘ်တစ်ပါးမှန်းသိပေမယ့် ဘဝအတွက် အပြင်းအထန်ရုန်းကန်ကြရင်း ကျန်းမာရေးကို ဂရုမစိုက်နိုင် ဖြစ်ကြရပြန်ပါတယ်။ ဒီတော့ မပြည့်စုံခြင်းနဲ့ မကျန်းမာခြင်းဟာ နပန်းသတ် ရင်းနဲ့ပဲ ဘဝတွေ လုံးပါးပါးကုန်တော့တယ်။

ဒီနေရာမှာ မပြည့်စုံခြင်းဟာ မိသားစု တစ်စုနဲ့လည်း သက်ဆိုင်သလို၊ နိုင်ငံ တစ်နိုင်ငံလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ နိုင်ငံဆင်းရဲရင် ပြည်သူတွေရဲ့ ကျန်းမာ ရေးကို ကြည့်ရှုစောင့်ရှောက်မှု မပေးနိုင် ပြန်ဘူး။ ပြည်သူတွေရဲ့ ကျန်းမာရေး အသိပညာဗဟုသုတကိုလည်း တိုးတက်အောင်လုပ်မပေးနိုင်ဘူး။ ကျန်းမာရေး အသိပညာဗဟုသုတနည်းတော့ ပြည်သူတွေမှာ အနာရောဂါမျိုးစုံစွဲကပ်လာ တယ်။ နောက်ဆုံး ဆေးဝါးကုသစရိတ်တွေက အစိုးရအတွက်ရော၊ ပြည်သူ အတွက်ပါ ဝန်ထုပ်ဝန်ပိုးဖြစ်လာတော့တယ်။ ဆိုတော့ အစိုးရအတွက်ရော၊ ပြည်သူတွေအတွက်ပါ အကျပ်အတည်း ဖြစ်လာခဲ့ရတယ်။ နောက်ဆုံးတော့ ဆင်းရဲခြင်းဟာ အမြစ်တွယ်နေတော့တယ်။

ကျန်းမာခြင်းဟာ ချမ်းသာခြင်းကို ဖြစ်စေတယ်။ ပိုက်ဆံမချမ်းသာရင် တောင် စိတ်ချမ်းသာမှုကို ရနိုင်တယ်။ စိတ်ချမ်းသာနေရင် အရာအားလုံးကို စွမ်းဆောင်နိုင်တယ်။ ဆိုတော့ ကိစ္စကြီး ငယ်မှန်သမျှကို အောင်မြင်အောင် စွမ်းဆောင်နိုင်ဖို့ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့လိုပါမယ်။ နိုင်ငံတော် ရဲ့အနာဂတ် ပိုမိုတိုးတက်ဖို့ဆိုရင် ပြည်သူတွေကို ကျန်းမာရေးအသိပညာပိုမိုတိုးတက်လာအောင် အစိုးရအနေနဲ့ အခုထက်ပိုပြီးတော့ ကြိုးစားလုပ်ဆောင် ရပါမယ်။

ကျန်းမာလို့ ချမ်းသာသလို၊ ချမ်းသာလို့လည်း ကျန်းမာနိုင်ပါ သေးတယ်။ ဒါပေမဲ့ ခြွင်းချက်တော့ ရှိနိုင်ပါတယ်။ ချမ်းသာလို့ ကျန်းမာ နိုင်ပါတယ်။ ချမ်းသာရင် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းစွာရနိုင်တယ်။ ကျန်မာရေးနဲ့ညီညွတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေကို စားသောက်နိုင်တယ်။ အနာရောဂါစွဲကပ် လာရင်လည်း ခေတ်မီဆေးဝါးတွေနဲ့ ကုသနိုင်တယ်။ ခြွင်းချက်အနေနဲ့ ကတော့ ကိုယ်လက်လှုပ်ရှားမှု အားနည်းလို့ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း၊ အသည်းအဆီဖုံးလို ရောဂါမျိုးတွေ ဝင်လာမှာကိုတော့ စိုးရိမ်ရပါတယ်။

ဒါပေမဲ့ အခုပြောတဲ့ရောဂါတွေက မြန်မာပြည်မှာ ဆင်းရဲချမ်းသာမရွေး အကုန်ဖြစ်နေတော့တယ်။ အစားအသောက်နဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ အစားအသောက်ပုံစံတွေ ပြောင်းလာလို့ ရောဂါစုံလာသလို၊ ဓာတုဆေး ဝါးတွေမကင်းတဲ့ အစားအစာတွေကြောင့်လည်း ရောဂါပေါင်းစုံ ရလာကြတာဖြစ်နိုင်ပါတယ်။

