ထားဝယ်အမျိုးသားနေ့အား နေရာ ၅၀ ခန့်တွင် ကျင်းပမည်

0
493
ထားဝယ်အမျိုးသားနေ့

ယခုနှစ် မြန်မာလ နတ်တော်လဆန်း ၁ ရက်နေ့(ဒီဇင်ဘာ ၁၅ ရက်) တွင် ကျရောက်သည့် ထားဝယ်အမျိုးသားနေ့ကို ထားဝယ်မြို့ ကမ်းနားလမ်းရှိ ယဉ်ကျေးမှုပြတိုက်အပါအဝင် နေရာ ၅၀ ခန့်တွင် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်လူမျိုးစုစည်းမူ ကော်မတီ(ဗဟို) ထံမှ သိရသည်။

လူစု၊ လူဝေးနှင့်မလုပ်ရဆိုသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်အရ ကိုဗစ်စည်းကမ်း ချက်နှင့်အညီ နေရာတစ်ခုတည်းတွင် မကျင်းပတော့ဘဲ ကျေးရွာများအထိ နေရာဖြန့်ကျက်ကာ ကျင်းပရန် စီစဉ်ထားကြောင်း အထက်ပါကော်တီ ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။

ထားဝယ်အမျိုးသားနေ့

ထားဝယ်အမျိုးသားနေ့ကျင်းပမည့် နေရာများမှာ ထားဝယ်ခရိုင်တွင် ၂၆ နေရာ၊ မြိတ်ခရိုင်တွင် လေးနေရာ၊ ကော့သောင်းခရိုင်တွင် သုံးနေရာ၊ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ မေဃဝတီကျောင်းတိုက်တွင် တစ်နေရာ စုစုပေါင်း ၃၄ နေရာ ကျင်းပရန် ကနဦးလျာထားသော်လည်း နောက်ပိုင်း ထပ်တိုးရွာများနှင့်ပေါင်းပါက ၅၀ ခန့်ရှိ လာနိုင်ကြောင်း ဦးအောင်မျိုးက ဆိုသည်။

နှစ်ကြိမ်ကျင်းပခဲ့ပြီးသော ထားဝယ် အမျိုးသားနေ့တွင် ထားဝယ်မြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင်သာ ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း ကျရောက်သည့် ယခုတတိယအကြိမ်တွင်မူ နေရာ တော်တော်များများကို ဖြန့်ကျက်ကျင်းပ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်အမျိုးသားနေ့

ယမန်နှစ်က ကိုယ်တိုင်လာရောက်ခဲ့သည့် တိုင်ရင်းသားရေးရာ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်မှာ ကိုဗစ်ကြောင့် ယခုနှစ်တွင် မလာရောက်နိုင်တော့ဘဲ ထားဝယ်အမျိုးသားကျင်းပသည့်နေ့တွင် အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြား မည်ဖြစ်သည်။

ထားဝယ်အမျိုးသားနေ့တွင် နှစ်စဉ် ထည့်သွင်းကျင်းပမြဲဖြစ်သည့် နိုင်ငံတော်အလံနှင့် ထားဝယ်အမျိုးသားအလံ တင်ခြင်း၊ ထားဝယ်အမျိုးသားသီချင်း သီဆိုပြီး အလေးပြုခြင်း သဝဏ်လွှာများ ဖတ်ကြားခြင်းတို့ကို ပြုလုပ်ကြမည် ဖြစ်သည်။

တင်ဌေး