ကိုဗစ်လှိုင်းကြားက မျက်မမြင်သဘင်သည်ဘဝ

ကိုဗစ်လှိုင်းကြားက မျက်မမြင်သဘင်သည်ဘဝ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တစ်ချိန်က စစ်အစိုးရကို အန်တုတော်လှန်ခဲ့သည့် ကျောင်းသားရဲဘော်ဟောင်းကြီးတစ်ဦးသည် ယခုအချိန်တွင်တော့ အလုပ်လက်မဲ့ မျက်မမြင် သဘင်သည်တစ်ဦးဘဝဖြင့် ကိုဗစ်ကာလ ခါးသီးမှုများကို အန်တုတော်လှန်နေရသည်။

“ကျွန်တော်က မျက်မမြင်ဒုက္ခိတ ဆိုတော့ ပိုဆိုးတယ်။ အခက်အခဲက များစွာပေါ့” ဟု သူက ဆိုသည်။

သူသည် တနင်္သာရီ၊ မောတောင် ဒေသမှ စစ်အစိုးရကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ခဲ့ပြီး ကျောင်းသားတပ်ရင်းများ တဖြည်းဖြည်း ဆုတ်ခွာ ပြိုကွဲချိန် သူ့မိသားစုလေးရှိရာ တနင်္သာရီ မြို့လေးသို့ ပြန်လည်ဝင်ရောက် နေထိုင် ခဲ့သူ။

သူ့နာမည်က ဦးဘရီ။
တနင်္သာရီမြို့လေးတွင် မိုးပျံပူပေါင်း ရောင်းသည့်အလုပ်ကို လုပ်ကိုင်ရင်း ဂက်စ်အိုးပေါက်ပြီး သူ့မျက်လုံး တစ်စုံ ကွယ်ခဲ့ရသည်။

ယင်းနောက် ကဇာတ်အဖွဲ့တစ်ခုတွင် နှဲသမားအဖြစ် ဝင်ရောက်ခဲ့သည်။ မျက်မမြင်သဘင်သည်ဘဝဖြင့် ဇနီးသည်အား ရှာဖွေကျွေးမွေးနေသူဖြစ်ပြီး လက်ရှိတွင် မြိတ်မြို့၊ ဇေယျာသီရိရပ်ကွက်၊ အုန်းတောကျောင်း၊ အနောက် လမ်းတွင် လင်မယား နှစ်ယောက်အိပ်ရန် အကျယ်အဝန်းရှိသည့် အိမ်ကလေးတစ်လုံး ငှားကာနေထိုင် နေသည်။

ကိုဗစ်ကာလတွင် အခြားသော လုပ်ငန်းများနည်းတူပင် ဇာတ်သဘင် လုပ်ငန်းများလည်း ရပ်နားနေခဲ့ရသည်။

သဘင်သည်အများစုက ဇာတ်မကရလျှင် တခြားအလုပ် ပြောင်းလုပ်နိုင် သေးသည်။ ကိုဗစ်ကာလ ရသည့်အလုပ် ပြောင်းလုပ်နေကြသည့် သဘင်သည်များက ဒုနဲ့ဒေးရှိနေကြသလို အလုပ်လက်မဲ့နေကြသည့် သူများလည်း ရှိနေကြသည်။

သို့သော် မျက်စိနှစ်ဘက်စလုံး ကွယ်နေပြီး အသက် ၇၀ နားနီးနေသည့် ဦးဘရီ အဖို့ တခြားအလုပ် ပြောင်းလုပ်ရန် အဆင်မပြေ။

တခြားစီးပွားရေးဟူသည်လည်း သူ့တွင်နတ္ထိ။
သူ့တွင်သားသမီးများရှိသော်လည်း ၎င်းတို့မှာ အိမ်ထောင်ရက်သား ကျပြီးနောက် ဘယ်ဆီဘယ်ဝယ် ရောက်နေပြီလည်း ဆိုသည်ကို သူမသိတော့။

အလုပ်လက်မဲ့အခြေအနေဖြင့် စားစရာမရှိတိုင်း အလုပ်ရှင်ဆီက ငွေချေးကာ ဖြေရှင်းနေရသည့်အတွက် အကြွေးများလည်း လည်ပင်းနစ်နေပြီဟု ဦးဘရီ က ဆိုသည်။

“အလုပ်ရှင်လည်း ဒီအလုပ်လုပ်ရမှ ဝင်ငွေရှိတာ နောက်ပိုင်းတော့ ငွေသွားချေးဖို့က အဆင်မပြေတော့ဘူး” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကာလ အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ရိက္ခာနှင့်ငွေကြေး များ ထောက်ပံ့ပေးနေသည်မှာ လေးကြိမ်ရှိနှင့်ပြီ။ သို့သော် တစ်ကြိမ်တစ်ခါမှ မရဖူးဟု ဦးဘရီ ကပြောသည်။

“ဘယ်ရာအိမ်မှူး၊ ဘယ်အုပ်ချုပ် ရေးမှူးမှလည်း စာရင်းလည်းလာ မကောက် လာလည်းမပေးကြဘူး” ဟု ၎င်း က ပြောသည်။

သို့သော် မိတ်ဆွေတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် မြိတ်ခရိုင်၊ ကိုဗစ်ထိန်း ချုပ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီမှ ဆန်နှင့် ရိက္ခာများ သုံးကြိမ်တိုင်တိုင် လာလှူသည်ကိုသာ လက်ခံရရှိဖူးကြောင်း ဦးဘရီက ပြောပြသည်။

နိုင်ငံတော်ကပေးသည့် ကိုဗစ် ထောက်ပံ့ကြေး ရသင့်သူများမရဘဲ မရသင့်သူများ ရနေသည်။ ကိုဗစ် ထောက်ပံ့ရေး စာရင်းကောက်သူ လူကြီး တချို့ စေတနာမမှန်ကြဟု သူကဝေ ဖန်သည်။

“ဒါနဲ့ပတ်သက်ပြီး အမေစုကို သိစေချင်တယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်မှ ပေးသည့်ကိုဗစ် ထောက်ပံ့မှု မရသည်သာမက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးစလုံး မဲမပေးခဲ့ကြရဟု ဦးဘရီက ဆိုသည်။

“မဲတစ်ပြားကို တန်ဖိုးထားတယ်။ ထည့်လည်းထည့်ချင်တယ်။ ဒါပေမဲ့ မထည့်လိုက်ရဘူး” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲနေ့ မရောက်ခင် အချိန်ကတည်းက မဲစာရင်းလာ မကောက်သည့်အတွက် သွားရောက် ပြောဆိုခဲ့သော်လည်း မဲစာရင်းတွင် နာမည်မပါသည့်အတွက် ထည့်ခွင့်မရခဲ့ကြောင်း ၎င်းက ပြောပြသည်။၊

“မှတ်ပုံတင်လည်း အားလုံးအပြည့်အစုံရှိလျက်သားနဲ့ မဲမထည့်လိုက်ရဘူး” ဟု ၎င်းက ညည်းသည်။

သဘင်သည်လုပ်သားအများစုသည် ပင်ပန်းဆင်းရဲသူများပြီး သူ့လို ဘဝတူအများကြီးရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် ဂရုထားပြီး အကူအညီ ပေးစေချင်သည့် ဆန္ဒရှိကြောင်း ဦးဘရီ က ဆိုသည်။

“မွန်းကျပ်နေတဲ့ အဆင့်ကို ရောက်နေရတာ” ဟု သူက ဆိုသည်။

ကိုဆန်း