ပီဇာ၊ ဟမ်ဘာဂါတို့လို အနောက်တိုင်းအစားအသောက်တွေကို လူငယ်တွေ ခုံခုံမင်မင်စားသောက်လာခြင်းရဲ့ အကျိုးဆက်က အဝလွန်တာတွေကို ဖြစ်စေပြန်ပါတယ်။ တကယ်တော့ အဝလွန်တာဟာလည်း ရောဂါတစ်မျိုး လို့ ဆိုနိုင်မယ်ထင်ပါတယ်။ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါတွေလည်း ရရှိလာနိုင်ပါသေးတယ်။

ချမ်းသာတဲ့နိုင်ငံတွေမှာ ဆင်းရဲတဲ့နိုင်ငံတွေထက် ကျန်းမာရေးအဆင့်အတန်း ပိုမြင့်ပါတယ်။ ချမ်းသာတဲ့နိုင်ငံက လူတွေဟာ ဆင်းရဲတဲ့နိုင်ငံကလူတွေထက် သက်တမ်းပိုရှည်ကြပါတယ်။ အစိုးရအနေနဲ့လည်း ပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှု ကောင်းကောင်းပေး နိုင်ပါတယ်။ နောက်ပြီးတော့ ပြည်သူ တွေအနေနဲ့လည်း ကျန်းမာရေး ဗဟုသုတ ပိုမြင့်ကြပါတယ်။ ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်းက ကျန်းမာရေးအသိစိတ်ဓာတ်မြင့်မားနေရင် နိုင်ငံတော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေး တဲ့နေရာမှာ ပိုမိုသုံးစွဲစရာမလိုတော့ဘူး။

ကျန်းမာရေးအကြောင်းပြောရင် ကိုဗစ်ကမပါမဖြစ် ပြောဖို့ရှိလာပြန်တယ်။ အခုကိုဗစ်ကပ်ဘေးကြပြန်တော့ ကျန်းမာရေးအသိပညာဗဟုသုတ မြင့်နေရုံနဲ့ မလုံလောက်တော့ဘူး။ စည်းကမ်းလိုက်နာမှုမရှိရင် ထိရောက်မှု မရှိတာ တွေ့ရပြန်တယ်။ ကမ္ဘာ့အချမ်းသာဆုံး၊ အတိုးတက်ဆုံးဆိုတဲ့ နိုင်ငံတွေမှာလည်း ကိုဗစ်ကြောင့် အထိနာနေကြတာ တွေ့ရမှာပါ။ တစ်ခုတည်းသောအား နည်းချက်က စည်းကမ်းမလိုက်နာကြလို့ ပါပဲ။ Mask မတပ်တာ၊ Social Distancing ကို မလိုက်နာတာတွေက ကိုဗစ်ကို စိတ်ကြိုက်ကူးစက်ခွင့်ပေး လိုက်သလိုပါပဲ။

ဒါပေမဲ့ စည်းကမ်းလိုက်နာကြတဲ့ နိုင်ငံတွေမှာတော့ ကိုဗစ်ကြောင့် အထိအနာသက်သာတာကို တွေ့ကြရမှာပါ။ အရေးကြီးဆုံးကတော့ တစ်ဦးချင်း တစ်ယောက်ချင်းကအစ စည်းကမ်း လိုက်နာကြပြီး၊ မိမိကအစ ကာကွယ်ခြင်းကသာ ကိုဗစ်ကို အနိုင်ယူနိုင်မယ့် အဓိကလက်နက်လို့ မြင်မိပါတယ်။ ကာကွယ်ဆေးတွေက ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပြီး စိတ်ချရတဲ့ အခြေအနေတစ်ခုအထိ မရောက်သေးသမျှ အချိန်အတွင်းမှာပေါ့။

အချုပ်အားဖြင့်ဆိုရလျှင် ကျန်းမာခြင်းကြောင့် ချမ်းသာခြင်းကို ရနိုင်ပါတယ်။ ချမ်းသာခြင်းကြောင့်လည်း ကျန်းမာခြင်းကို ရနိုင်ပါတယ်။ ဒါပေမဲ့ အခုရင် ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ဘေး အတွင်းမှာတော့ စည်းကမ်းလိုက်နာခြင်း၊ မိမိကအစ ကာကွယ်ခြင်းတို့ဖြင့်သာ ကျန်းမာခြင်း၊ ချမ်းသာခြင်းကို ရနိုင်မယ်ဆိုတာ သတိပြုကြရပါမယ်။

အားလုံးကိုဗစ်ကပ်ဘေးကို ကျော်လွှားနိုင်ကြပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် ဘဝခရီးလမ်းကို အဆုံးတိုင် လျှောက်လှမ်းနိုင်ကြပါစေ။

သန်းဇော်ဦး (ရလိုင်)