ကိုယ်စားလှယ်လောင်း ၈၅ ရာခိုင်နှုန်းက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းထား

0
331
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း ရွေးကောက် ပွဲကုန်ကျစရိတ် တင်သွင်းသည့် ကိုယ်စားလှယ် ဒီဇင်ဘာ ၈ ရက်နေ့အထိ စာရင်းအရ ၂၁၉ ဦးရှိသည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲတို့မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်တို့၏ အမည်ကို ကြေညာသည့် နိုဝင်ဘာ ၁၀ ရက်နေ့ မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့ထံ တင်သွင်းရမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၈၅ ရာခိုင်နှုန်းက အသုံးစရိတ်တင်သွင်းထားခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၈ ရက်နေ့ အထိစာရင်းအရ မော်လမြိုင်ခရိုင်တွင် ၉၇ ဦး၊ သထုံခရိုင်တွင် ၁၂၂ ဦးတို့က ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားပြီးဖြစ်သည်ဟု သက်ဆိုင်ရာ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ သိရသည်။

ကုန်ကျစရိတ် တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် သတ်မှတ်ငွေကြေးပမာဏထက် ပိုမိုသုံး စွဲထားသည့် ကိုယ်စားလှယ်လောင်း မရှိဖူးကြောင်း သက်ဆိုင်ရာ ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိ သူတို့က ပြောသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများသည် အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကသာ ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

“ဘယ်နှယောက်ကတော့ သတ်မှတ်ရက်မှာ သွင်းတယ် ဘယ်နှယောက် ကတော့ သတ်မှတ်ရက်မှာ မသွင်းဘူးဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အစီရင်ခံစာ တင်သွင်းရတာပါ၊ အရည်အချင်းပျင်ယွင်းတဲ့ကိစ္စကတော့ ပြည်ထောင်စုကနေ ဆုံးဖြတ်တာ” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် တစ်ဦးသည် မဲဆွယ်စည်းရုံးခွင့်ပြုသည့်နေ့မှစ၍ စုစုပေါင်းငွေကျပ်သိန်း ၁၀ဝ ထက် ပိုမိုသုံးစွဲခြင်း မပြုရဟု ရွေးကောက်ပွဲနည်းဥပဒေတွင် ဖော်ပြပါ ရှိသည်။